မြန်မာရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှု အဆင့်မြှင့်တင်နိုင်ရန် ကင်မရာ ရိုက်ကူးမှုဆိုင်ရာ စာတွေ့၊ လက်တွေ့၊ အသိပညာမျှဝေခြင်း အစီအစဉ် ရန်ကုန်မြို့၌ ပြုလုပ်

ရန်ကုန် ၃၀ ဒီဇင်ဘာ

 

မြန်မာ့ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှုကို အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ် သည့် ကင်မရာရိုက်ကူးမှုဆိုင်ရာ စာတွေ့၊ လက်တွေ့ အသိပညာမျှဝေခြင်း အစီအစဉ်ကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂)ရပ်ကွက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ စတူဒီယို (၁) တွင် ပြုလုပ်သည်။

 

အဆိုပါ အစီအစဉ်ကို စက်မှုအခြေခံ သာရေး၊ နာရေးအသင်းနှင့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ပတ်သက်၍ ကင်မရာ အပိုင်း၊ မီးအလင်း အမှောင်အပိုင်းနှင့် မီးပိုင်းဆိုင်ရာ အပိုင်းများအပြင် ကင်မရာရိုက်ကူးသူများနှင့် အထောက်အကူပြုသူများကို သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ယူရိုက်ကူးမှုပုံစံများကို စာတွေ့လက်တွေ့ အသိပညာမျှ ဝေပေးခဲ့သည်။

 

ထို့သို့ အသိပညာအမျှဝေရာတွင် ကင်မရာအမျိုးအစား စုံလင်စွာ အသုံးပြုကာ ကင်မရာနှင့် မှန်ဘီလူး အမျိုးအစားအလိုက် သုံးပြုမှုအပေါ် အားသာချက် အားနည်းချက်များကိုလည်း စာတွေ့လက်တွေ့ ရှင်းလင်းပြသခဲ့သည့် အပြင် တက်ရောက်လာကြသူတို့၏ အမြင်များနှင့် ပတ်သက်၍လည်း ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

 

အစီအစဉ်နှင့်ပတ်သက်၍ ရုပ်ရှင်ဓာတ်ပုံ အပိုင်းတာဝန်ခံ ကိုစိုင်းအောင်ထွန်း က`` ရှေ့ပိုင်းမှာလည်း ကင်မရာရိုက်ကူးမှုဆိုင်ရာ အတွေ့အကြုံ မျှဝေတဲ့ပွဲလေး လုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲဒီပွဲလေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကင်မရာပိုင်းဆိုင်ရာ လက်တွေ့ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး သူ့ကဏ္ဍအလိုက် တာဝန်ပိုင်းခြား ခွဲဝေယူမှုတွေကို မျှဝေခြင်းပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကို ရည်မှန်းပြီး လုပ်တာပါ။ အခုလိုပြုလုပ်ခြင်းအားဖြင့် ရုပ်ရှင်ရိုက်ကူးမှု အပိုင်းမှာ ပိုမိုထိရောက်မှုရှိပြီး အရည်အသွေး မြင့်တက်လာစေမှာဖြစ်ပါတယ်´´ ပြောသည်။

 

အဆိုပါ အသိပညာမျှဝေခြင်း အစီအစဉ်သို့ မြန်မာ့ရုပ်ရှင်အနုပညာလောကမှ ဒါရိုက်တာများ၊ ကင်မရာရိုက်ကူးသူများနှင့် ရုပ်ရှင် အသိ်ုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ ယင်းကဲ့သို့ ဆောင်ရွင်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှု အပိုင်းတွင် သက်ဆိုင်ရာကဏ္ဍ အလိုက်ကျွမ်းကျင်သူများ ပိုမိုများပြား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး