မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် မောင်မောင်တာနှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

 

ဇူလိုင် ၃ ရက်မှအဆက်

 

ကြည်စိုးထွန်း ။ ။ အစ်ကိုတို့နယ်ကို တော်တော်ထွက်တယ်။

မောင်မောင်တာ ။ ။ အဲဒါကတော့ အထက်မြန်မာပြည် ဗန်းမော်မြို့ စိန်လုံတောင်ကို သွားရိုက်တာ၊ တစ်ခါတည်း တက်ရတာ တောင်ကြီး။ အဲဒီတောင်ပေါ် ရောက်တဲ့အခါကျတော့ ဗမာလူမျိုး မတွေ့ရဘူး။ လူမျိုးတစ်မျိုး တွေ့ရတယ် အဲဒီမှာ။ ကျွန်တော်ထင်တယ်။ ရှေးရှေးတုန်းကဖမ်းလာတဲ့ သုံ့ပန်းတွေက ပေါက်ဖွားတဲ့ လူမျိုးထင်တယ်။ အလွန်လှတဲ့ လူမျိုးတွေ။ မနက်ထမင်းချက်၊ ချက်ပြီးရင် ၁၅ မိနစ်အတွင်းစား၊ မိနစ် ၃၀ ဆိုရင် ခဲသွား ပြီ၊ အဲဒီလောက်အေးတာ။ စိန်လုံတောင် ဆိုတာ။ အဲဒီမှာ အမျိုးသမီးလေးတွေက ဂရိ ၊ Europe က အမျိုးသမီးလေးတွေ အတိုင်းပဲ။ တောင်ပေါ်သူလေးတွေ အဲဒီမှာ သွားရိုက်ခဲ့ပါတယ်။


ကြည်စိုးထွန်း ။ ။ လှဦး ၊ ဒါရိုက်တာနာမည် လှဦး။

မောင်မောင်တာ ။ ။ ဒီကားကလည်း တော်တော်လေး ပင်ပင်ပန်းပန်း။

 

ကြည်စိုးထွန်း ။ ။ တော်တော် ပင်ပင်ပန်းပန်းပဲ။ ကျွန်တော်တို့ ပုံတွေကြည့်ရတာ အစ်ကိုတို့ တကယ့်နေရာ တွေကို သွားပြီးတော့ အဲဒီမှာ Scenes တွေ တော်တော်လှပါတယ် ကြည့်ရတာ။

 

မောင်မောင်တာ ။ ။ ကားပေါင်းလေးဆယ်လောက်ထဲမှာ စောစောတုန်းက “လူထုအောင်သံ” က ထိပ်က။ “ဤလူ့ဘောင်တွင်” ၊ “မျှော်တလင့်လင့်”၊ “သစ္စာမဏ္ဍိုင်” ဆိုတဲ့ ကားပါသေးတယ်။ ဗိုလ်ဗကိုရယ်၊ ကျွန်တော်ရယ်၊ မြင့်မြင့်ခင်ရယ်။

 

ကြည်စိုးထွန်း ။ ။ နောက်တစ်ခု အစ်ကို “ခွင့်လွှတ်ပါတယ် မောင်ရယ်”

 

မောင်မောင်တာ ။ ။ “ခွင့်လွှတ်ပါတယ်မောင်ရယ်” ဆိုတဲ့ကားက မီးနေတွင်းမှာ ကလေးဆုံးလို့ သူက ဦးနှောက်ပျက်သွားတာ၊ ဇနီးသည် မသက်ပန်လုပ်တာ။ သူထိန်းတဲ့နေရာမှာ တစ်နေ့ကျတော့ ကုက္ကိုင်းထဲမှာ သူက ရေထဲဆင်းသွား တယ်။ စိတ် မကောင်းတဲ့၊ စိတ်နောက် တဲ့သူက ရေထဲဆင်းသွားတော့ ကျွန်တော်က ကမ်းဘေးက ဘာလုပ်ရမှန်း မသိဘူး။ ကျွန်တော်က လိုက်လေ၊ သူက ပြေးလေပဲ။ ဆိုတော့ ဆက်လိုက်ရင်း ဆက်ပြေးရင်းနဲ့ မြုပ်ဖို့ပဲရှိမယ်။ သူက ရူးနေတာ။ ကျွန်တော်က ရပ်ဆိုပြီး နောက်ဆုတ်ပေး လိုက်တယ်။ အိမ်ထဲ ပြန်ပြေးတယ်။ ကလေးရဲ့ နို့ပုလင်းယူလာပြီးတော့ နို့ပုလင်းကို ပြတဲ့အခါ ကျမှ နို့ပုလင်းဆီ လိုက်လာတယ်။ အဲဒါနဲ့ ဆွဲခေါ်တော့မှ အိမ်ထဲ ပြန်သွင်းရတယ်။ အဲဒါနဲ့ စိတ္တဇဆေးရုံကို သွားပို့ထားတဲ့အချိန်မှာ ကျွန်တော်က အမေရိကန်သံရုံး သံအရာရှိ အမျိုးသမီးတစ်ယောက်နဲ့ ရိုးရိုးပြောရရင် ဖောက်ပြန်လာတယ်ဆိုပါတော့ဗျာ။ အဲဒါကို စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ မသက်ပန်က ဆေးရုံမှာ၊ ဆင်းမယ့်နေ့နဲ့ သူ့ကို အမေရိကန် နိုင်ငံက အမိန့်ကျတယ်၊ ပြန်ဖို့၊ အီသီယိုးပီး ယားပြောင်းဖို့ဗျာ အမိန့်ကျတယ်။ သူကလည်း လေယာဉ်ပျံ ထွက်သွားပြီးတော့ အီသီယိုးပီးယားသွားတယ်။ မသက်ပန်က လည်း အထဲကနေ ပြန်ပြီးတော့ ထွက်လာတယ်။ သူ ရူးသွားတာက သူ့ကလေး ဆုံးသွား တာကြောင့်ကိုး။

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ကောင်းသွား တယ်ပေါ့။ Happy Ending ပေါ့ ။ ဪ -တော်သေးတာပေါ့။

 

မောင်မောင်တာ ။ ။ အဲဒါကြောင့် ခွင့်လွှတ်ပါတယ်မောင်ရယ်ဆိုတာက သူက ပြောတာပေါ့။ မသက်ပန် ကပြောတာ။

 

ကြည်စိုးထွန်း ။ ။ ဇာတ်လမ်းက တော်တော် ထူးဆန်းတယ်နော်။ အစ်ကို ကြည့်ရတယ်။ အစ်ကို ကျွန်တော် ငယ်ငယ်တုန်းက မှတ်မိတာတော့ အဲဒါပဲ မှတ်မိတော့တယ်။ နို့ဘူးလေးကို အစ်ကိုကကိုင်ထား တော့ မသက်ပန်က ရေထဲကနေ တဖြည်းဖြည်း တက်လာတာလေး။

 

မောင်မောင်တာ ။ ။ နောက်တစ်ခု ကျွန်တော်ထွင်လိုက်တာက အဲဒီထဲမှာ ဘာလဲဆိုတော့ ကလေးသိပ် ထားတဲ့ပုခက်ထဲမှာ ဟိုက ကြောင်ကို ပြလိုက်တယ်။ ကလေးကို ကြည့်နေတဲ့၊ ကလေးက မျက်နှာလေးတင် ပေါ်နေတာ။ infant ပေါ့၊ ငယ်ငယ်လေး၊ မျက်နှာတင်ပေါ်နေတော့ ကြွက်လိုလို။ အဲဒီကြောင်က ပုခက်ထဲ ဝင်ကိုက်လိုက်တာ။ ကိုက်တော့ ခုန်ထွက်၊ အဲဒါတော်တော်လေးကြာတယ် ရိုက်ရတာ။

 

ကြည်စိုးထွန်း ။ ။ Horror ပေါ့နော် အဲဒီကား။ Horror လို့ ပြောလို့ရမလား မသိဘူး။ အဲဒီဟာကို ကျွန်တော် ခံစားနေရတာတော့ Horror လို ခံစားနေရတယ်။

 

မောင်မောင်တာ ။ ။ ဟုတ်လား ရိုက်တုန်းကတော့ မရည်ရွယ်ပါ ဘူး။ ရိုးရိုးလေးပဲ အိမ်ထောင်ရှင်ဘဝနဲ့ မိန်းမ မရှိအောင် လုပ်လိုက်တဲ့နည်းကတော့ ခုနတုန်းက ကလေးမွေးပြီးတော့ ကလေးကို သူ့ရှေ့မှာပဲ အလောင်းယူသွား တော့ အဲဒါစွဲပြီး တော့ဖြစ်တာ။ သူဆင်းလာတဲ့နေ့မှာ ကျွန်တော်ဒါရိုက်တာအနေနဲ့ ကွန့်ထားတာ။ စောနက ကွန့်လိုက်တာခေါ်တာပေါ့။ ဆင်းလာတဲ့နေ့မှာ စိတ္တဇဆေးရုံကအထွက်မှာ ကလေးမသာချသွားတာကို သူက သွားမြင်တယ်၊ ပြန်ရူးတယ်၊ အဲဒီမှာ ပြန်အပ်ရတယ်၊ ခဏပြန်အပ်ပြီး ပြန်ထုတ်ရတယ်။

 

ကြည်စိုးထွန်း ။ ။ သြော်- အဲဒီလို။

မောင်မောင်တာ ။ ။ ထွက်လာတဲ့ အချိန်ကတော့ အဲဒါမြင်ပြီးတော့ သူက အော်တာ။ အင်္ဂလိပ်လိုတော့ Scream ပေါ့လေ။ ငယ်သံပါအောင် အော်တာပေါ့။

 

ကြည်စိုးထွန်း ။ ။ အဲဒါကြောင့် အဲဒီကားတထိတ်ထိတ်နဲ့ ကြည့်နေရတဲ့ကား။

 

မောင်မောင်တာ ။ ။ အမေရိကန် သံရုံးကအမျိုးသမီးကို မကြော်ငြာခဲ့ဘူး။ သူက ဝါသနာအလျောက်-

 

ကြည်စိုးထွန်း ။ ။ ဪ - အဲဒီလို ပါတာ။ ထူးထူးခြားခြား ရိုက်နိုင်တာပေါ့နော်။ ဟန်ကျသွားတာပေါ့ ။ နောက်တော့ အစ်ကို။ ဒီကားပေါင်း လေးဆယ်ကျော်ရိုက်တဲ့ အထဲက နောက်ဆုံးဟာကျတော့ ဘယ်ကားဖြစ်မလဲ။

 

မောင်မောင်တာ ။ ။ “သူ့အကြောင်းနဲ့ သူ...”သူ့အကြောင်းနဲ့ သူက နောက်ဆုံးကား။ ကျွန်တော်နဲ့ ကြည်ကြည်ဌေး က ဇနီးမောင်နှံ သားနှစ်ယောက်က ဇော်ဝမ်း၊ ကျော်ဟိန်း။ သူတို့ ဇာတ်ကားထဲမှာ ပိုးတာက ခင်သန်းနု၊ အဲဒီဇာတ်လမ်းလေးပေါ့လေ။

 

ကြည်စိုးထွန်း ။ ။ သြော် - ခင်သန်းနုလည်း ပါတယ်။

 

မောင်မောင်တာ ။ ။ ခင်သန်းနုလည်း ပါပါတယ်။ ဇာတ်ကားလေးကလည်း ကောင်းပါတယ်။ ကျွန်တော် သိပ်ဇာတ်ကားတော့ မများပါဘူး။ လေးဆယ်ဆိုတာ မေးလိုက်ရင် တစ်ရာတို့ နှစ်ရာတို့ ပြောကြတယ်။ ဘယ်လိုလုပ်ပြီး တစ်ရာ နှစ်ရာ ဖြစ်လဲမသိဘူး။

 

ကြည်စိုးထွန်း ။ ။ မရှိဘူး၊ မရှိနိုင်ဘူး အစ်ကိုရဲ့။ အခုတော့ နည်းနည်းတော့ များကြတာပေါ့လေ။ ကျွန်တော်တို့ ဆိုလည်း ပြန်စဉ်းစားကြည့်လိုက်ရင် ဘယ်နှကားရိုက်ဖူးလဲဆိုရင် ကိုယ့်ဟာကိုယ်လေးဆယ် ကျော်လောက် အောက်မေ့နေတာ။ ပြန်တွက်ကြည့်လိုက်တော့ သုံးဆယ့်သုံး-လေး ကားလောက်ပဲရှိတယ် အစ်ကိုရဲ့၊ ကိုယ့်ဟာ ကိုယ် လေ ရိုက်တဲ့ကားက ရုပ်ရှင်ကားကြီး ရိုက်တာ။ ဒီလောက်များများစားစားကြီး မရိုက်နိုင်ကြ ဘူး။ အားကလည်း ထည့်ကြရတာကိုး။ အစ်ကို တို့ခေတ်ကဆို ပိုဆိုးတာပေါ့။ တကယ့် အား ထည့် ရိုက်ရတာ။ အခုကတော့ ကျွန်တော် တို့ကတော့ အစ်ကို့ကိုတော့ ငြိမ်းချမ်းရေးတမန် အနေနဲ့လည်း ဂုဏ်ယူပါတယ်။ စွဲနေတာ ကတော့ မောင်မောင်တာပဲ စွဲနေပါတယ်။ ငယ်ငယ်တည်းကလည်း မောင်မောင်တာပဲ ကြည့်ပြီးတော့ မြင်လိုက်ရင်လည်း ငြိမ်းချမ်းရေး တမန်ကြီးလို့ မမြင်ဘဲနဲ့ ဟာ - မင်းသားကြီး မောင်မောင်တာလို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။ မြင်တော့ အစ်ကိုရေ ရုပ်ရှင်ကတော့ အစ်ကိုလည်း သံယောဇဉ်ရှိတော့ ရုပ်ရှင်သမားတစ်ယောက်နဲ့ပဲ စကားပြောနေရတာကိုး။ ကျွန်တော်ကလည်း ရုပ်ရှင်သံယောဇဉ်ရှိနေတဲ့အခါကျ ရုပ်ရှင်စကားဝိုင်းလေးကနေပဲ ရုပ်ရှင်သမိုင်းပေါ့လေ။ မြန်မာ့ရုပ်ရှင်သမိုင်းတစ်ခုကို အဘက်ဘက်ကနေ ပြည့်စုံအောင် မှန်ကန်အောင်ပေါ့လေ။ အမှားအယွင်းမရှိအောင် ထိန်းတဲ့အနေနဲ့ကလည်း ကျွန်တော်ကလည်း ဒါလေးကို လုပ်ခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီစကားဝိုင်းမှာ အစ်ကိုဟာ ဒီအသက်အရွယ် မျိုးနဲ့ လန်းလန်းဆန်းဆန်းနဲ့ ကိုယ့်ကားကိုယ် မောင်းပြီးတော့ ပါဝင်ဆွေးနွေးပေးတဲ့အတွက် လည်း ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ အဲ- အစ်ကို အခုသတိရတဲ့ဟာတွေလည်း ပြောနိုင်ပါတယ်။ ဒီထဲကမှ အစ်ကိုပြောစရာ မရှိဘူးဆိုရင်တော့ ရုပ်ရှင်လောကသား သို့မဟုတ်လည်း လူငယ်များနဲ့ပတ်သက်ပြီးတော့ ဆိုဆုံးမဩဝါဒပေးစရာ သို့မဟုတ် အကြံဉာဏ်ပေးစရာ တိုက်တွန်းစရာရှိရင်လည်း ပြောပါအစ်ကို။

 

မောင်မောင်တာ ။ ။ ဒီကနေ့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်နဲ့ လုပ်ဖော်လုပ်ဖက် ဇေယျပဲ ကြည့်ကြည့်၊ ဗိုလ်ဗကိုပဲ ကြည့် ကြည့်၊ ကောလိပ်ဂျင်နေဝင်းပဲကြည့်ကြည့်၊ မြတ်လေးပဲ ကြည့်ကြည့်၊ ထွန်းဝေပဲ ကြည့်ကြည့် မရှိကြတော့ဘူး။

 

ကြည်စိုးထွန်း ။ ။ မရှိကြတော့ဘူးအစ်ကို မှန်ပါတယ်။

 

မောင်မောင်တာ ။ ။ တစ်ယောက်မှ မရှိကြတော့ဘူး။ မြင့်အောင်လည်း မရှိ၊ ရွှေဘလည်း မရှိ၊ တင်ညွန့်လည်း မရှိ။ မောင်မောင်တာ တစ်ယောက်ပဲ ဘာ့ကြောင့် ရှိသလဲလို့ဆိုရင် ကျွန်တော်က စကားလက်ဆောင်ပေးချင်ပါတယ်။ ရုပ်ရှင်မင်းသားတွေကို ဆတ်ခနဲ ဆိုပြီးတော့ ပိုက်ဆံတွေ များလာကြတယ်။ ကိုယ်လုပ်ချင်တာတွေကို တစ်ထိုင်တည်း လုပ်ပစ်လိုက်တယ်။ အင်အားရှိသလောက် လုပ်ပစ်လိုက်တယ်။ အဲဒီမှာ လူနာတယ်။ အဲဒီမှာ ကျွန်တော်အကုန်လုံး လုပ်တယ်။ မှားတာ၊ မှန်တာ အကုန်လုံးလုပ်တယ်။ နည်းနည်းပဲလုပ်တယ်။

 

ကြည်စိုးထွန်း ။ ။ ဟား ဟား ဟား ဟား သိပ်ကောင်းတယ်။

 

မောင်မောင်တာ ။ ။ နည်းနည်းပဲလုပ်တယ်။

 

ကြည်စိုးထွန်း ။ ။ အများကြီးမလုပ်ပါနဲ့။

 

မောင်မောင်တာ ။ ။ အရက်ကြိုက်တယ်။ သောက်ပါ။ ကျွန်တော်မကြိုက်ပါဘူး။ သောက်တတ်ပါတယ်။ ဒါပေမယ့် တစ်ခွက်ထက်တော့ ပိုမသောက်ဘူး။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်ခင်ဗျ။

 

မောင်မောင်တာ ။ ။ အရက်ကို သုံးတတ်ရင် ကျန်းမာဦးမယ်။ အဲဒါတွေက လွှမ်းမိုးသွားတော့ အကုန်လုံးတော့ ထည့်မပြောချင်ပါဘူး။ ဒါပေမယ့် ကြိုက်တာတွေ ရှိကြတယ်။ အများကြီးလုပ်ကြတယ်။ အဲဒီမှာ အသက် တိုကုန်ကြတာပဲ။

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ အခုခေတ် လူငယ်များကိုလည်း။

မောင်မောင်တာ ။ ။ အလွန့်အကျွံမလုပ်ပါနဲ့။ ဒါကိုစဉ်းစားဖို့ အဓိက။ ကျွန်တော် အသက်ရှည်နေလို့ ဒီလိုပြောနိုင်တာ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်အစ်ကို ဟုတ်ပါတယ်။

 

မောင်မောင်တာ ။ ။ ကျွန်တော် ဒီလို ကျန်းကျန်းမာမာဖြစ်အောင် ဘာဘာလုပ်သလဲဆိုတာ တချို့က နိုင်ငံခြားမှာတောင်မေးတယ်။ ကျွန်တော်က နိုင်ငံခြားမှာ၊ ကိုရီးယားမှာ I am the oldest dedicate in this conference ကျွန်တော် အသက်အကြီးဆုံးလို့၊ ကျွန်တော့်ထက် အသက်ကြီးတာ တစ်ယောက်ပဲ ရှိတယ်လို့၊ ထူထောင်ခဲ့တဲ့လူ ဒေါက်တာမွန်းဆိုတာ အသက် ၉၀ သူက။ ကျွန်တော်က ၈၄။ conference မှာ ကျွန်တော် အသက်အကြီးဆုံး လို့ ဘာကြောင့်လဲ သိလားလို့ ပြောပါဦးတဲ့ သူတို့က။ နံပါတ်တစ်လို့ တကယ်လည်း ကျွန်တော် လုပ်ခဲ့တာရှိတယ်။ ကျွန်တော် ပျားရည်များများ သောက်တယ်။

 

ကြည်စိုးထွန်း ။ ။ ဪ- ပျားရည်သောက်တယ်။

 

မောင်မောင်တာ ။ ။ များများဆိုတာ အများကြီးသောက်တာ ပြောတာမဟုတ်ဘူး။ တစ်နေ့တစ်ဇွန်းတော်ပြီ။ ကျွန်တော်ထင်တယ်။ ကျွန်တော် မသောက်ဘူးဆိုရင် ရေနံဆီပုံးနဲ့ လေးပုံးငါးပုံးကုန်သွားပြီ ဘဝမှာ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒီတစ်ဇွန်း၊ တစ်ဇွန်းကို ပြန်စဉ်းစားကြည့်ရင်။

 

မောင်မောင်တာ ။ ။ တစ်နေ့ တစ်ဇွန်းပဲလိုတယ်။ တစ်နေ့ တစ်ဂါလန် သောက်ဖို့မလိုဘူး။ အရက်လည်း တစ်နေ့တစ်ဇွန်း သောက်တာပဲ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကို။ နောက်တစ်ခုက အစ်ကို။

 

မောင်မောင်တာ ။ ။ ကျွန်တော် ပြောခဲ့သလိုပေါ့။ ခင်ဗျားတို့နိုင်ငံမှာတော့ မရှိဘူးလို့။ ကျွန်တော် မြင်းခွာရွက် စားတယ်လို့၊ သင်္ဘောသီး စားတယ်။ မြင်းခွာရွက်၊ သင်္ဘောသီး၊ ပျားရည်၊ နွားနို့လည်းပါတယ်လို့ ကျွန်တော်တို့ ဗမာ ဆေးကျမ်းထဲမှာ။ ဆိုတော့ ဘာပဲလုပ်လုပ်။

 

ကြည်စိုးထွန်း ။ ။ အလွန်အကျွံ မလုပ်ပါနဲ့ ၊ များများစားစားမလုပ်ပါနဲ့၊ သင့်တင့်မျှတရုံပဲလုပ်ပါ။ နောက်ပြီး တော့ ပျားရည်တစ်ဇွန်းလောက်ပါပဲ။ များများစားစားတော့ မလုပ်ပါနဲ့။

 

မောင်မောင်တာ ။ ။ သောက်တာများသွားတော့ အိမ်မှာ ပျားရည်မရှိလို့တော့ မဟုတ်ဘူး။ ပျားရည် ပုလင်းထောင်ထားတာ ရှိတယ်။ ကျွန်တော် ဒီအချိန်မှာ မသောက်ချင်ဘူး ဖြစ်နေတယ်။ မလိုလို့ မတောင့်တတာ လားတော့ မသိဘူး။ များသွားတယ်ဆိုရင်ရှိတယ် နေ့တိုင်း မသောက်ချင်ဘူးဗျ။ အရင်တုန်းကဆိုရင် ဆေးလိုပေါ့။

 

ကြည်စိုးထွန်း ။ ။ ဒီ ဆွေးနွေးခန်းမှာဆိုရင် အစ်ကို့ဆီက အများကြီး ကျွန်တော်တို့ မကြားဖူးတဲ့ ဗဟုသုတတွေလည်း ကြားရတယ်။ မသိရတာတွေလည်း သိရပါတယ်။ နောက်ပြီးတော့ ခုနကလို လူငယ်များကို အလွန်အကျွံမလုပ်ဖို့၊ လောဘလေးသတ်ပြီးတော့ အတိုင်းအဆ လေးနဲ့လုပ်ဖို့၊ နောက်ကျန်းမာရေးလမ်းညွှန် တွေကို ပေးတဲ့အတွက်လည်း အစ်ကို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီစကားဝိုင်းကို လာရောက်ဆွေးနွေးပေးတဲ့အတွက်လည်း အထူးကျေးဇူး တင်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့ ကျေးဇူးတင်တဲ့ အနေနဲ့ အစ်ကိုလည်း အမိမြန်မာနိုင်ငံက တက္ကသိုလ်ကပေးတဲ့ ဒေါက်တာဘွဲ့ရပါစေလို့ ကျွန်တော်တို့ကလည်း ဆုတောင်းပေးပါတယ် အစ်ကို။ ကျေးဇူးတင်ပါတယ်။

 

မောင်မောင်တာ ။ ။ ကျေးဇူးတင်ပါတယ်။ လိုချင်တာ ပြောရတာကိုးဗျ။

 

ကြည်စိုးထွန်း ။ ။ ဆန္ဒရှိရင် ဖြစ်ပါတယ်အစ်ကို။ ဆန္ဒာ အဓိပတိ ဆန္ဒသာကဲရင် ရပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ရာပြည့်ရှိတယ်အစ်ကို။ အဲဒီကျရင် အစ်ကိုဟာ နှစ်ထပ်ကွမ်း ဒေါက်တာ မောင်မောင်တာနဲ့ ကျွန်တော် ထပ်မံတွေ့ ဆုံပါစေဦးလို့ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ် အစ်ကို။   ။