မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သလို နိုင်ငံသူ နိုင်ငံသားတွေရဲ့ အနုပညာချစ်မြတ် နိုးမှုအပေါ်မူတည်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာဖြစ်တဲ့အတွက် အင်မတန်မှအရေးကြီး

ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သလို နိုင်ငံသူ နိုင်ငံသားတွေရဲ့ အနုပညာချစ်မြတ် နိုးမှုအပေါ်မူတည်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာဖြစ်တဲ့အတွက် အင်မတန်မှအရေးကြီးတယ်လို့ထင်ပါတယ်

အလင်္ကာကျော်စွာ မြင်းမူမောင်နိုင်မိုး

 

ခေတ်အဆက်ဆက် တည်ရှိခဲ့သော မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု မြန်မာ့ရိုးရာအနုသုခုမပညာ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ တိမ်မြုပ်ပျောက်ကွယ်မသွားစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့နှင့် လျော်ညီစွာ တည်ရှိခဲ့သော ယဉ်ကျေးမှုအနုပညာစံနှုန်းများခိုင်မာတည်တံ့စေရန်၊ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ဖော်ထုတ်လျက် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပညာ အမွေပေးရန်ကြီးမားသော အထောက်အပံ့ဖြစ်စေသည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ လက်ရှိအချိန်တွင် (၂၄)ကြိမ်ရှိခဲ့ပြီဖြစ်သည်။

 

ယခုကျင်းပလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိပြီး အမှတ်ပေးအကဲဖြတ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အလင်္ကာကျော်စွာ မြင်းမူမောင်နိုင်မိုး

အရေးပြိုင်ပွဲ အကဲဖြတ်ဒိုင်

 

သီချင်းရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုရင် ရေးချင်တဲ့ဝါသနာ ပြင်းထန်ဖို့လိုပါတယ်။ ကဗျာလင်္ကာကိုလည်း ထိုက်သင့်သလောက် တတ်ကျွမ်းရမယ်။ သီချင်းမှာ ကာရန်ပါသလို ကဗျာမှာလည်း ကာရန်ပါတယ်။ ကဗျာကာရန်ရဲ့ အခြေခံကို နားလည်မယ်ဆိုရင် သီချင်းရေးတာမှာ အခက်အခဲမရှိရေးနိုင်မယ်။ စာပေနှံ့စပ်မှုရှိမှ ရေးရမယ့်သီချင်းရဲ့ ဦးတည်ချက်က ဘာလဲဆိုတာသိမယ်။ လူတွေရဲ့ စိတ်ဓာတ်တတ်ကြွစေမယ့် သီချင်းမျိုးရေးမယ်ဆိုရင် ဝီရရသမြောက်တဲ့ စကားလုံး အသုံးအနှုန်းအဖွဲ့တွေ လိုအပ်သလို ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ သီချင်းမျိုးဆိုရင် အချစ်နဲ့ပတ်သက်တဲ့ စကားလုံးတွေ အနုအရွလေးတွေ သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့် စာပေ၊ ကဗျာ၊ ပျို့၊ အလင်္ကာဆိုတဲ့အတိုင်း ကဗျာတို့၊ စာပေတို့၊ သီချင်းတို့ ဆက်စပ်နေတာဖြစ်လို့ စာပေမှာ ရသကိုးပါး၊ ဂုဏ်ဆယ်ပါးရှိသလိုပဲ တေးသီချင်းမှာလည်း ရသတွေ၊ ဂုဏ်တွေမြောက်ဖို့ လိုပါတယ်။

 

တေးရေးတဲ့နေရာမှာလည်း ပေးထားတဲ့ခေါင်းစဉ်တွေက ဇာတိပုညဂုဏ်မာန၊ ထိန်းသိမ်းစို့လေရိုးရာအမွေ၊ ဗလငါးတန်နဲ့ ပတ်သက်တဲ့ သီချင်းခေါင်းစဉ် စတဲ့သီချင်းခေါင်းစဉ်တွေပေးထားတဲ့အတွက် ခေါင်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဇာတိပုညဂုဏ်မာနဆိုတာကတော့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ဖို့၊ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို ချစ်မြတ်နိုးဖို့၊ သီချင်းစာသားထဲမှာ အားမာန်ပါတဲ့ စကားလုံးတွေပါဖို့လိုပါတယ်။ အဲဒီမှာ အချစ်သီချင်းရေးသလို ဖွဲ့နွဲ့နေလို့ရှိရင် ခေါင်းစဉ်နဲ့စာသား ကိုက်ညီမှုမရှိဖြစ်မယ်။

 

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကတော့ ပြိုင်ပွဲတွေ အများကြီးရှိပါတယ်။ တေးရေးပြိုင်ပွဲနဲ့ ပတ်သက်ပြီးမေးတော့ တေးရေးနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။ တေးရေးဆိုတာ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ နိုင်ငံတော်ကို အထောက်အကူပြုတဲ့သီချင်းတွေ အများကြီးပေါ်ပေါက်ခဲ့တယ်။ ဒီသီချင်းတွေက နိုင်ငံသူနိုင်ငံသားတွေ စည်းလုံးညီညွတ်ရေး၊ တစ်ဦးပေါ်တစ်ဦးယုံကြည်မှု၊ ငြိမ်းချမ်းမှု၊ ချစ်ကြည်မှု၊ လက်တွဲနေထိုင်မှုတွေအပေါ် အများကြီးအထောက်အကူ ပြုမှာဖြစ်တဲ့အတွက် ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သလို နိုင်ငံသူနိုင်ငံသားတွေရဲ့ အနုပညာချစ်မြတ်နိုးမှုအပေါ်မူတည်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်တဲ့အတွက် အင်မတန်မှ အရေးကြီးတယ်လို့ ထင်ပါတယ်။

 

မွန်ပြည်နယ်အောင်နိုင်

ဆိုင်းအတီးပြိုင်ပွဲ နည်းပြ

စစ်ကိုင်းတိုင်းဒေသကြီး

 

ကျွန်တော်က ဦးစိန်လှမြိုင်ရဲ့ မွေးစားသားပါ။ ဦးစိန်လှမြိုင်မရှိတော့တဲ့နောက်ပိုင်းမှာ ဆိုင်းပညာကို မျိုးဆက်သစ်တွေ အများကြီး မွေးထုတ်ပေးထားပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာမှာဆိုရင် တပည့် ၈၀ ကျော်ရှိသွားပါပြီ။ အခုဆိုင်းအတီးပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ လမင်းထက်ကလည်း အားထားရတဲ့ တပည့်တစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့ အခုလက်ရှိမှာ မွန်ပြည်နယ်အောင်နိုင်ဆိုပြီး ဗလာဆိုင်းထောင် ထားပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်းနဲ့ ပတ်သက်ပြီး ရွှေတံဆိပ်သုံးဆုကို ပထမဆုံးရရှိထားပါပြီ။ ၁၉၉၄ ခုနှစ်မှာ ပညာရှင်အဆင့် အဖွဲ့လိုက်၊ ပညာရှင်အဆင့် ပတ္တလား၊ ၁၉၉၈ ခုနှစ် ရာမယဏ ဇာတ်တော်ကြီးမှာလည်း အကောင်းဆုံးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ အခုအချိန်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်က ပြိုင်ပွဲဝင်မယ့် နည်းပြတွေ အကူအညီတောင်းလို့ ခေါ်တဲ့အချိန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလိုက်ပြီး နည်းပြအဖြစ်နဲ့ပဲ ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော့်တပည့် လမင်းထက်နဲ့အဖွဲ့ ယှဉ်ပြိုင်သွားတာ သင်ထားတဲ့အတိုင်းဖြစ်သလို ဒိုင်တွေရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်နဲ့ ညီအောင်လည်း သင်ပေးထားပါတယ်။ ဒီလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို နှစ်စဉ်မပြတ် ကျင်းပပေးသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒါမှလည်း မြန်မာ့ရိုးရာဆိုတဲ့ ဆိုင်းပညာမပျောက်ကွယ်သွားရေး၊ တိုးတက်မြင့်မားရေး ဖြစ်တဲ့အတွက် မျိုးဆက်သစ်တွေရဲ့ ရှေးရေးလက်ဆင့်ကမ်းအမွေကို ပေးခဲ့လို့ဖြစ်မှာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲတွေမရှိရင် စီးပွားရေးဆန်ဆန်ပဲလုပ်စားပြီး ပညာရဲ့တန်ဖိုးဆိုတာကို လက်ဆင့်ကမ်းသယ်ယူဖို့ မရှိဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာကိုလည်း နိုင်ငံတော်ရဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

 

ဦးကောင်းမြတ်ဝေ

ပညာရှင်အဆင့် ပထမတန်း နှဲအတီးပြိုင်ပွဲဝင်

မွန်ပြည်နယ်

 

လက်ရှိအချိန်မှာ ကျွန်တော်တတ်ထားတဲ့ နှဲပညာကိုလည်း မပျောက်ပျက်ရအောင်လို့ လာရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ အပြင်မှာတော့ အနုပညာလုပ်ငန်းအနေနဲ့ ကီးဘုတ်တီးပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက ကျင်းပပေးတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ တတ်ကျွမ်းထားတဲ့ နှဲအတတ်ပညာကို မျှဝေတဲ့သဘောနဲ့ ယှဉ်ပြိုင်ဖြစ်သလို ဆရာတွေနဲ့လည်းတွေ့ရပြီး နှဲအတတ်ပညာနဲ့ ပတ်သက်တဲ့ သီချင်းအသစ်တွေလည်းထပ်ရလို့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

 

ပြိုင်ပွဲဆိုပေမယ့် ညီအစ်ကိုတွေ အနုပညာကို ဖလှယ်တဲ့သဘောပါပဲ။ နှဲပညာနဲ့ ပတ်သက်ပြီး ခုနစ်နှစ်သားကတည်းက လေ့လာဆည်းပူးခဲ့တာပါ။ မျိုးရိုးစဉ်ဆက်ကို ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်ရွာစားကြီး အလင်္ကာကျော်စွာ စိန်စတင်းနဲ့ လက်တွဲဖော်ဖြစ်တဲ့ ဓနုဖြူဦးသိန်းမောင်ဆိုတာက ကျွန်တော့်ရဲ့ဘိုးအေပါ။ လက်ဦးဆရာက ဦးစိုးမြင့်ပါ။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်အောင် သင်ကြားပေးခဲ့တဲ့၊ အခုအချိန်အထိ လက်ရှိဆရာဖြစ်သူကတော့ ဦးစိန်မင်းနိုင်နဲ့ ရေနံ့သာညွန့်ဝင်းနိုင်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ ဆရာ့ဆရာတွေကလည်း အများကြီးပါပဲ။ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်မှာ အချိန်အများကြီး လေ့ကျင့်ခဲ့ပါတယ်။ အခြား အိုးစည်၊ ဒိုးပတ်၊ ဆိုင်းအဖွဲ့ လိုက်နဲ့ နှဲတစ်ကိုယ်တော်၊ ပလွေတစ်ကိုယ်တော် ယှဉ်ပြိုင်နေခဲ့တာပါ။

 

ပြိုင်ပွဲကျင်းပပေးတာကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့ အနုပညာသည်တွေအနေနဲ့ ဆုရခြင်းမရခြင်းထက် နိုင်ငံတော်က ကြီးမှူးကျင်းပပေးတာ ဖြစ်တဲ့အတွက် အနုပညာရပ်တွေနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာဖြစ်တယ်။ ကျွန်တော်တို့ ဆရာတွေပြောတာကတော့ အနုပညာဆိုတာ မြစ်ကို အလျားလိုက်ကူးသလို ကုန်တယ်လို့ မရှိဘူး ဆိုသလိုပဲ လေ့လာလို့လဲ မကုန်ပါဘူး။ ကျွန်တော်တို့အနုပညာရှင်တွေ အတွက်လည်း ပညာတွေတိုးပွားပါတယ်။ ဆုတံဆိပ်မရလည်း ဝမ်းမနည်းပါဘူး။ အခြားညီအစ်ကိုတွေ ရရှိမှာပဲလို့ ခံယူထားပါတယ်။

 

နဝမအကြိမ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆိုင်းအဖွဲ့လိုက်၊ အိုးစည်တစ်ကိုယ်တော်၊ အိုးစည်၊ ဒိုးပတ် စတဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ရွှေတံဆိပ်ကတော့ ၃၁ ခု ဆွတ်ခူးခဲ့ ပြီးပါပြီ။ မျိုးဆက်သစ်တွေ ပြန့်ပွားရေးက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲရဲ့ ကျေးဇူးဖြစ်ပါတယ်။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်တို့ရဲ့ ဆရာတွေအားပေးမှုနဲ့ ပညာတွေပြန့်ပွားခဲ့ကြရတာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေ ဆက်လက်ကျင်းပဦးမယ်ဆိုရင် ကျွန်တော်တို့ကတစ်ဆင့် မျိုးဆက်သစ်တွေကို ထပ်မံလက်ဆင့်ကမ်း အမွေတွေ ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

 

မောင်စိုးသူ

တယောအတီးပြိုင်ပွဲဝင်

မန္တလေးတိုင်းဒေသကြီး

 

မန္တလေးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဒီပလိုမာတက်နေပါတယ်။ မေဂျာက ပန်းချီဖြစ်ပေမယ့် ဝါသနာက ဂီတကိုဝါသနာပါလို့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ တယောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာကတော့ ယဉ်ကျေးမှုကျောင်းက နည်းပြ ဆရာမ ဒေါ်အေးဆုမွန်ရဲ့ အားပေးမှုနဲ့ ယှဉ်ပြိုင်ဖြစ်တာပါ။ ပြိုင်ပွဲဝင်ဖို့အတွက် သုံးလေးလလောက် လေ့ကျင့်ခဲ့ရပါတယ်။ ပြိုင်ပွဲအတွက် သတ်မှတ်ထားတာက သီချင်းသုံးပုဒ်ပါ။ ယိုးဒယားမှာ တောင်တောသာယာ၊ ကြိုးမှာ ဇေယျာမြို့၊ ကာလပေါ်က မေတ္တာဂုဏ် ရွေးပေးထားပါတယ်။ မဲကျတဲ့သီချင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဋ္ဌမတန်းတုန်းက တစ်ခါယှဉ်ပြိုင်ဖူးပါတယ်။ အဲဒီတုန်းကတော့ အဆိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီအချိန်ကတော့ တိုင်းဒေသကြီးအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ အခုတစ်ကြိမ်မှ ဗဟိုအဆင့်ကို တက်ခွင့်ရတာပါ။ ယုံကြည်မှုကတော့ ပထမရမယ်လို့ မျှော်လင့်ထားပါတယ်။

 

၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သော မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ယခုအခါတွင် (၂၄) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သကဲ့သို့ ယခင်အငယ်တန်း၊ ဝါသနာရှင်အဆင့် ယှဉ်ပြိုင်ခဲ့သော အနုပညာရှင်တို့သည် ယခုအခါ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များအဖြစ် လည်းကောင်း၊ နည်းပြများအဖြစ်လည်းကောင်း၊ အကဲဖြတ်ဒိုင်များအဖြစ် လည်းကောင်း၊ သားသမီးတပည့်များအား ပွဲထုတ်၍ နည်းပြများ၊ အုပ်ချုပ်သူများအဖြစ်လည်းကောင်း တွေ့မြင်ရာ မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များ၏ ပညာအမွေခံစီးဆင်းမှု၊ ထိန်းသိမ်းနေမှုများကို မြင်တွေ့ရပေရာ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ရလဒ်များ အဖြစ် မြင်တွေ့ရပါကြောင်း တင်ပြအပ်ပေသည်။

 

တွေ့ဆုံမေးမြန်း - အလင်းသစ်၊ နေမျိုး

ဓာတ်ပုံ - ကိုကိုနေ