မြန်မာ့ရိုးရာ ထန်းလျက်ဖြင့် ပြုလုပ်သော အစားအစာများကို နိုင်ငံခြားခရီးသွားများ အထူးစိတ်ဝင်တစားလေ့လာလျက်ရှိ

ပုဂံ ၂၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားများသာမက နိုင်ငံခြားခရီးသွားများပါ လာရောက်လေ့လာလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များ၊ ရိုးရာပန်းပုအနုပညာလက်ရာများ၊ ကြိုးဆွဲရုပ်သေးရုပ်များအပြင် မြန်မာ့ရိုးရာ ထန်းလျက်ချက်လုပ်ငန်းကိုလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

 

 

“နိုင်ငံခြားသားတွေက မြန်မာ့ရိုးရာလုပ်ငန်းတွေကို  အတော်စိတ်ဝင်စားကြတယ်။ အထူးသဖြင့် ထန်းပင်က ထွက်ရှိတဲ့ ထန်းရည်ချို၊ ထန်းရည်ခါးကို သောက်ကြည့်ကြတယ်။ ပြီးတော့ ထန်းလျက်ချက်ပုံနှင့် ထန်းလျက်ခဲ ဖြစ်သည်အထိ လေ့လာတယ်။ အုန်း၊ နှမ်း၊ မြေပဲ၊ မန်ကျည်း၊ ဆီး စတဲ့ ထန်းလျက်ဖြင့်ပြုလုပ်သည့် အစားစာတွေစားကြည့်ကြတယ်။ နိုင်ငံခြားသားတွေက  ချင်းနဲ့လုပ်တဲ့ ထန်းလျက်ကို ပိုကြိုက်ကြပြီး  ပြည်တွင်း ခရီးသွား ဘုရားဖူးတွေကတော့ ချင်းထန်းလျက်ကလွဲပြီး  အားလုံးကြိုက်ကြတယ်” ဟု   ကျောက်ပန်းတောင်း-ညောင်ဦး  ကားလမ်းဘေးတွင် ထန်းပင်ထွက် ပစ္စည်းများဖြင့် အလှဆင်ကာ   ရောင်းချနေသည့်  ဦးကြည်သိန်းက ပြောကြားသည်။

 

နိုင်ငံခြားသားများသည် နွားနှင့်လှည့်ပြီး ကြိတ်သည့်ဆီဆုံ၊ မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းနှင့် လှေကား (ရင်းထောင်)ဖြင့် ထန်းတက်ပုံများကိုလည်း စိတ်ဝင်တစား မှတ်သားလေ့လာကြသည်ဟု ဧည့်လမ်းညွှန် အလုပ် လုပ်နေသည့် ဦးမျိုးကျော်အောင်က ပြောကြားခဲ့သည်။

 

ကိုထိန် (ငါ့သရောက်)