မြန်မာပြည်ကို နှစ်တိုင်း လာတယ်၊ စာသင်တယ်၊ ခွဲတယ်၊ အသစ်အသစ်သော ခွဲစိတ်မှုတွေကို မြန်မာပြည်က ဆရာဝန်တွေနဲ့လက်တွဲပြီး ခွဲစိတ်ခဲ့တယ် Professor Dr. Jack Rock (Henry Ford Hospital)

သတင်း - သီသီမင်း၊ မင်းသစ် (MNA)

ဓာတ်ပုံ - နေလင်း

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာဌာန ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးနှင့် အမေရိကန်နိုင်ငံ Detroit မြို့ Henry Ford Hospital မှ Prof. Jack Rock ဦးဆောင်သော ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုအဖွဲ့တို့သည် FIENS (Foundation for International Education in Neurological Surgery) ၏ အစီအစဉ်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစတင်၍ မြန်မာနိုင်ငံတွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ လူနာများကို နှစ်စဉ် နိုဝင်ဘာလတိုင်း နှစ်ပတ်ကြာနေထိုင်ပြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ လူနာများကို လာရောက်ကုသပေးလျက်ရှိသည်။ ။

 

​​​​mdn

 

အဆိုပါဆရာဝန်ကြီး Prof. Jack Rock နှင့်အဖွဲ့သည် လူနာများအား ခွဲစိတ်ကုသခြင်း၊ နောက်ဆုံးပေါ် ခွဲစိတ်နည်းများကို မြန်မာနိုင်ငံဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်များအား သင်ကြားပေးခြင်းနှင့် ပူးပေါင်း၍ခွဲစိတ်ကုသခြင်း၊ အဆင့်မြင့်ခွဲစိတ်ကိရိယာများ သုံးစွဲပုံကို သင်ကြားပြသပေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ သင်တန်းများပေးခြင်း၊ ၎င်းတို့ အဖွဲ့တွင်ပါဝင်သော သူနာပြုဆရာမကြီးများက ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ သူနာပြုများအား ICU သင်တန်းများကို လက်တွေ့၊ စာတွေ့သင်ကြားပြသပေးခြင်း၊ လူနာများကို မခွဲစိတ်မီနှင့်ခွဲပြီး ပြုစုစောင့်ရှောက်နည်း၊ Biomedical Engineering ဆိုင်ရာ ကျွမ်းကျင်သူက ဆေးရုံသုံး စက်ပစ္စည်းကိရိယာများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ သင်ကြားပြသပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည့်အတွက် အဆိုပါအဖွဲ့မှတာဝန်ရှိသူများ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

mdn

ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုး

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး

ဒီမှာ တာဝန်ထမ်းဆောင်တာ သုံးနှစ် ကျော်ရှိပါပြီ။ ကျွန်တော်ရောက်ပြီးတော့ တစ်နှစ်ကျော်လောက် ၂၀၁၇ ခုနှစ် မေလ ၇ ရက်နေ့မှာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ဌာနကြီးကို စတင်ဖွဲ့စည်းပါတယ်။ ကျွန်တော် တို့ဆေးရုံကြီးဟာ ၂၀၀၆ ခုနှစ်လောက်ကစပြီးတော့ ခုတင် (၂၀၀) ဆံ့ဆေးရုံကြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရလည်း ဌာနတွေ အများကြီးရှိပါတယ်။ ၃၇ ဌာနလောက်ရှိပါတယ်။ ဒီအထဲမှာ အရင်က ကျွန်တော်တို့ ဆေးပညာအဆောက်အအုံနေရာတွေ မရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ ဆရာဝန်ကြီးတွေကို သင်္ဃန်းကျွန်းတို့၊ ရန်ကုန်ဆေးရုံကြီးတို့ကို ပို့ထားရပါတယ်။ အခုလည်း သုံးခုလောက် ကျန်ပါသေးတယ်။ ကျွန်တော်တို့ မခေါ်နိုင်တာ အစာအိမ်နှင့် အူလမ်းကြောင်းတို့၊ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်တို့ ဒီလိုဌာနတွေ ကျန်ပါသေးတယ်။ ပါမောက္ခ၊ ဌာနမှူး ဆရာကြီး ဦးဝင်းမြိုင်တို့က အဲဒီမှာခွဲနေရာကနေ ကျွန်တော်တို့ဆီမှာ ဒီအဆောက်အအုံကြီးလည်း ပြီးသွားတယ်။ ဒီမလာခင်မှာ ဆရာကြီးတို့က ငါးနှစ်လောက်ကို ပြင်ဆင်ခဲ့တယ်။ ကြိုတင်စုဆောင်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာ ဒီဌာနကြီးကိုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း အခက်အခဲ မျိုးစုံကြားကနေ ပံ့ပိုးတာတွေလုပ်ခဲ့ပါတယ်။ အားလုံးသောဌာနတွေ အောင်မြင်ပါတယ်။

ဦးနှောက်နှင့်အာရုံကြောခွဲစိတ်၊ နှလုံးခွဲစိတ်၊ နှလုံးဆေးကုဌာန၊ ကင်ဆာဌာန စတဲ့ဌာနတွေ အားလုံးဟာ တော်တော်များများ အောင်မြင်ပါတယ်။ ဆီးနှင့် ကျောက်ကပ်ဌာနဆိုလည်း တော်တော်အောင်မြင်ပါတယ်။ ထူးခြားချက်က ဌာနတွေ အတော်များပြီး တစ်နေရာတည်းမှာ one stop service ပေးနိုင်တဲ့အတွက် လူနာတွေလည်း သဘောကျပါတယ်။ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနရောက်လာတဲ့အတွက် ဟိုးအရင်ကတည်းက ရှိပြီးသား နား၊ နှာခေါင်း၊ လည်ချောင်းဌာနရှိတယ်။ အခုဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်းဌာနနဲ့ ဦးနှောက်နှင့် အာရုံကြောဌာနအဖွဲ့တွေ ပူးပေါင်းပြီးတော့ အချို့အကျိတ်တွေကို ပူးပေါင်း ခွဲစိတ်တာတို့၊ ဦးခေါင်းထဲက ရောဂါတွေ ကုသတာတို့က ဒီလိုဌာနတွေရှိတဲ့အတွက် ပူးပေါင်း လုပ်နိုင်တာပါ။ ဒီမှာက လူနာတွေများလွန်းတဲ့ အတွက်ကြောင့် နေရာအခက်အခဲကတော့ ရှိတယ်။ ။

ကျွန်တော်တို့ အသစ်ဖွင့်တဲ့အထဲမှာ အရေးပေါ်ဌာနတစ်ခုရှိပါတယ်။ ကျွန်တော်ရောက်ခါစက အရေးပေါ်ဌာနဆိုတာ လက်ထောက်ဆရာဝန် တစ်ယောက်၊ နှစ်ယောက်နဲ့ လုပ်နေရတဲ့ အခြေအနေကနေပြီးတော့ အရေးပေါ်ဌာန အထူးသူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် အလွန်အောင်မြင်ပါတယ်။ အရေးပေါ်ဌာနက နေရာအခက်အခဲတော့ရှိပါတယ်။ ဆရာဝန်၊ ဆရာမ၊ ပစ္စည်း  ကိရိယာကတော့ တော်တော်စုံစုံလင်လင် ရှိပါတယ်။ ခန့်မှန်းအနေနဲ့ ပြင်ပလူနာဌာနက ၁၂၀၀လောက် ရှိပါတယ်။ အတွင်းလူနာကလည်း ၁၁၀၀ ကနေ ၁၃၀၀ အထိ ရှိပါတယ်။ လူနာက အတော်များတဲ့အတွက် အချိန်ကြာကြာ စိတ်ချလက်ချ ဆေးရုံမှာထားပြီး ကုသပေးနိုင်ဖို့က အဆင်မပြေတဲ့အတွက် သက်သာလာရင် အိမ်မှာနေပြီး ဆေးရုံကိုပြန်ပြဖို့ အဆင်ပြေပြီဆိုတာနဲ့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး နောက်လူတက်ဖို့အတွက် ဒီခုတင်တွေကို ပြင်ဆင်ရတဲ့ အခြေအနေရှိပါတယ်။ ။

ဒီဆေးရုံကြီးမှာ ဌာနတွေအများကြီးရှိတဲ့ အတွက် လူနာတွေရဲ့ အကျိုးကို ထမ်းရွက်ပေးနေပါတယ်။ ဒီဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီးတွေက လူအင်အားနည်းနည်းနဲ့ နိုင်နင်းအောင်တာဝန် ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ကြိုးစားပမ်းစားနဲ့ ဆောင်ရွက်နေတဲ့ ဒီဆေးရုံကြီးရဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပံ့ပိုးပေးနေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သင်ကြားရေးဌာန၊ ကုသရေးဦးစီးဌာနတို့က  ပံ့ပိုးပေးလို့လည်း ကျွန်တော်တို့ လုပ်နိုင်တာဖြစ်ပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။

 

mdn

Professor Dr. Jack Rock

Henry Ford Hospital

မြန်မာပြည်ကို FIENS ဥက္ကဋ္ဌ Merwyn Bagan ရဲ့ ဆက်သွယ်မှုနဲ့ ၂၀၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက်နေ့မှာ ရောက်ခဲ့တာပါ။ ကျန်တဲ့ တိုင်းပြည် တော်တော်များများကိုလည်း စေတနာ့ဝန်ထမ်း ဦးနှောက်ခွဲစိတ်ဆရာဝန်အနေနဲ့ ရောက်ဖူးပါတယ်။ မြန်မာပြည်လာတဲ့ အချိန်က အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့  မြန်မာပြည်ကို ရှေ့ဆင့်နောက်ဆင့်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မြန်မာပြည်ကို ကူညီချင်စိတ်နဲ့ လာတာပါ။ အဲဒီတုန်းက မြန်မာပြည်မှာ ၁၈ ရက် ကြာခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဦးဝင်းမြိုင်၊ ဦးကြည်လှိုင်နဲ့ ဦးနှောက် ခွဲစိတ်သင်တန်းသားတွေနဲ့ ပူးတွဲခွဲစိတ်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့ ကျွန်တော့်အပြင် ခွဲစိတ်ခန်းသူနာပြုဆရာမကြီး၊ ဆေးရုံ စက်ကိရိယာဆိုင်ရာ အင်ဂျင်နီယာ၊ အသည်းအသန်လူနာခန်း အထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေနဲ့အတူ ခွဲစိတ်ကုသမှုအသစ်တွေ လုပ်ခဲ့ပါတယ်။ ဦးနှောက်အောက်ခြေမှာရှိတဲ့ ပီကျူထရီအကျိတ်ကို နှာခေါင်းထဲကနေ ခွဲစိတ်တဲ့ အခါမှာ မြောက်ဥက္ကလာပဆေးရုံကြီး နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ဌာနက ဒေါက်တာဘုန်းမြင့်ထွန်းပါ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

မြန်မာပြည်ကို နှစ်တိုင်းလာတယ်၊ စာသင်တယ်၊ ခွဲတယ်။ အသစ်အသစ်သော ခွဲစိတ်မှုတွေကို မြန်မာပြည်က ဆရာဝန်တွေနဲ့ လက်တွဲပြီး ခွဲစိတ်ခဲ့တယ်။ ၂၀၁၅ နောက်ပိုင်း မှာတော့ ဦးနှောက်ခွဲစိတ်ဌာနရဲ့ လိုအပ်ချက် အပေါ်မူတည်ပြီးတော့ လုပ်ငန်းတွေ တိုးချဲ့ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဆေးရုံတွေမှာ လူနာတွေကို ဘယ်လိုခွဲစိတ်တယ်ဆိုတာသိဖို့ မြန်မာပြည်က ဆရာဝန်တွေကို သင်တန်းပေးဖို့ စတင်ခဲ့တယ်။ ၂၀၁၆ ကစပြီး သင်တန်းသားနှစ်ယောက်ကို အမေရိကန်နိုင်ငံမှာ နှစ်လခေါ်ပြီး လေ့ကျင့်သင်ကြားပေးခဲ့တယ်။ မြန်မာပြည်မှာလည်း ၂၀၁၆ ခုနှစ်ကစပြီး လူနာခေတ္တခဏနှိုးပြီးတော့ ခွဲစိတ်ကုသမှု (Awake Craniotomy) တွေလုပ်ခဲ့တယ်။ လူနာရဲ့ အရေးကြီးတဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ ထိစပ်နေတဲ့နေရာတွေကို မထိခိုက်ဖို့ လူနာကို ခေတ္တခဏ နှိုးပြီးတော့ ခွဲစိတ်တာဖြစ်ပါတယ်။ ခွဲပြီးတော့မှ စကားမပြောနိုင်တာ၊ ခြေလက်တွေ မလှုပ်နိုင်တာတွေမဖြစ်အောင် ဒီနည်းကို အဓိက အသုံးပြုပါတယ်။

သင်တန်းသားနှစ်ယောက်ကို အမေရိကန်နိုင်ငံကို နှစ်လခေါ်ဖို့အတွက် ဒေါ်လာ သုံးသောင်း လိုတယ်၊ အဲဒီအတွက် အမေရိကန် အမျိုးသမီးတစ်ယောက်က လိုအပ်တဲ့ပမာဏကိုထောက်ပံ့တဲ့အတွက် အဆင်ပြေသွားတယ်။ ထပ်လှူတဲ့ ပိုက်ဆံတွေရှိလာတော့ မြန်မာပြည်က သင်တန်းသား ရှစ်ယောက်ကို အမေရိကန်နိုင်ငံကို ခေါ်ပြီးလေ့ကျင့်သင်ကြား ပေးနိုင်ခဲ့တယ်။ ဦးခေါင်းဒဏ်ရာရတဲ့လူနာတွေကို သုတေသနပြုတဲ့အခါမှာ အသုံးပြုဖို့ အတွက်လည်း ငွေကြေးတချို့ လှူဒါန်းခဲ့ကြတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ဒီသုတေသနပြုချက်ပြီးသွားတယ်။ အကြီးဆုံးအဖွဲ့ အစည်းကို သုတေသနစာတမ်း တင်သွင်းခဲ့တယ်။ ဆုရခဲ့တယ်။ အဲဒီစာတမ်းကို (Congress of Neurological Society) နှစ်ပတ်လည်အစည်းအဝေး မှာ ဖတ်ကြားတင်သွင်းပြီး ဆုရခဲ့တယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး မြောက်ဥက္ကလာမှာရှိတဲ့ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် သင်တန်းသားတွေအတွက် နှစ်ပတ်မှာတစ်ခါ Skype ကနေတစ်ဆင့် စာသင်ကြားပေးတယ်။

ကျောင်းသားတွေက အကြောင်းအရာပေါင်းစုံကို ကြိုတင်ပြင်ဆင်ပြီး ကျွန်တော်က အမေရိကန်နိုင်ငံကနေ ရှုထောင့်ပေါင်းစုံကနေ ဆွေးနွေးသင်ကြားပြသပါတယ်။ အဲဒီလိုသင်နေတာ အခု နှစ်နှစ်ရှိပါပြီး ဦးနှောက်နှင့် အာရုံကြောသင်တန်း သင်ရိုးညွှန်းတမ်းကို ပိုမိုကောင်းမွန်အောင် သေသေချာချာ ပြင်ဆင်ဖို့အတွက် ကူညီမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ သင်တန်းသား အားလုံးဟာ သင်တန်းပြီးတဲ့အခါမှာ အရည်အသွေးရော၊ အရည်အချင်းရောရှိဖို့အတွက် ပြင်ဆင်ရလိမ့်မယ်။ ဆေးရုံသုံးစက်ကိရိယာ ကိုင်တွယ်တဲ့အင်ဂျင်နီယာတွေ အရည်အသွေး ပြည့်ဝဖို့အတွက် အမေရိကန်နိုင်ငံကိုခေါ်ပြီး လေ့ကျင့်သင်ကြားဖို့ရှိပါတယ်။ ဦးနှောက် ခွဲစိတ်ခန်း သူနာပြုဆရာမတွေကိုလည်း အဲဒီကို ခေါ်ယူပြီး သင်ကြားပေးဖို့ရှိပါတယ်။ တချို့သော ဦးနှောက်ခွဲစိတ်မှုတွေက သိပ်မခက်ပါဘူး။ ခွဲလိုက်ရင် နှစ်လ၊ သုံးလ အတွင်းမှာ နဂိုနီးပါး ပြန်ကောင်းသွားတတ် ပါတယ်။ ဒါမျိုးတွေက လူသားတွေအတွက် အများကြီး အကျိုးရှိပါတယ်။

 

mdn

Mr. Andy Steiner

Biomedical Engineer

အမေရိကန်နိုင်ငံကလာတာပါ။ ခွဲစိတ်ခန်းက စက်တွေကို ကြာရှည်တည်တံ့အောင် ဆောင်ရွက်ပေးတာပါ။ မြန်မာပြည်မှာရှိတဲ့ ချွဲစုပ်စက်၊ ဦးနှောက်ခွဲစိတ်တဲ့သုံးတဲ့ စက်တွေကို ပြင်ဆင်ရပါတယ်။ မြန်မာပြည်က ဦးနှောက် ခွဲစိတ်တဲ့နေရာမှာ နည်းပညာကျွမ်းကျင်မှု အတွက်လည်း အဓိကထားဆောင်ရွက်ပေးပါတယ်။

အရင်ထက်စာရင် မြန်မာပြည်က အခုဆို အများကြီးပြောင်းလဲလာပြီလို့ မြင်တယ်။ အစိုးရက ခွင့်ပြုမယ်ဆိုရင် ဆေးရုံနဲ့သက်ဆိုင်တဲ့ စက်ကိရိယာပြင်ဆင်တဲ့ ဘာသာရပ်ကို အမေရိကန်နိုင်ငံမှာ ခေါ်ယူသင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒီပညာရပ်ကို ကောင်းကောင်း အသုံးချနိုင်ခဲ့ရင် စက်လည်း ကြာရှည်အသုံးပြုနိုင်မယ်။ ကျွန်တော်တို့ကိုင်တွယ်တဲ့ စက်တွေဟာ ဦးနှောက်ခွဲစိတ်တဲ့ ဆရာဝန်တွေ မရှိမဖြစ် သုံးရတာဖြစ်တဲ့အတွက် ရေရှည်တည်တံ့ဖို့က အရေးကြီးပါတယ်။ အဲဒီစက်တွေကို ကြာရှည်မထိန်းသိမ်းနိုင်ဘူးဆိုရင် မြန်မာငွေသန်းပေါင်းများစွာ ဆုံးရှုံးမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာပြည်က ကျွန်တော့်လို အင်ဂျင်နီယာဌာနက လူတွေနဲ့ တွေ့ဆုံပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့တာ ဖြစ်ပါတယ်။

 

mdn

Ms. Tracy Enos

Head Nurse

ခွဲစိတ်ခန်းတာဝန်ခံ သူနာပြုဆရာမကြီး ဖြစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာလကတည်းက မြန်မာပြည်ကို ရောက်ခဲ့တာပါ။ မြန်မာပြည်ကို လာတာ ဒါပါနဲ့ဆို ခြောက်ခေါက်ရှိပါပြီ။ ပါမောက္ခ Jack Rock က မြန်မာပြည်ကို  ခေါ်ခဲ့တာပါ။ ကျွန်မက ခွဲခန်းထဲမှာပစ္စည်းတွေ  ဘယ်လိုကိုင်တွယ် အသုံးပြုရတယ်ဆိုတာကိုသင်ကြားပေးရတာပါ။ ပစ္စည်းအသစ်တွေ  ဘယ်လိုသုံးရတယ်ဆိုတာက အစပေါ့၊ ခွဲစိတ်  နည်းအသစ်တွေမှာလည်း ခွဲစိတ်ဆရာဝန်နဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရတယ်ဆိုတာ သင်ပေးပါတယ်။ မြန်မာပြည်သူတွေက နွေးထွေးတဲ့အတွက် ပူးပေါင်းဆောင်ရွက်ရတာ အဆင်ပြေပါတယ်။ အမေရိကန်မှာ ဘယ်လို လုပ်တယ်ဆိုတာနဲ့နှိုင်းယှဉ်ပြီး လိုအပ်တာလေးတွေ သင်ကြားပေးပါတယ်။ မြန်မာပြည်က သူနာပြုဆရာမတွေအတွက်လည်း လေ့ကျင့်သင်ကြားပေးတာတွေ လုပ်ပါတယ်။ သူတို့တွေနဲ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်သင်ကြားပေးတာလည်း ရှိပါတယ်။ ၂၀၁၈ ကတည်းက ခွဲစိတ်တဲ့အခါမှာ အရေးကြီးတဲ့ အချက်ဖြစ်တဲ့ လူနာတစ်ယောက်နဲ့ တစ်ယောက် မမှားအောင်၊ ဘယ်၊ ညာ မမှားအောင် Surgical Time Out ကိုလည်း သင်ကြားပေးပါတယ်။ ။

အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံ ကွာခြားချက်က အမေရိကန်နိုင်ငံမှာတော့ ခွဲစိတ်ခန်း သုံးတဲ့ပစ္စည်းတွေကို စစ်ဆေးပြီးတာနဲ့ ဆရာမက ပိုးမွှားသန့်စင်တဲ့ဌာနကို ပို့ပေးရုံပါပဲ။ ဒီမှာကတော့ ခွဲစိတ်ခန်းသူနာပြုတွေက သန့်ရှင်းရေးကအစ လုပ်ပေးရတယ်၊ ထုပ်ပိုး သိမ်းဆည်းတာ၊ ပိုးသတ်တာကအစ အစ၊ အဆုံး လုပ်ပေးရပါတယ်။

 

mdn

Ms. Tarsa Patrick

Head of Neurophysiological monitoring

ကျွန်မက ခွဲစိတ်တဲ့အခါမှာ အရေးကြီးတဲ့ အာရုံကြောတွေ၊ အရေးကြီးတဲ့ ဦးနှောက် အစိတ်အပိုင်းတွေ မထိအောင် စောင့်ကြည့်ပြီး သတိပေးရတဲ့သူဖြစ်ပါတယ်။ ဦးနှောက်ထဲက အကျိတ်တွေ၊ အရေးကြီးတဲ့နေရာမှာရှိတဲ့ အကျိတ်တွေ၊ ကြောရိုးမထဲက အကျိတ်တွေ ခွဲစိတ်တဲ့နေရာမှာ ကျန်တဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မထိခိုက်အောင် စောင့်ကြည့် ပေးရတဲ့သူ ဖြစ်ပါတယ်။ ကျွန်မရဲ့ တာဝန်ကတော့ ခွဲစိတ်နေစဉ်မှာ မလိုလားအပ်တာတွေမဖြစ်ဖို့ တာဝန်ယူဆောင်ရွက်ရပါတယ်။ မြန်မာပြည်ကိုလာတာ ဒါ ပထမဆုံးလာတာပါ။ ခွဲစိတ်တဲ့နေရာမှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ရတာ အလွန်ဂုဏ်ယူမိပါတယ်။ အခုကတော့ ကျွန်မက မြန်မာပြည်က သင်တန်းသားအချို့ ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ အချိန် ကြာလာရင်တော့ မြန်မာပြည်က လူတွေက ကျွန်မတို့လိုပဲ လူနာတွေကို ကူညီဆောင်ရွက် ပေးနိုင်မှာပါ။ မြန်မာပြည်ကလူတွေနဲ့ ကျွန်မတို့ပူးပေါင်းတဲ့အခါမှာ သူတို့ရဲ့ ပူးပေါင်းဆောင် ရွက်မှု၊ လေ့လာသင်ယူမှုက အံ့မခန်းပါပဲ။

 

mdn

Mr. Yosef Ben Dor

INFRASCAN Expert

ကျွန်တော်ကတော့ အစ္စရေးကပါ။ မြန်မာပြည်ကိုလာတာ ပထမဆုံးအကြိမ်ပါ။ ကျွန်တော်က ပါမောက္ခ Jack Rock နဲ့အတူ လာတာပါ။ ကျွန်တော်က မြန်မာပြည်မှာရှိတဲ့ ကျေးလက်တောရွာတွေမှာ ဒီပစ္စည်းအသုံးဝင်ပုံနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် အသိ ပေးချင်တဲ့အတွက် လာတာပါ။ ဒီစက်အသုံးပြုပုံကို အထွေထွေရောဂါကုဆရာဝန်တွေ၊ သူနာပြု ဆရာမတွေ၊ အရေးပေါ်လူနာတင်ယာဉ် ဝန်ထမ်းတွေကို ဘယ်လိုအသုံးပြုရတယ် ဆိုတာကို လေ့ကျင့်သင်ကြားပေးလို့ ရပါတယ်။ INFRASCAN ဆိုတာဦးခေါင်းဒဏ်ရာရတဲ့ အခါမှာ ဦးနှောက်ထဲမှာ သွေးယိုစီးမှု ရှိ၊ မရှိ၊ သွေးခဲတာ ရှိ၊ မရှိကို စမ်းသပ်တဲ့အခါ သုံးတဲ့ ကိရိယာအသစ်ပါ။ မိနစ်ပိုင်းလေးအတွင်းမှာ စမ်းသပ်တွေ့ရှိနိုင်တယ်။ လူနာကခေါင်းကိုက်တာတို့၊ ခြေလက်တွေ မလှုပ်နိုင်တာတို့ မဖြစ်ခင်မှာ စမ်းသပ်တာ၊ ဒါကြောင့် လူနာကို အချိန်မီကုသနိုင်ပါတယ်။ ဆေးရုံအကြီးကြီးတွေမှာ အသုံးဝင်ပါတယ်။ အဓိကအသုံးဝင်တဲ့ နေရာကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန်နဲ့ အလှမ်းဝေးတဲ့နေရာဒေသတွေမှာ ဦးနှောက်၊ သွေးယိုစီးမှု ရှိ၊ မရှိကို လျင်မြန်စွာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ သုံးဖို့ကလွယ်လွယ်လေးပါ။ လွယ်လွယ်လေးပေမယ့် လေ့ကျင့်သင်ကြားရမယ်၊ ဦးနှောက်ထဲမှာ သွေးခဲပမာဏ ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျ ဖော်ပြ ပါတယ်။ ဒါကို နိုင်ငံတော်တော်များများနဲ့ အမေရိကန်စစ်တပ်မှာ သုံးပါတယ်။ ကျေးလက်ဆေးပေးခန်းတွေ၊ မြို့ပေါ်က ဆေးရုံတွေမှာ သုံးပါတယ်။

 

mdn

Ms. Marianne Langlois

ICU Specialist i Boston Massachusetts

အသည်းအသန်ဖြစ်နေတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်တဲ့သူပါ။ ကျွန်မကတော့ ပါမောက္ခ Jack Rock နဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့သူပါ။ Henry Ford ဆေးရုံက ထွက်ပြီးတော့ အခုလက်ရှိ Boston ဆေးရုံမှာ အလုပ်လုပ်နေတာပါ။ မြန်မာပြည်ကို ရောက်တာ နှစ်ခါရှိပါပြီ။ ကျွန်မရဲ့ တာဝန်ကတော့ သင်တန်းသားတွေ၊ သူနာပြုဆရာမတွေကို အသည်းအသန်ဖြစ်နေတဲ့လူနာတွေ ပြုစုစောင့်ရှောက်ပုံတွေကို သင်ပြပေးရတာပါ။ အမေရိကန်မှာလုပ်တဲ့တာဝန်နဲ့ မြောက်ဥက္ကလာဆေးရုံမှာ လုပ်တာက အတူတူပါပဲ။ ဦးနှောက်ထိခိုက်တဲ့သူတွေကိုလည်း မခွဲစိတ်ခင် ပြုစုစောင့်ရှောက်ရပါတယ်။ အရင်တုန်းကတော့ ဦးနှောက်ခွဲစိတ်တယ်၊ ခုတော့ အသည်းအသန်ဖြစ်နေတဲ့ လူနာတွေ စောင့်ရှောက်တာပဲ လုပ်ပါတယ်။ တစ်ခါတလေကျတော့ ဦးနှောက်ခွဲစိတ်တာ ကောင်းပေမယ့် လူနာပြုစုတဲ့သူက အားနည်းချက်ရှိရင် လူနာမကောင်းတတ်ပါဘူး၊ ပြန်ကောင်းဖို့ ခက်ခဲပါတယ်။ အရင်နှစ်တွေကလာတုန်းက ဒီကလူတွေက ဆက်ဆံရေး ကောင်းတဲ့အတွက် ဒုတိယအကြိမ် ပြန်လာ တာပါ။ ဒီမှာရှိအလုပ်အလွန်ကြိုးစားတဲ့အတွက် ကျွန်မက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းမြောက်မိပါတယ်။ ။