မြန်မာ့ပညာရေးခေတ်သစ်သို့


လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှုသမိုင်းတွင် ပညာက ဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း ကွန်ပျူတာ အသီးသီးထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။
အထူးသဖြင့် ၂၁ ရာစုသစ်ကို ပညာခေတ်ဟု အကျယ်လောင်ဆုံး ကြွေးကြော်ခဲ့ကြ၏။ လူမှုလောက၏ ထွန်းတောက်အောင်မြင်မှုများရယူရာတွင် ပညာ၏အရေးပါပုံ ပညာ၏ပဓာနကျပုံကို အမြင့်ဆုံးတန်ဖိုးထား ခဲ့ကြ၏။ လူတို့၏ တီထွင်ဖန်တီးနိုင်မှု စွမ်းအားဆိုသည်တို့မှာ ပညာကို အခြေခံခဲ့ကြရသည်ချည်း။
မြန်မာတို့သည် ပညာကို အလွန်အင်မတန် တန်ဖိုးထားကြသူများ ဖြစ်၏။ မိဘတို့သည် မိမိ၏ ပိုင်ဆိုင်မှုကို သားသမီးတို့၏ ပညာရေးတွင် လုံးဝဥဿုံ ရင်းနှီးမြှုပ်နှံလိုစိတ်ရှိကြ၏။ ကိုယ်မစားရလျှင်နေ၊ သားသမီး ပညာတတ်လျှင်တော်ပြီဟူသည့် မိဘများမှာ နိုင်ငံအဝန်းတွင် အမြောက်အမြားရှိ၏။ မိဘက အကြောင်းအမျိုး မျိုးကြောင့် ပညာမသင်ခဲ့ရ၊ ပညာမတတ်ခဲ့ရသော်မှ သားသမီးကို ဘွဲ့လေးတစ်ခုတော့ ရစေချင်၏။ အိမ်ရှေ့ဧည့်ခန်းတွင် သားသမီးတို့၏ ဘွဲ့ရဓာတ်ပုံကို ဂုဏ်ယူစွာချိတ်ဆွဲထားလို၏။ သားသမီးတို့ ဘွဲ့ယူပွဲကို အလှပဆုံးပြင်ဆင်ကာ ပါဝင်ဆင်နွှဲလို၏။ ဘွဲ့ဝတ်စုံဖြင့်သားသမီးတို့ကိုကြည့်ကာ ဝမ်းသာပီတိဖြင့် မျက်ရည်တလည်လည်။
သို့သော်လည်း ပညာကိုတန်ဖိုးထားကြသော နိုင်ငံသားတို့၏ ကုသိုလ်ကံကား သိပ်မကောင်းကြရှာ။ သားသမီးများကို ပညာတတ်စေလိုလှ၍ ခြိုးခြံချွေတာအငတ်ခံ ပညာသင်ပေးခဲ့ကြသောကြောင့် သားသမီးတို့သည် ဘွဲ့များရခဲ့ကြ၏။ သို့သော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် တူတူတန်တန်ဖြစ်သောပညာကို ကောင်းစွာမရခဲ့ကြ။ ပညာအစစ်ကို မရသော ပညာရေးတစ်ခေတ်၊ ပညာရေးစနစ်နှင့်ကြုံခဲ့ကြရလေသည်။
ပညာရှာမှီးမှု၏ အခြေခံဖြစ်သည့် ကိုယ်တိုင်စူးစမ်းကာ ကိုယ်တိုင်သိမြင်မှုဆိုသည့် အနှစ်သာရကို ဆုံးရှုံးရသည့်အခါ မြန်မာ့ပညာရေးစနစ်သည် ယေဘုယျအားဖြင့် နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စရာဖြစ်ခဲ့ရသည်။
ပညာကို ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်ရှာဖွေ၊ ကိုယ်တိုင်ကြိုးစားကြရင်း ထိုးထွင်းပေါ်ထွက်လာသည့် မျိုးဆက်သစ်လူငယ်တို့ နိုင်ငံတကာအသီးသီးသို့ ခြေဆန့်ပညာရှာကြရန် အားထုတ်ကြသည် ကိုလည်း ထိုခေတ်၊ ထိုအစိုးရ၊ ထိုအာဏာရှင် အဆက်ဆက်က အားမပေးခဲ့။ နိုင်ငံတကာခြေဆန့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော နိုင်ငံကူးလက်မှတ်ကိုပင် ပညာသင်ကြားရေးဟူသည့် ခေါင်းစဉ်ဖြင့် လျှောက်ယူခွင့်မပြုပြည်တွင်းပညာရေးစနစ် မြှင့်တင်ရေးကိုလည်း အလေးမမူခဲ့ကြ၊ တိုင်းပြည်၏ ပညာရေးဘတ်ဂျက် ကို တိုးမြှင့်ရန် ဝန်လေးခဲ့ကြ။
သည်လိုနှင့် ပညာကို အလွန်တန်ဖိုးထားကြသည့် မိသားစုများကြားတွင် ပညာအစားဘွဲ့အမျိုးအစား၊ စာမေးပွဲရမှတ်၊ ဂုဏ်ထူး မည်ရွေ့မည်မျှ ဟူသည်တို့က ပိုမိုအရေးပါလာသည်။ ဘွဲ့ရဖို့၊ စာမေးပွဲ ရမှတ်ကောင်းဖို့ ဂုဏ်ထူးများများရဖို့ ဖြတ်လမ်းနည်းအမျိုးမျိုးသည်လည်း ခေတ်နှင့်အညီ ပေါ်ပေါက်လာလေရာ ပညာ၏တန်ဖိုး ဆိုသည်မှာ စာမေးပွဲရမှတ် အနည်းအများဖြစ်လာသည်။ ငွေတတ်နိုင်မှုပေါ်တည်လာ၏။ ဘွဲ့ဝတ်စုံဝတ်ဆင်ရခြင်းက ပညာ၏တန်ဖိုးကဲ့သို့ ဖြစ်လာသည်။ ထိုထိုသော ဘွဲ့ထူး၊ ဂုဏ်ထူးများကို ငွေပေး ဝယ်ယူလို့ ရနိုင်သည့် အလိမ်အညာ အဖျင်းအလှေး ပညာအတုဖြန့်ဝေရာ ဌာနတို့ကို ဆက်သွယ်ကာ ထိုဘွဲ့၊ ထိုဂုဏ်ထူးတို့ကို ဝယ်ယူကြ၏။ ထို ငွေပေးရယူဘွဲ့တို့ကိုပင် တန်ဖိုးတစ်ခုပမာ သဘောထားကာ ဝင့်ထည်ကြွားဝါနေကြသည်ထိ ပညာရေးဆိုင်ရာတန်ဖိုးထားမှုနှင့် အတွေးအယူတို့ပျက်စီး၊ နိမ့်ကျ၊ ဆုတ်ယုတ်ခဲ့ရလေသည်။
ယခု ခေတ်ပြောင်းချိန်ဟုကြွေးကြော်ကြရာတွင် ပညာရေးစနစ် တိုးတက်ပြောင်းလဲနိုင်ရေးကို အထူးအလေးပေးလာနေပြီဖြစ်သည်။ ပညာရေးဘတ်ဂျက်ကို များစွာတိုးမြှင့်လိုက်ပြီး ပညာရေးစနစ်ကို အခြေခံမှစကာ ပြောင်းလဲနိုင်ရေးအတွက် နည်းလမ်းစုံကို ချမှတ်ပြဋ္ဌာန်းလာနေပြီ။
ပညာကို တန်ဖိုးထားသော မြန်မာပြည်သူလူထု၏ စိတ်ဓာတ်ကိုလည်းကောင်း၊ အလေးအနက်ထားဆောင်ရွက်ရမည့် အမျိုးသားပညာရေးစနစ်ပြန်လည်ဆန်းသစ်မှုတို့ကိုလည်းကောင်း အခြေပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်ခြင်းဖြင့် ပညာဉာဏ်ရင့်သန်သော နိုင်ငံသားများကို မွေးမြူနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း