မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ထိုင်းဘဏ် ဘဏ်ခွဲများ၊  လက်အောက်ခံဘဏ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်၊ မေ ၂၇

 

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သော အဖွဲ့နှင့် Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိသည့် အခြေအနေ၊ တရားမဝင်ဟွန်ဒီများကို အသုံးပြုခြင်းအစား တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများ တိုးတက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေမှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း (Pre-shipment Export Financing/ Post- shipment Export Financing) များ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ မြန်မာလုပ်သားများ၏ လွှဲပို့ငွေများအပိုင်းတွင် ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာ လွှဲပို့ငွေများကို ပြည်တွင်း၌ မိသားစုများထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေနိုင်ရေး ဘဏ်များက ဝိုင်းဝန်းဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံနိုင်ငံခြားငွေ လွှဲပြောင်းပေးချေမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန် ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် Siam Commercial Bank၊ Bangkok Bank၊ Kasikorn Bank၊ Krung Thai Bank များမှ အမှုဆောင်အရာရှိချုပ်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယ ဥက္ကဋ္ဌနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှ အမှုဆောင်အရာရှိချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်