မြန်မာနိုင်ငံတစ်ဝန်း လူငယ်များအတွက် စွန့်ဦးတီထွင်ယဉ်ကျေးမှု ပေါ်ထွက်လာရန် ကြိုးပမ်း

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂ဝ၁၇ ကို ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ ၂ တွင် ကျင်းပသည်။ စွန့်ဦးတီထွင်ခြင်းသည် သမားရိုးကျ၊ လုပ်နေကျလုပ်ငန်းစဉ်များမှ ကွဲထွက်ခြင်း သို့မဟုတ် ဆန်းသစ်အောင် ပြန်လည် ဖန်တီးခြင်း ပင်ဖြစ်သည်။ လူငယ်တိုင်း၏ အနာဂတ်သည် အသစ်အသစ်သော စိတ်ကူးများနှင့် ပြည့်နှက်လျက်ရှိရာ လူငယ်တို့၏ စိတ်ကူးအသစ်၊ အိပ်မက်အသစ်များကို ဖြည့်ဆည်းပေးနိုင်မည့် ယခုကဲ့သို့ အခမ်းအနားများ၊ ဆွေးနွေးပွဲများကို အားလုံးက မျှော်လင့်ကြသည်။ 

ဦးကောင်းငြိမ်းစိုး (MYEA)အမှုဆောင်

mdn

ဒီနေ့ မနက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်အမှာစကား ပြောပေးသွားပါပြီ၊ ပြီးသွားရင် Panel Session လေးခုရှိပါတယ်၊ ဒီထဲမှာ ပထမတစ်ခုက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ဘယ်လိုအဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲခဲ့သလဲ၊ သူတို့ရဲ့အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးကြမှာပါ၊ ဒုတိယကတော့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်သူတွေအတွက် ကြီးထွား လာအောင်၊ အားကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးသွားမှာပါ၊ ဒါကလည်း လက်ရှိမှာ စတင်လုပ်ကိုင်နေတဲ့ လူငယ်တွေအတွက် အကြံဉာဏ်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ရရှိစေမယ်၊ တတိယဆွေးနွေးမှုအနေနဲ့ကတော့ CSR အကြောင်း တွေပေါ့၊ ဒါကလည်း စီးပွားရေးလုပ်တဲ့သူတိုင်း မဖြစ်မနေ သိထား၊ လုပ်ကိုင်ထားရမယ့် အကြောင်းအရာပဲလေ၊ ဒါမှသာ အခက်အခဲတွေ အတားအဆီးတွေကို ကျော်လွှားပြီး Win Win Solution ကို ရရှိမှာပါ။

နောက်ဆုံးကတော့ စွန့်ဦးတီထွင်သူတွေအနေနဲ့ အလုပ်ကိုစပြီးရင် ပြန်ထွက်တာရှိတယ်၊ စွန့်ဦးလုပ်သူတိုင်းဟာ ကိုယ့်လုပ်ငန်းတွေကို အခြားသူတစ်ဦးက လိုက်ပြီးလုပ်မယ်၊ ပိုပြီးကောင်းအောင် လုပ်မယ်ဆိုတာမျိုးတွေကို ကျိန်းသေပေါက် ကြုံရမှာလေ၊ အဲဒီတော့ ဘယ်အချိန်မှာ ကိုယ့်လုပ်ငန်းကို ချဲ့မလဲ၊ ဘယ်အချိန်မှာ ရောင်းမလဲ၊ ဘယ်အချိန်မှာ ဆုတ်မလဲဆိုတာ မျိုးတွေကို ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်၊ အဲဒီ အပိုင်းတွေကို ဆွေးနွေးတာဖြစ်ပါတယ်။

အဓိကကတော့ ကျွန်တော်တို့အသင်းက သတ်မှတ်တဲ့ လူငယ် အသက် ၄၅ နှစ်အောက် လူငယ်တွေကို လုပ်ငန်းရှင်တွေ အကုန်လုံးကို စွန့်ဦးတီထွင်တယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ပေါ်ပေါက်လာအောင် Support လုပ်ပေးတဲ့ အဖွဲ့အစည်းပါ၊ ဒီမှာက စွန့်ဦးတီထွင် စီမံခန့်ခွဲရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လည်းကောင်း၊ ငွေကြေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လည်းကောင်း လိုအပ်ချက်မှန်သမျှကို ကျွန်တော်တို့အသင်းက ကူညီပေးနိုင်ပါတယ်။

နောက်တစ်ခါ ဒီလိုကူညီပေးနိုင်တာက ရန်ကုန်အသင်း ချုပ်တင်မကပါဘူး၊ အခုဆိုရင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ အသင်းခွဲတွေပေါ်လာခဲ့ပြီ၊ အဲဒီအသင်းခွဲတွေမှာလည်း ဆက်သွယ်လို့ရတယ်၊ အဓိကကတော့ ခက်ခက်ခဲခဲ ဆက်သွယ်ရတာ မဟုတ်တော့ဘူး၊ နီးစပ်ရာ နေရာတွေကနေ အကူအညီတွေတောင်းလို့ရပါတယ်၊ အသင်းသားတွေအချင်းချင်း ရိုင်းပင်းကူညီပြီး အားလုံးအတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ပါပြီ၊ တစ်ယောက်တည်း လုပ်တာထက်စာရင် အသင်းအဖွဲ့မှာဝင်ပြီးတော့ ချိတ်ဆက်ပြီးလုပ်တော့ လုပ်ငန်းတွေ မြန်မြန်တိုးတက်တာပေါ့၊ ဒါကို အဓိကထားတဲ့အတွက် အားလုံးစုပေါင်းပြီး အဖြေရှာ အောင်မြင်မှုရယူတာမျိုးပါ။

ဦးတင်မောင်ဝင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) 
(ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ) 

mdn

မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ဦးစီးပြီးလုပ်တဲ့ Summit က အများကြီးအကျိုးရှိတယ်၊ မနှစ်ကလည်း ဒီလိုအခမ်းအနားကို လုပ်ခဲ့တယ်၊ လူငယ်တွေကို လွှတ်တော်တွေကလည်း အားပေးကြရမှာပါ၊ တိုင်းပြည် တိုင်းပြည်တိုင်းမှာ Entrepreneurship တွေ များများ ပေါ်ထွက်လေလေ အဲဒီတိုင်းပြည်ဟာ တိုးတက်လေပါပဲ၊ ဒါကြောင့် ဒီလိုအခမ်းအနားကို ကြိုဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိုင်စီတီနည်းပညာဟာလည်း အလွန်အရေးကြီးပါတယ်၊ ဒါပေမယ့် လူငယ်တွေအနေနဲ့ သုံးတတ်ရင် ဆေးပါ၊ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ မသုံးတတ်ရင်တော့ လမ်းမှားရောက် သွားမှာစိုးရပါတယ်၊ ကျွန်တော်တို့လို လူကြီးတွေ ကိုယ်တိုင်လည်း နည်းပညာနဲ့ အလှမ်းမဝေးရဲဘူး၊ လက်လှမ်းမီသလောက် လေ့လာနေရပါတယ်၊ ဒါကြောင့် နည်းပညာကို အသုံးပြုပြီး အကျိုးရှိအောင်၊ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုရအောင် လူငယ်တွေ စီးပွားရေးလုပ်ငန်း၊ စီးပွားရေးလမ်းစ အသစ်တွေကို စွန့်ဦးတီထွင် ဖော်ထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မစုသဇင် (MYEAအဖွဲ့ဝင် လုပ်ငန်းရှင်)

mdn

Myanmar Entrepreneurship Association ရဲ့ အဖွဲ့ဝင်တစ်ဦးပါ၊ တာဝန်ကတော့ International Relation ကို တာဝန်ယူထားရပါတယ်၊ ဒီအခမ်းအနားကျင်းပတဲ့ အခါမှာလည်း Working Committee မှာပါဝင်ပါတယ်၊ ကျွန်မကတော့ Comment ဗလာစာအုပ်ထုတ်လုပ်ဖြန့်ချိ တဲ့လုပ်ငန်းကိုလုပ်ကိုင်ပါတယ်၊ ကျွန်မက MYEA မှာ အသင်း ဝင်ခဲ့တာ နှစ်နှစ်ကျော်လောက်ရှိပါပြီ၊ လူငယ်တွေအားလုံးကိုလည်း အသင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက စီးပွားရေးနဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် စီနီယာတွေ စီကနေအတွေ့အကြုံတွေ သင်ယူနိုင်ပါတယ်။

ဒီအဖွဲ့အစည်းမှာ အကောင်းဆုံးကတော့ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှု အမြဲရှိနေတဲ့အတွက် အခက်အခဲတွေ၊ လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ဖို့ လိုအပ်ချက်တွေရှိတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်၊ ဒါတင်မကသေးပါဘူး စီးပွားရေးအကြံဉာဏ်တွေ ပေးနိုင်တယ်၊ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ချိတ်ဆက်ပေးတဲ့အစီအစဉ်တွေ လည်းရှိတယ်၊ သင်တန်းတွေ၊ လေ့လာရေးတွေ၊ သုတေသနအစီအစဉ်တွေ အများကြီးလည်း ရှိနေတယ်။ အခုလို တွေ့ဆုံဆွေးနွေးပွဲတွေ Summit ကြီးတွေ လုပ်ခွင့်လေ့လာခွင့်ရတာလည်း လုပ်ငန်းရှင်အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေပါပဲ။ 

အခု Summit မှာဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်း တက်ရောက်ပြီး အမှာစကား ပြောပေးတဲ့ကိစ္စကြောင့် အများကြီးလည်း အားတက်မိတယ်၊ ကျွန်မတို့ကို တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေ အားလုံးကလည်း ထောက်ပံ့အားပေးတာကိုမြင်တော့ ဝမ်းသာမိတယ်၊ MYEA အနေနဲ့ အများကြီး ဂုဏ်ယူမိတယ်။ လူငယ်တွေကိုလည်း ပြောချင်ပါတယ်၊ စီးပွားရေးစိတ်ဝင်စားမယ်ဆိုရင် ကျွန်မတို့အသင်းကို ဆက်သွယ်ချိတ်ဆက်ပါလို့။

နောက်ပိုင်းမှာလည်း လူငယ်တွေ အတွက် စွန့်ဦးတီထွင်ခြင်း ကို ဝါသနာပါဖို့ပဲလိုပါတယ်၊ ကိုယ့် Idea ကို နောက်ကနေ ထောက်ပံ့ပေးမယ့် ကျွန်မတို့အသင်းရှိနေပါပြီလို့။ အမြန်ဆုံး လာရောက်ချိတ်ဆက်ကြပါလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းလုပ်သူတွေကိုရော၊ လူငယ်စိတ်ပါဝင်စား သူတွေကိုပါ အကြံပေးဖိတ်ခေါ်ပါတယ်။

နိုင်ငံခြားကနေ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံလို သူတွေ ရှိပါတယ်၊ ကျွန်မတို့အသင်းကနေ ပြည်တွင်း စွန့်ဦးလူငယ်တွေနဲ့ ချိတ်ဆက်ပေးပြီး သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ရနိုင်လာမှာပါ၊ ကျွန်မတို့အသင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းက UMFCCI အသင်းချုပ် ၁၁ လွှာမှာရှိပါတယ်လို့ သတင်းပေးလိုပါတယ်။

မဥမ္မာဖြိုး( MYEA အဖွဲ့ဝင် လူငယ်လုပ်ငန်းရှင်)

mdn

မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို ဖွံ့ဖြိုးစေချင်တယ်၊ သဘာဝ ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးချင်တယ်၊ အဲဒီလို ရည်ရွယ်ပြီးတော့ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းကို ကျွန်မတို့လင်မယား စလုပ်ဖြစ်ခဲ့ပါတယ်၊ အခုဆိုရင် တစ်နှစ် ကျော်သွားပါပြီ။ လုပ်ငန်းက အဆင်ပြေ တိုးတက်တယ်လို့ ပြောရင်ရပါတယ်၊ နိုင်ငံခြားသားတွေရော၊ ပြည်တွင်းက ခရီးသွားတွေပါ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို ပြသချင်တယ်၊ ဒီလုပ်ငန်းကို အဓိကဦးဆောင်တာက ကျွန်မ အမျိုးသားပါ၊ သူက ဒေါက်တာအောင်မြတ်လွင်ပါ၊ MYEA ရဲ့ အမှုဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

လူငယ်တွေအကုန်လုံးကို ဖိတ်ခေါ်ပါတယ်၊ ဒါကလည်း ကိုယ့်နိုင်ငံအတွက်ပဲလေ၊ ကျွန်မတို့နိုင်ငံမှာ SMEs တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး လိုအပ်ပါတယ်၊ အမေစုလည်း ပြောသွားတယ်လေ၊ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ စက်မှုဇုန်တွေ၊ ဖော်ထုတ်ရမယ့် လုပ်ငန်းတွေအများကြီးရှိတယ်၊ ဒါတွေကို အားလုံးပူးပေါင်းပြီး အချင်းချင်း ကူညီရင်း ရှေ့ဆက်ကြမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်၊ ဒါကိုလုပ်ဖို့က လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်။ လူငယ်တွေအချင်းချင်း ရိုင်းပင်းပြီး တီထွင်ဖန်တီးကြမယ်၊ ပူးပေါင်း အဖြေရှာကြမယ် ဆိုရင် မဖြစ်နိုင်တဲ့အရာမရှိဘူးလို့ ကျွန်မယုံကြည်တယ်၊ ကျွန်မတို့ ကိုယ်တိုင်လည်း ကိုယ့်အခက်အခဲတွေ စိန်ခေါ်မှုတွေကို အကြံÓဏ်တွေရယူတယ်၊ သူများကိုလည်း အကြံÓဏ်တွေပေးတယ်၊ အသင်းအဖွဲ့တွေကလည်း အများကြီး ထောက်ပံ့ပေးမှာ ပါလို့ ပြောချင်ပါတယ်။

ကိုကျော်ဆန်းဦး(MYEAအဖွဲ့ဝင် လူငယ်လုပ်ငန်းရှင်)

mdn

ကျွန်တော် ဒီအခမ်းအနားကို တက်ရောက်ဖြစ်တဲ့ အကြောင်းအရင်း သုံးချက်ရှိပါတယ်၊ ပထမတစ်ခုကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားမယ့် လမ်းညွှန်မိန့်ခွန်းကို ကိုယ်တိုင်ကိုယ်ကျ နားထောင်ချင်ပါတယ်၊ သူဘာတွေ ပြောမလဲ၊ ဘယ်လိုတွေ လမ်းညွှန်မလဲ၊ ဒါပြီးရင် မြန်မာနိုင်ငံမှာ စီးပွားဆိုရင် ထိပ်ဆုံးကရှိနေသူတွေပေါ့၊ တိုင်းရင်းသားလုပ်ငန်းရှင် ဝါရင့်သမ္ဘာရင့်တွေ သူတို့ဆွေးနွေးကြ၊ ပြောဆိုကြတာတွေဆိုရင် ပညာအများကြီးရမယ်လို့ ယူဆတယ်။

နောက်တစ်ခုကတော့ ဆိုရှယ်နက်ဝက်ခ်ပေါ့၊ ဒီထဲမှာလည်း ကျွန်တော်MBAတက်တုန်းက သူငယ်ချင်း လုပ်ငန်းရှင်တွေလည်း အများကြီးပါတယ်၊ မသိသေးပေမယ့် နာမည်ကြားဖူး ပြီးသားသူတွေလည်း အများကြီးတွေ့ရတယ်။ ဒီလို Summit မျိုးက ကျွန်တော်တို့ လုပ်ငန်းရှင်တွေအတွက် အများကြီး အကျိုးရှိစေပါတယ်၊ ဒီအချက်တွေကြောင့် ကျွန်တော် ဒီအခမ်းအနားကို တက်ရောက် ခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာက နည်းပညာက တော်တော် လိုအပ်သေးတယ်၊ အလွန်လည်း နောက်ကျနေပြီ၊ သိသာတာဆိုရင် ကျွန်တော်တို့ရဲ့ အရှေ့မျိုးဆက်တွေက အိုင်တီနဲ့ဆိုရင် အလွန်ကွာဟတယ်၊ ဒါကြောင့် Business ကို နည်းပညာနဲ့ ပေါင်းစပ်နိုင်မှုအားနည်းတယ်၊ အခုကတော့ ပြောင်းသွားပြီ၊ ခေတ်ကလည်း ဒီဂျစ်တယ်ခေတ် ဖြစ်လာပြီ၊ အွန်လိုင်မားကတ်တင်းကလည်း အလွန်တွင်ကျယ်လာပြီ၊ မဖြစ်မနေလည်း နည်းပညာကို သုံးရမယ်၊ ကျွန်တော်ဆို ကွန်ပျူတာဘွဲ့ရတစ်ဦးပါ၊ ဆော့ဖ်ဝဲတွေလည်း ရေးခဲ့ဖူးတယ်၊ ကျွန်တော်သိတဲ့ အိုင်တီကို အပြည့်အဝအသုံးချဖို့ မလွယ်ကူတာ ကိုလည်း တွေ့ရတယ်။

ကျွန်တော်သိသလောက်ကို ကျွန်တော် မလုပ်နိုင်ဘူး၊ Solutionတွေကို ဖြေရှင်းဖို့လည်း လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ မရှိဘူး၊ စားသုံးသူဘက်လည်း အဆင်သင့် မဖြစ်သေးတာတွေရှိတယ်။ e-commerce လို့ အလွယ်တကူသာ ပြောနေတာ Customer တွေက e-commerce ဆိုတာ ဘာမှန်းတောင် နားမလည်ကြဘူး၊ အိုင်တီသုံးသူတွေကလည်း ကိုယ့်တိုင်းပြည်မှာ ဖေ့ဘုတ်ခ်လောက် အဓိကသုံးကြတာ။ 

ဖေ့ဘုတ်ခ်က အခုနောက်ပိုင်းတော့ စီးပွားရေးဘက်ကို တိုးချဲ့ဖို့ ကြိုးစားလာတာတွေ့ရတော့ နောက်ပိုင်း ပိုအဆင်ပြေ လာနိုင်တယ်လို့ ထင်ပါတယ်။ တကယ်တမ်းမှာ ကျွန်တော်တို့က နည်းပညာကို မားကတ်နဲ့ လိုက်လျောညီထွေရှိအောင် လုပ်ရတာပေါ့။ အပြည့်မလုပ် နိုင်သေးတာက သူတို့ကို သုံးစွဲတတ်ဖို့၊ ပညာပေးဖို့၊ CSR ပိုင်းတွေ၊ ပညာရေးပိုင်း မြှင့်တင်တာတွေက နိုင်ငံတော်ကလုပ်ပေးဖို့ လိုအပ်တာတွေလည်း အများကြီးရှိ နေသေးတယ်။ 

နန်းစိန်လင်းနောက်(တက္ကသိုလ်ဝင်တန်း)
ပညာရောင်ခြည်ကိုယ်ပိုင်အထက်တန်းကျောင်း

mdn

ကျွန်မက လူငယ်ဆိုတော့ ဘဝမှာ အများကြီးဖြတ်သန်း ရဦးမယ်၊ ဒီပွဲကိုတက်ရင် ဘဝမှာ လိုအပ်တဲ့အတွေးအခေါ်တွေ ရနိုင်မယ်လို့ထင်လို့ တက်ရောက်တာပါ၊ ကျွန်မက နည်းပညာကိုလည်း စိတ်ဝင်စားတယ်၊ အဓိက ကျွန်မရဲ့ ရည်ရွယ်ချက်က ဓာတုဗေဒပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်၊ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ ဆေးဝါးတွေ ထုတ်လုပ်ချင်တယ်၊ ဖော်ထုတ်မှုအသစ်တွေ လုပ်ချင်တယ်၊ ကိုယ့်တိုင်းပြည်က လူတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးချင်တယ်။

ဒီအခမ်းအနားတွေဟာ ကျွန်မတို့လို ကျောင်းမပြီးသေးတဲ့ လူငယ်တွေအပေါ်မှာလည်း အများကြီး အကျိုးသက်ရောက်ပါတယ်၊ ကျွန်မတို့ မျှော်လင့်ချက်တွေ အရောင်တောက်လာစေတယ်။

တွေ့ဆုံမေးမြန်း-ခင်ရတနာ၊ 
ဓာတ်ပုံ-ဟိန်းထက်ဇော်