မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ် ပိုင်ဆိုင်မှု တတိယနေရာတွင် ရပ်တည်နေ

ရန်ကုန် ဧပြီ ၂၃

 

ကမ္ဘာကြီးပူနွေးလာမှုမှ ရာသီဥတုဖောက်ပြန်မှုကို ထိန်းချုပ်နိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ရှင်သန် ဖွံ့ဖြိုးမှုနှင့် လူနှင့်ရုပ်ပတ်ဝန်းကျင်ကို သဘာဝဘေးမဲ့တောများနှင့် အမျိုးသားဥယျာဉ်များက  အကျိုးပြု လျက်ရှိရာ အမျိုးသားဉယျာဉ်များကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ အကြားတွင် အာဆီယံအမျိုးသားဥယျာဉ်များ ပိုင်ဆိုင်မှုတတိယနေရာတွင် ဂုဏ်ယူဖွယ်ရပ်တည် လျက်ရှိကြောင်း သိရသည်။

 

အာဆီယံအမွေအနှစ်ဥယျာဉ်များကို ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ လာအိုနိုင်ငံတွင် တစ်ခု၊ ကမ္ဘောဒီးယား နိုင်ငံတွင် နှစ်ခု၊ စင်ကာပူနိုင်ငံတွင် နှစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ ထိုင်းနိုင်ငံတွင် ခြောက်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် ခုနှစ်ခု၊ မြန်မာနိုင်ငံတွင် ရှစ်ခု၊ ဖီလစ်ပိုင်နိုင်ငံတွင် ကိုးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ၁၀ ခုတို့ အသီးသီး ပိုင်ဆိုင်ထားကြပြီး အာဆီယံအသိုက်အဝန်းအနေဖြင့် အာဆီယံအမျိုးသားဥယျာဉ် ၄၉ ခုကို ပိုင်ဆိုင်ထားရာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များ ရှေရည်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လည်း အထောက်အကူပြုလျက်ရှိသည်။

 

“ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ ဇီဝမျိုးစုံမျိုးကွဲနဲ့ တောတောင်တွေရှင်သန် မှုအပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် သဘာဝသယံဇာတတွေကို ထိန်းသိမ်းလိုတဲ့ ဦးဆောင်တဲ့စိတ်လည်းလိုတယ်။ ထုတ်ယူ သုံးစွဲတဲ့အဆင့်မှာဆိုရင် ဥပဒေ၊ နည်းဥပဒေကို လေးစားလိုက်နာပြီး စနစ်တကျ ထုတ်ယူသုံးစွဲမှုနဲ့ ပြန်လည်ထိန်းသိမ်းမှု၊ ဖြည့်စွက်ပျိုးထောင်မှုလည်းလိုပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှုဟာ အဓိကပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားဥယျာဉ်တွေဟာ အာဆီယံအတွက်သာမဟုတ်ပါဘူး ကမ္ဘာကြီး အတွက်ပါ အရေးပါပါတယ်။ သဘာဝထိန်းသိမ်းရေးနယ်မြေတွေကို ကာကွယ်စောင့်ရှောက်ရာမှာ Green Economy နဲ့ Blue Economy တိုက်ရိုက်အကျိုးပြုတဲ့အပြင် နိုင်ငံရဲ့ဘူမိရုပ်သွင်နဲ့ ရာသီဥတုမျှတမှု ကိုလည်း အထောက်အကူပြုစေပါတယ်။ သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းဆိုရင် ခရီးသွားတွေ ဟာ အဏ္ဏဝါ၊ ကုန်းမြေနဲ့ ရေခဲတောင်တန်းတွေ စတဲ့ စိတ်ဝင်စားမှု အမျိုးမျိုးရှိပါတယ်။ အဲဒီလို ခရီးစဉ်တွေထဲက စိတ်ဝင်စားခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝကပေးထားတဲ့ အမွေအနှစ်တွေပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံဆိုရင်လည်း မမှားပါဘူး” ဟု လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။

 

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာဆီယံနိုင်ငံများနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်ခဲ့သည်နည်းတူ ‌ဒေသတွင်းရှိ အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်များ ရှင်သန် ကြွယ်ဝရေးကို NGOsအသင်းအဖွဲ့များ၊ ဒေသခံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ တွင် သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဉယျာဉ်၊ အဏ္ဏဝါအမျိုးသားဉယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရုပ်သွင်ထူးသည့်နယ်မြေ၊ ဒေသအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတို့ဖြင့် သဘာဝ ထိန်းသိမ်းရေးနယ်‌‌မြေ အမျိုးအစားများခွဲခြားကာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု တည်ထောင် ထားရှိပြီး နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖော်ဆောင်ထားရှိသည်။

 

“နိုင်ငံတော်အနေနဲ့လည်း မူဝါဒ၊ ရည်မှန်းချက်တွေ ချမှတ်ဆောင်ရွက်နေတာရှိတယ်။ သစ်တောဆိုရင် နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း၊ ကြိုးဝိုင်းကြိုးပြင်တောတွေကာကွယ်ဖို့နဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေဆိုရင် နိုင်ငံဧရိယာရဲ့၁၀ ရာခိုင်နှုန်းတည်ထောင်ဖို့ဆိုပြီး ရည်မှန်းချက်ထား ဆောင်ရွက်နေတာ ရှိတယ်။ သဘာဝထိန်းသိမ်း‌ရေးနယ်မြေတွေကို တည်ထောင်ထားတာဆိုရင် ၆ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ အမျိုးသားဥယျာဉ်တွေ ရှင်သန်ဖွံ့ဖြိုးနေမယ်ဆိုရင် ခရီးသွားလုပ်ငန်းကို အထောက်အကူပြု တဲ့အပြင် ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ ရရှိစေမှာပါ။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ အမျိုးသားဥယျာဉ်တည်ထောင်ထားရှိမှု တတိယ နေရာမှာ ရပ်တည်နေတာကြောင့် အဏ္ဏဝါဖြစ်စေ၊ ရေချိုအိုင်ဖြစ်စေ၊ သဘာဝဘေးမဲ့တောဖြစ်စေ၊ ရေခဲတောင်ဒေသဖြစ်စေ ရေရှည်တည်တံ့ဖို့အတွက် အားလုံးပူးပေါင်းထိန်းသိမ်းသွားဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံက အမျိုးသားဥယျာဉ်များဟာ ထိခိုက်မှုအနည်းဆုံးနဲ့ အဆင့်မှာ ရှိနေသေးလို့ပါ” ဟု ၄င်းက ဖြည့်စွက် ပြောသည်။

 

အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းတို့တွင် ဒေသအတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဂေဟစနစ်၊ မျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များ (ASEAN Heritage Parks – AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမာန်

သစ္စာ(mna)