မြန်မာနိုင်ငံ၌ တတိယအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်လုံးအိမ်၌ ပျားစွဲ

မြစ်ကြီးနား ဩဂုတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၌ တည်ထား ကိုးကွယ်ထားသည့် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဘယ်ဘက် မျက်လုံးအိမ်တွင် ဩဂုတ် ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က ပျားများ လာရောက်စွဲကပ်နေကြောင်း လက်ထောက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၏ မိန့်ကြားချက်အရ သိရှိရသည်။

မဇ္ဈိမလာဘဗောဓိ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ဉာဏ်တော် ၁၀၈ ပေရှိကာ အမြင့် ၁၅ ပေ၊ အလျား ပေ ၁၀၀၊ အနံ ပေ ၆၀ ရှိ ပလ္လင်တော်ပေါ်တွင် တည်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်လုံးအိမ်တွင် ပျားစွဲနေသည်မှာ ကောင်းမွန်သည့် နိမိတ်လက္ခဏာများဖြစ်ကြောင်း ဒေသခံပြည်သူများက ယုံကြည်နေကြပြီး ဗုဒ္ဓရုပ်ပွားတော်ကြီးကို ကိုဗစ်ကာလနှင့် အကြောင်းအမျိုးမျိုးကြောင့် ရေစက်ချလှူဒါန်းမှုများ မပြုလုပ်ရသေးကြောင်း ဆရာတော် ဘဒ္ဒန္တ နေမိန္ဒထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)