မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေဆိုင်ရာ အသိပညာမျှဝေဆွေးနွေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၃၀

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေရန်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည်ပြီး၊ လိုက်နာဆောင်ရွက်မှုပိုမို အားကောင်းလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ အသိပညာမျှဝေ ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံ နက် ၉ နာရီတွင် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၄)ရပ်ကို ချမှတ်၍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည် သာယာဝပြောရေးကို ဆောင်ရွက်လျက်ရှိရာ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စီးပွားရေးလုပ်ငန်းများ စုစည်းခိုင်မာအားကောင်းပြီး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်လာ စေရေး အတွက် အချင်းချင်းအထောက်အကူပြုဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို နည်းလမ်းတကျ၊ စည်းစနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏မြို့တော်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Smart City ဖြစ်စေရေး ဦးတည်ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအပါအဝင် သက်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာပြီး၊ တာဝန်ကျေသော နိုင်ငံသားကောင်း၊ ဒါရိုက်တာကောင်း၊ အဖွဲ့အစည်းကောင်းများအဖြစ် ရှင်သန်ရပ်တည်လျက်၊ Smart People၊ Smart Company၊ Smart Organizationများ ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ရင်း မိမိအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားတို့ကို မျှတစွာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာအသိပညာမျှဝေဆွေးနွေးပြီး ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ဆွေဦးက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေး နွေးကြရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်