မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ် ပိုမိုကျယ်ဝန်း

၁၆ နိုဝင်ဘာ

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းဘဏ်များနည်းတူ ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate) များအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

 

ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ရာတွင်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးမှအစ လူမှုဘဝနယ်ပယ်ကဏ္ဍအားလုံးတွင်လည်းကောင်း ငွေရေးကြေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဘဏ်လုပ်ငန်းကို အဓိကအားကိုးအားထားပြုရသည်။ ယခုအခါ စီးပွားရေးနှင့်လူမှုဘဝနယ်ပယ် ပိုမိုကျယ်ဝန်းလာရာ ပြည်သူအားလုံးတို့သည် ဘဏ်များနှင့် ဆက်သွယ်လုပ်ကိုင်နေရသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌နိုင်ငံပိုင် ဘဏ်လေးခု၊ ပုဂ္ဂလိကဘဏ် ၂၇ ခုနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ၁၃ ခု လုပ်ကိုင်လျက်ရှိသည်။

 

 

မြန်မာနိုင်ငံတွင် ယခုအခါ ပြည်တွင်းစီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ကျယ်ပြန့်လာသဖြင့် ပြည်တွင်းငွေကြေး လည်ပတ်ရေးသာမက တိုးတက်များပြားလာသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ငွေကြေးလည်ပတ်စီးဆင်းနိုင်ရေးအတွက် ဘဏ်လုပ်ငန်းများ ခိုင်မာအားကောင်းပြီး ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်လာသည်။ ထို့ကြောင့် ပြည်တွင်းဘဏ်များသာမက နိုင်ငံခြားဘဏ်များကိုပါ တိုးတက်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်က စီးပွားရေးမူဝါဒနှင့်အညီ အားပေးဆောင်ရွက်လျက်ရှိသည်။

 

 

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ အစိုးရသစ်တာဝန်မယူမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော်ရှိသည်။ အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆၀ တိုးလာပြီး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံလာသည်ဟု သိရသည်။

 

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသောကြောင့် လက်ရှိပြည်တွင်း၌ ထူထောင်ထားသော နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုဖြင့် လုံလောက်မှုမရှိနိုင်ချေ။ ပြည်ပမှ ထပ်မံရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့နှင့်ဆိုင်ရာ၊ ၎င်းတို့နှစ်သက်ရာ နိုင်ငံခြားဘဏ်များနှင့် ၎င်းတို့၏ဘဏ်ခွဲများနှင့် မြန်မာနိုင်ငံတွင် ငွေကြေးလည်ပတ်စီးဆင်းလိုကြမည်ဖြစ်၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းဘဏ်များနည်းတူ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းသည် လျော်ကန်သင့်မြတ်မှုရှိပေသည်။

 

 

ထို့ကြောင့် ပြည်တွင်းဘဏ်များတိုးတက်ဖွင့်လှစ်နိုင်ခြင်း၊ နိုင်ငံခြားဘဏ်များ တိုးတက်ဖွင့်လှစ်နိုင်သဖြင့် ပြည်တွင်းစီးပွားရေးလည်ပတ်မှု ပိုမိုကောင်းမွန်လာမည့်အပြင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီနှင့် လုပ်ငန်းများထံမှ နိုင်ငံတော်အတွက် ဝင်ငွေခွန်များ ပိုမိုတိုးတက်ရရှိလာကာ နိုင်ငံ့ဓနအင်အားပိုမိုခိုင်မာ တောင့်တင်းလာမည်ဖြစ်သည်။ နိုင်ငံခြားဘဏ်ဘဏ်ခွဲများသည် ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် မည်သည့်ချေးငွေ ဖြည့်ဆည်းမှုကိုမဆို ဆောင်ရွက်နိုင်ခြင်းနှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

 

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် မြန်မာနိုင်ငံသားစီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့လိုအပ်သည့် ချေးငွေဖြည့်ဆည်းမှုကို ပြည်တွင်းဘဏ်များသာမက နိုင်ငံခြားဘဏ်များမှလည်း ရရှိလာနိုင်မည်ဆိုပါက ပြည်တွင်း၌ စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုများလာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အဓိကမှာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်လာရန် ဖြစ်သည်။

 

 

သို့ဖြစ်ရာ နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းဘဏ်များနည်းတူ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုနယ်ပယ် ပိုမိုကျယ်ဝန်းလာပြီး စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်းကို ကြိုဆိုပါကြောင်း။

ကြေးမုံ