မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Mr. Jaroslav Dolecek

မြန်မာပြည်သူတွေဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး အဖိုးထိုက်တန်တဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ မကြာမီ ကျွန်တော် ထွက်ခွာမှာဖြစ်ပေမယ့် မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ နွေးထွေးပျူငှာမှုတွေကို ကျွန်တော့် နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားမှာဖြစ်ပါတယ်။
 

 

၁၆-၁၀-၂၀၁၉ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jaroslav Dolecek နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

 

မေး။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့ ကာလ
အတွင်း သံအမတ်ကြီးအနေနဲ့ သတိပြုမိတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းနဲ့ အပြောင်း အလဲရဲ့ ထိရောက်မှုကို သိချင်ပါတယ်။
ဖြေ။ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂၀၁၅
ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံကို ကျွန်တော် ရောက်ခဲ့ပြီးတော့ ပြုပြင်ပြောင်းလဲမှုနဲ့ အပြောင်းအလဲ အတွက် မြန်မာပြည်သူတွေရဲ့ စိတ်အားထက်သန်မှု၊ မျှော်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေကို တွေ့မြင်ခဲ့ရ ပါတယ်။ တချို့အပြောင်းအလဲတွေကတော့ စတင်နှင့်နေ ပါပြီ။ တချို့အပြောင်းအလဲတွေကတော့ မတူညီတဲ့ ခြေလှမ်း၊ ကွဲပြားတဲ့ ခရီးပေါက်မှုတွေနဲ့ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။

ထုတ်ဖော်ပြောဆိုနိုင်တဲ့ အပြောင်းအလဲတွေကတော့ မိုဘိုင်းဖုန်းခေတ်၊ အင်တာနက် တွင်ကျယ်လာမှု၊ Facebook ကို စွဲလမ်းနှစ်ခြိုက်မှုတို့ဖြစ်ပါတယ်။ ဒါတွေ ဟာ ပြည်သူတွေရဲ့ အသိတရားနိုးကြားမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေနဲ့ ဆက်စပ်နေပါတယ်။ နောက်ပြီး တော့ ပို့ဆောင်ရေးပိုမိုကောင်းမွန်လာမှု၊ အခြေခံ အဆောက်အဦတွေပိုမိုခေတ်မီလာမှု၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတိုးတက်မှု၊ ကားအသစ်စက်စက်တွေ ရောင်းချမှု၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေ ပိုမိုတိုးတက်လာမှု၊ မြန်မာနိုင်ငံ နေရာအတော်များ များမှာ လျှပ်စစ်မီးရရှိလာမှု၊ ပိုမိုများပြားလာတဲ့ ဈေးဝယ် စင်တာများနဲ့ ကုန်ပစ္စည်းအမျိုးအစားများစွာ ရရှိနိုင်မှု စတာတွေဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့ဟာ အာဆီယံ မှာ ပဉ္စမမြောက် စမတ်စီးတီးအဖြစ် ဆုချီးမြှင့်ခံရမှုနဲ့ ပုဂံဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခံရတာတွေပဲ ဖြစ်ပါတယ်။

ဥပဒေအများအပြားကိုလည်း လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ဥပဒေအသစ်ပေါ်ထွက်လာခဲ့ပြီး ငွေကြေးဝန်ဆောင်မှုကဏ္ဍနဲ့ အခြားကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လေးနှစ်သက်တမ်း ကာလဆိုတာ ဘယ်အစိုးရအတွက် မဆို သူလုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အပြောင်းအလဲ အားလုံးကိုလုပ်ဖို့ အခက်အခဲ ရှိပါတယ်။ တချို့ အပြောင်း အလဲတွေကတော့ ဆက်လုပ်ဖို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြင်မှာတော့ အဲဒီ ပြုပြင်ပြောင်းလဲ မှုနဲ့ အပြောင်းအလဲတွေရဲ့ ခြေလှမ်းနဲ့ ခရီးပေါက်ရောက်မှု ဟာ ဒီမိုကရေစီ ကူးပြောင်းမှု အရှိန်အဟုန်၊ တရားဥပဒေ စိုးမိုးမှုတို့နဲ့သက်ဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီပြု ပြင်ပြောင်းလဲမှုတွေကို ကမ္ဘာပေါ်က အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ သိသာထင်ရှားပါတယ်။

ကျွန်တော်က လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကို ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံကနေ ရောက်လာတာဖြစ်ပါတယ်။ အပြောင်းအလဲနဲ့ ဖွံ့ဖြိုးတိုး တက်မှုတွေအတွက် အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေက သာဓက ပြသနိုင်ပါတယ်။ ကျွန်တော် တို့ဟာ နိုင်ငံတကာအကူအညီ လက်ခံတဲ့နိုင်ငံကနေ လေးစားခံရတဲ့ အလှူရှင်နိုင်ငံများအဖွဲ့ဝင် ဖြစ်လာခဲ့ ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာအောင် နှစ်ပေါင်း ၂၀ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံဟာ အဲဒီကာလရဲ့ လေးပုံတစ်ပုံပဲ ရှိပါ သေးတယ်။ ပြုပြင်ပြောင်းလဲမှုခြေလှမ်းကို ဆက်လှမ်း နေမယ်ဆိုရင် နည်းနည်းလေး ရှေ့ကိုတိုးရင်တောင်မှ အောင်မြင်မယ့် အလားအလာ အပြည့်အဝ ရှိပါတယ်။

မေး ။ ပြီးခဲ့တဲ့ ဇွန်လက ချက်သမ္မတနိုင်ငံကို တရားဝင်
အလည်အပတ်သွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးရဲ့ အတွေ့အကြုံကို မျှဝေ ပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော့်အတွေ့အကြုံကို ဝမ်းပန်းတသာ မျှဝေ
ချင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရရော ကျွန်တော့်နိုင်ငံ အတွက်ရော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ချက်သမ္မတနိုင်ငံ တရားဝင်ခရီးစဉ်ဟာ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံသံတမန်ဆက်ဆံရေး အထွတ်အထိပ်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ နှစ်ပေါင်း ၅၃ နှစ် ကြာပြီးနောက် မြန်မာဘက်ကနေ လာရောက်ခဲ့တဲ့ ပထမ ဦးဆုံး အဆင့်မြင့်ပုဂ္ဂိုလ် ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လ နောက်ပိုင်းမှာ ဥရောပကိုသွားတဲ့ ပထမဆုံး ခရီးစဉ် ကို နှစ်နိုင်ငံပြည်သူတွေအကြား အထူးသဖြင့် သူတို့ရဲ့ ကိုယ်စားလှယ်များအကြား စစ်မှန်ပြီး ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ ချစ်ကြည်ရေးခရီးစဉ် ဖြစ်တယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပရာ့ဂ်မြို့ကို ရောက်ရှိ စဉ်မှာ ကျွန်တော်တို့ရဲ့ ချက်နိုင်ငံသမ္မတဟောင်း ဗာကလပ် ဟာဗယ် ရဲ့ အုတ်ဂူမှာ ပန်းစည်းချပြီး သူ့ခရီးစဉ် စတင်ခဲ့ တာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သမ္မတဟောင်း ဗာကလပ်ဟာဗယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရစဉ် ကာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေအပေါ် ထောက်ခံခဲ့တဲ့သူ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး အခြား သိသာထင်ရှားတဲ့ အချက်တွေကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ရဲ့ ချက်သမ္မတ နိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နဲ့ အခြားအဆင့်မြင့်ကိုယ်စားလှယ် တွေက တရားဝင်ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားများ၊ အလွန်အောင်မြင်တဲ့ စီးပွားရေးဖိုရမ်၊ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ မမေ့နိုင်စရာ မိန့်ခွန်း၊ ချားလ်စ်တက္ကသိုလ်ရဲ့ ဂုဏ်ထူး ဆောင် ဆုတံဆိပ်လက်ခံရယူမှု၊ မြန်မာ့အလှအပများလို့ နာမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနား၊ လက်ရှိ အစိုးရ သက်တမ်းအတွင်းမှာ ပထမဆုံး အသစ်ဖွင့်လှစ်ခဲ့တဲ့ သံရုံးအဖြစ် ပရာ့ဂ်မြို့မှာ မြန်မာသံရုံး ဖွင့်လှစ်မှုတို့ ဖြစ်ပါတယ်။
ခြုံပြီးကြည့်ရင် ဒီခရီးစဉ်က နှစ်နိုင်ငံအတွက် ဘာတွေ ဆောင်ကြဉ်းပေးခဲ့သလဲဆိုတော့ ပထမဆုံးအနေနဲ့ နှစ်နိုင်ငံ ကြားမှာ ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နားလည်မှု ပိုမိုတိုးတက် ကောင်းမွန်လာပါတယ်။ ဒုတိယအချက်အနေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုဖြစ်ပြီးတော့ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အရာရာကို နှစ်နိုင်ငံ အပြန်အလှန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါတင်မကဘဲ အီးယူနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံများ ပါဝင်မှုနဲ့ပါ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး။ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး တရားဝင် ပြန်လည်ဖွင့်
လှစ်ပြီးတဲ့နောက် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အမျိုးသမီး သံအမတ်ကြီး ဒေါ်ကေသီစိုးကို ခန့်အပ်ခဲ့ပါတယ်။ မြန်မာ-ချက် သံတမန် ဆက်ဆံရေးရဲ့ သိသာထင်ရှားတဲ့ အောင်မြင်တိုးတက်မှု အပေါ် သံအမတ်ကြီးရဲ့ ထင်မြင်ချက်ကို သိချင်ပါတယ်။

ဖြေ။ ကျွန်တော်တို့အနေနဲ့ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး
ပြန်လည်ဖွင့်လှစ်တာကို ကြိုဆိုပါတယ်။ ပြီးတော့ ဒီလိုသံရုံး ပြန်ဖွင့်တာဟာ အပြန်အလှန် ဆက်ဆံရေး တည်းဟူသော ရွက်လှေကြီး ရွက်လွှင့်ဖို့အတွက် အသစ် အသစ်သော လေတွေဆောင်ယူလာလိမ့်မယ်လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နှစ်ဖက် စလုံးမှာ သံတမန်လုပ်ငန်းတွေ မြန်မြန်တိုးတက်လာတာ ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ချက်သမ္မတနိုင်ငံ ဝန်ကြီးများရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နှစ်ကြိမ်အောင်မြင်မှု ရရှိခဲ့ ပါတယ်။ မန္တလေးမြို့မှာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ယခုနှစ် ဇွန်လက ပရာ့ဂ်မြို့ကို သွား ရောက်တဲ့ အဆင့်မြင့်နိုင်ငံတော်ခရီးစဉ် အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရန်ကုန်မြို့မှာ ချက်သံရုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျွန်တော် ရောက်လာတဲ့အချိန် ကစပြီး မြန်မာပြည်သူတွေ ချက်သမ္မတနိုင်ငံကို သတိမူလာ အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးရေး နဲ့ အသွင်ကူးပြောင်းရေးစီမံကိန်းအများအပြားကို အကောင် အထည်ဖော်ခဲ့ပါတယ်။ သဘာဝကပ်ဘေးတွေ ဖြစ်ပွားပြီး နောက်မှာ လူသားချင်းကူညီမှု အထောက်အပံ့တွေကို ပေးအပ်ခဲ့ပါတယ်။ အခြေခံအဆောက်အဦတွေ တည်ဆောက်ရာမှာ ကူညီခဲ့ပါတယ်။ စာသင်ကျောင်း တွေကို တည်ဆောက်ပေးခဲ့ပါတယ်။ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာကို ပြန်လည်တည် ဆောက်ခဲ့ပါတယ်။ မြွေဆိပ်ဖြေဆေးတွေ ထောက်ပံ့ ပေးပြီးတော့ လယ်သမားတွေရဲ့ အသက်တွေကို ကယ်တင် ပေးခဲ့ပါတယ်။ အစိုးရအဖွဲ့အချင်းချင်း၊ စီးပွားရေးလုပ်ငန်း တွေအချင်းချင်း စီးပွားရေးသံခင်းတမန်ခင်းကိစ္စတွေမှာ အောင်အောင်မြင်မြင် ပါဝင်ခဲ့ပါတယ်။
သို့ပေမယ့်လည်း တိုးတက်အောင်လုပ်ဖို့ လိုနေသေး တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အခုချိန်မှာ ပရာ့ဂ်မြို့ မြန်မာသံရုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို အမြင့် ဆုံးအဆင့်ထိ တိုးတက်ရောက်ရှိအောင် ကျွန်တော်တို့ ကြိုးစားအားထုတ်မှု ဆပွားမြှင့်တင်နိုင်တော့မှာ ဖြစ်ပါတယ်။
မေး။ မြန်မာနိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတွေဟာ အင်အား
ပြည့်ဝတဲ့ သံရုံးတွေကို အသင့်ဖွင့်ထားပြီး နိုင်ငံတွေဖြစ်တဲ့အတွက် နှစ်နိုင်ငံ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံ တကာအဆင့်မှာ နှစ်နိုင်ငံအကြား အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုကို သိပါရစေ။

ဖြေ။ ယခုနှစ်မှာ သမိုင်းဝင်မြင့်မားလာခဲ့တဲ့ မြန်မာ
နိုင်ငံနဲ့ ဆက်ဆံရေးကို ချက်သမ္မတနိုင်ငံအနေနဲ့ ဆက်လက်တိုးမြှင့်လိုပါတယ်။ တူညီတဲ့သမိုင်းကြောင်းနဲ့ နှစ်ဖက်အကြား အပြန်အလှန်နားလည်မှုအပေါ် အခြေ ခံပြီး ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့မှာ ပိုမိုကောင်း မွန်တဲ့ထိတွေ့ဆက်ဆံမှုရရှိဖို့ ကြိုးပမ်းလုပ်ဆောင်ဖို့ အခွင့် အရေးအများအပြား ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ချက် သမ္မတနိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒေသ ဆိုင်ရာနဲ့ နိုင်ငံတကာအဆင့်မှာ ပိုမိုကောင်းမွန်တဲ့ နားလည်မှုဖြစ်ထွန်းနိုင်ဖို့ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံနဲ့ အကြားမှာ ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်လိုပါတယ်။
မေး။ မိမိတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ
ဘာတွေက ဦးစားပေးများ ဖြစ်မလဲဆိုတာကို သိပါရစေ။

ဖြေ။ ပုဂ္ဂလိက ကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်
ရွက်မှု ဆက်လက်ပြုလုပ်နေတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ လောလောဆယ် စီးပွားရေးလုပ် ဆောင်မှု အများစုကတော့ ဖန်ထည်၊ အစားအစာ၊ စက် ကိရိယာအစိတ်အပိုင်း၊ ဆေးဝါးစတဲ့နယ်ပယ်တွေမှာ အပြန်အလှန် ကုန်သွယ်ရေးဖလှယ်မှုပုံစံ ဖြစ်ပါတယ်။ တချို့သော ချက်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ အထူး သီးသန့်ဖြန့်ဖြူးရေးကုမ္ပဏီတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ချက်သမ္မတနိုင်ငံရဲ့ ဖန်ချက်စက်ရုံများကဲ့သို့သော နယ်ပယ်တွေမှာ ရေရှည်မဟာဗျူဟာ ပူးပေါင်းဆောင် ရွက်မှု တည်ဆောက်နေပါတယ်။ မိမိတို့ရဲ့သံရုံးက ပို့ကုန် တင်ပို့တဲ့ ချက်ကုမ္ပဏီတွေကို တက်တက်ကြွကြွ ကူညီ နေသလို ဆက်လက်ပြီးတော့လည်း ကူညီသွားမှာပါ။ ဒါပေမယ့် ချက်ကုမ္ပဏီတစ်ခုကနေ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တစ်ခုနှင့်အတူ အကူအညီရဖို့ မိမိတို့ဆီ လာရောက် ဆက်သွယ်တာကို မိမိတို့အနေနဲ့ စောင့်ဆိုင်းနေပါတယ်။ ဒါဟာ အနာဂတ်အတွက် မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါတယ်။ စီးပွားရေးဖိုရမ်များ တက်ရောက်ခြင်း၊ ကုန်စည်ပြပွဲများ၌ပါဝင်ခြင်းနဲ့ နှစ်နိုင်ငံအကြား အပြန် အလှန်အကျိုးဖြစ်ထွန်းတဲ့ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုတည်ထောင်ခြင်းအားဖြင့် နှစ်နိုင်ငံစလုံးမှ ပိုမိုကြီး မားတဲ့ စီးပွားရေးအစုစပ်ကုမ္ပဏီတွေကို မိမိတို့အနေနဲ့ အားပေးအားမြှောက်ပြုဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ချားလ်စ်တက္ကသိုလ် (Charles University) မှာ
အသွင်ကူးပြောင်းရေးကာလရဲ့ စိန်ခေါ်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပို့ချမှုနှင့်ပတ်သက်ပြီး သံအမတ် ကြီးရဲ့ ထင်မြင်ယူဆချက်ကို ကျေးဇူးပြု၍ မျှဝေပေးနိုင် မလား။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများနဲ့ ရခိုင်ပြည်နယ် ပြဿနာ တွေကို မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုရဲ့အစိတ်အပိုင်း တွေအနေနဲ့ ညွှန်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုဟာ နိုင်ငံတကာက စိတ်ဝင်စားပြီးတော့ မီဒီယာတွေရဲ့ သတင်းခေါင်းစဉ်ဖြစ် လာခဲ့ပါတယ်။ အသွင်ကူးပြောင်းမှုမှ မြန်မာပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ သောက်သုံးရေအခြေခံလိုအပ်ချက်၊ လမ်း၊ လျှပ်စစ်မီး၊ ကျန်းမာရေးနှင့် ပညာရေးတို့အပေါ် မီဒီယာအနည်းငယ်ကသာ အာရုံစိုက်တယ်လို့ ထင်ရပါ တယ်။ ဒါတွေအပေါ် သံအမတ်ကြီးရဲ့ထင်မြင်ယူဆချက် တွေကို သိပါရစေ။

ဖြေ။ မြန်မာနိုင်ငံမှာရှိနေတဲ့ စိန်ခေါ်မှုတွေကို ချက်
သမ္မတနိုင်ငံအနေနဲ့ အများကြီးသိရှိထား ပါတယ်။ ဒါ့အပြင် အချိန်ဟာ အလိုအပ်ဆုံးဖြစ်တယ်ဆိုတာ ကိုလည်း မိမိတို့အနေနဲ့ သိရှိနားလည်ထားပါတယ်။ စိန်ခေါ် မှုတွေရင်ဆိုင်ကြုံတွေ့တဲ့အခါ အခွင့်အရေးတစ်ခုပေးတဲ့ အနေနဲ့ အချိန်ပေးရန် လိုအပ်သလို စိန်ခေါ်မှုတွေ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာလည်း အချိန်လိုအပ်ပါတယ်။ သတင်းခေါင်းစဉ်ဖြစ်စေတဲ့ ဖြစ်ရပ်တွေရှိနိုင်သလို နောက်ခံ အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်။

ဆိုလိုတာကတော့ ရခိုင်အရေးကြောင့် အခြားပြဿနာ တွေ ပေါ်လွင်ထင်ရှားမှုမရှိတော့ဘဲ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု ပျောက်ကွယ်တတ်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မိမိရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တန်းတူညီမျှဖြစ်အောင် ဂရုစိုက်ဖို့တော့ လိုတယ်လို့ယူဆပါတယ်။ ထိုနည်းတူ နေရာတိုင်းမှာ လိုအပ်တဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဦးတည်ပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အတွင်း လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်နဲ့ ပတ်သက် ပြီးတော့ ဥပမာတစ်ခု ပြောပြပါရစေ။ ဟိုးတစ်ချိန်တုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ကားလမ်းမရှိတဲ့ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ ဒေသအစိတ်အပိုင်းတွေကို မြေပုံ ပေါ်မှာ ပြသခဲ့ဖူးပါတယ်။ ဒါ့အပြင် သူက မြေပုံပေါ်မှာရှိ တဲ့ အဲဒီဒေသတွေကို လက်ညှိုးထိုးပြပြီး အဲဒီဒေသတွေမှာ လမ်းတွေဖောက်လုပ်ပြီးတဲ့အခါမှာ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အဦ၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူတွေရဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှုတွေ အလိုလို လိုက်ပါလာလိမ့်မယ်လို့ ပြောပြခဲ့တာကို မိမိအနေနဲ့ သဘောတူလက်ခံခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် နိုင်ငံ တကာရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေမှာ မိမိတို့နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ကူညီ နေပါတယ်။ မိမိတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကတော့ ပညာရေးနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါတယ်။ ပညာရေးဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အရင်းအနှီးတစ်ခု ဖြစ်ပါတယ်။ မိမိ တို့ရဲ့ အကူအညီဟာ အမြဲတမ်းဘက်လိုက်မှုရှိမှာ မဟုတ် သလို မည်သည့် ကုမ္ပဏီနဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို မျက်နှာသာပေးတာ ဒါမှမဟုတ် နောက်ချန်ထားရစ်တာ ရှိမှာမဟုတ်ပါဘူး။
မေး။ တာရှည်ခံတဲ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့
ဒီမိုကရေစီအတွက် ပညာရေးဟာ အခြေခံ
အုတ်မြစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်ပေါ်ဖို့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ မှုနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်မှုနဲ့ ဒီပြဿနာကိုဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော် မြင်တွေ့ခဲ့ ပါတယ်။ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာ၊ ပညာရေး ဝန်ထမ်းဦးရေ သိသိသာသာ တိုးမြှင့်ပေးတာ ဒါမှမဟုတ် ပြည်သူတွေရဲ့ အခြေခံပညာရေးသင်ယူခွင့် တိုးချဲ့လာတာ အစရှိတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်အချို့ကို ကျွန်တော် ထုတ်ဖော်ပြောကြားချင်ပါတယ်။ ဒါပေမယ့်လည်း မူကြို ပညာရေး preschool education ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံပညာရေး အရည်အသွေးနဲ့ သင်ကြားခွင့် တိုးတက် ဖို့လိုအပ်တာ၊ ဆရာအတတ်သင်ပညာရေးနဲ့ စီမံခန့်ခွဲမှုတို့ မှာ စိန်ခေါ်မှုအချို့ ရှိနေဆဲပဲလို့ ကျွန်တော် ကြားသိခဲ့ရပါ တယ်။ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာဖို့ ကြိုးပမ်းမှုတွေအရ မြန်မာနိုင်ငံဟာ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုတွေအတွက် ယူရို ၂၂၁ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်တဲ့ ချက်သမ္မတနိုင်ငံ အပါအဝင် ဥရောပသမဂ္ဂနဲ့ အဖွဲ့ ဝင်နိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
ပြည်ပမှာ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ရှာဖွေရာ မှာ ငယ်ရွယ်တဲ့မျိုးဆက်တွေရဲ့ စိတ်ဝင်စားမှုမြင့်တက်လာမှုကိုလည်း ကျွန်တော်တွေ့မြင်ရပါတယ်။ ဒီလို စိတ်ဝင် စားမှု မြင့်တက်လာခြင်းက လူငယ်တွေကို ပိုမို အမြင်ကျယ် စေပြီး ပြည်တွင်းမှာ အခက်အခဲတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းလာနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။
လူငယ်ဆိုတာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်း အတွက် အနာဂတ်ဖြစ်တာ လူတိုင်းသိပါတယ်။ ဒီကြိုးပမ်း မှုမှာ မြန်မာနိုင်ငံကို အကူအညီပေးပြီး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရာမှာ ပြည်သူတွေကို အားပေးရမှာဖြစ်ပါတယ်။
မေး။ နိုင်ငံတော်နဲ့ အဆင့်မြင့်တာဝန်ရှိသူအဆင့်
ခရီးစဉ်တွေအပြင် နှစ်နိုင်ငံ ပြည်သူအချင်းချင်း
ပုံမှန်ဆက်ဆံမှုတွေ အားကောင်းအောင်လုပ်ဆောင်မယ့် အနာဂတ်အစီအစဉ်တွေကို သိလိုပါတယ်ခင်ဗျာ။
ဖြေ။ ယဉ်ကျေးမှု၊ ပညာရေး၊ အဖွဲ့အစည်းဆိုင်ရာ
ဆက်ဆံမှုလို နယ်ပယ်အသီးသီးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဆက်ဆံမှုမြင့်မားအောင် လုပ်ဆောင်နေပါတယ်။ ချက် သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ ပညာရေးကဏ္ဍ တို့မှာ စီမံကိန်းများစွာကို အကောင်အထည်ဖော်နေပါ တယ်။ မြန်မာနိုင်ငံမှာ ချက်သမ္မတနိုင်ငံရဲ့ ယဉ်ကျေးမှု ပိုမိုတွေ့မြင်ခွင့်ရဖို့နဲ့ ချက်သမ္မတနိုင်ငံရဲ့ ပြည်သူတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ တွေ့ထိခွင့်ရအောင် မြန်မာမိတ်ဆွေ တွေကို ကူညီပေးခြင်းဖြင့် နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင် ရာ ဆက်ဆံမှုကိုလည်း ခိုင်မာအောင် လုပ်ဆောင်လိုပါ တယ်။
ဒါ့အပြင် ကျွန်တော်တို့ရဲ့ စီမံကိန်းတွေက ချက်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးရုံ သာမက ပြည်သူအချင်းချင်းဆက်ဆံမှုကို ခိုင်မာလာစေဖို့ အထောက်အကူပြုပါတယ်။ ကုန်သွယ်ရေး သဘောတူညီ ချက် အများအပြားက ရေရှည် မိတ်ဖက်ဆောင်ရွက်မှုတွေနဲ့ ချက်နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အမျိုးသမီး တွေကြား ချစ်ကြည်ရင်းနှီးမှုတွေ ဖြစ်လာစေပါတယ်။
နောက်ထပ် သာဓကပြစရာကတော့ ခရီးသွား လုပ်ငန်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း ကမ္ဘာလှည့် ခရီးသွားအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ချက်နိုင်ငံသားဦးရေ မြင့်တက်လာနေပြီး ချက်သမ္မတနိုင်ငံ ကို ပြန်ရောက်ပြီးချိန်မှာတောင် အဆက်အသွယ်တွေ ဆက်လက်ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ ချက်သမ္မတ နိုင်ငံကို ပို့ဆောင်တဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ မြန်မာခရီးသွားလုပ်ငန်းတွေ အများ အပြား ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကြား ဆက်ဆံမှုတွေ အနာဂတ်ကာလမှာ ပိုမိုနီးကပ်ပြီး အားကောင်းလာဖွယ်ရှိပါတယ်။
မေး။ မြန်မာနိုင်ငံမှာ နေထိုင်၊ လုပ်ကိုင်ရတာနဲ့
ပတ်သက်လို့ သံအမတ်ကြီး ဘာကို အနှစ်သက်ဆုံး လဲဆိုတာ သိပါရစေခင်ဗျာ။
ဖြေ။ မြန်မာနိုင်ငံမှာ နေထိုင်၊ လုပ်ကိုင်ရတာနဲ့
ပတ်သက်ပြီး ကျွန်တော် နှစ်သက်မှုအရှိဆုံးအရာကို ရေတွက်ပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ပြောပြပေးပါ့မယ်။ ပထမဆုံး သောဌာနေအခြေစိုက် ချက်သံအမတ်ကြီးအနေနဲ့ မြန်မာ နိုင်ငံမှာ အလုပ်လုပ်ကိုင်ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အခွင့်အခါကောင်း ရရှိပုံမျိုး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အလွန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေ၊ အပြောင်းအလဲ အတွက် ကြီးမားတဲ့မျှော်လင့်ချက်ရှိတဲ့ အချိန်တွေ၊ ငြိမ်းချမ်းပြီး သဟဇာတဖြစ်စွာနေထိုင်တဲ့ ပြည်သူ တွေရဲ့ဘဝ ပိုမိုကောင်းမွန်လာဖို့ ကြီးမားတဲ့ မျှော်လင့် ချက်ရှိတဲ့ အချိန်တွေကို ကျွန်တော်က မျက်မြင်ကိုယ်တွေ့ တွေ့ကြုံရလို့ဖြစ်ပါတယ်။
သာယာလှပတဲ့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ ချိန်အတွင်း ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ခရီးတွေ အများကြီးထွက်ခဲ့ပါတယ်။ မယိုမယွင်း ပကတိအတိုင်းရှိ နေဆဲ သဘာဝအလှနဲ့ အနှစ်သာရပြည့်ဝတဲ့ ယဉ်ကျေးမှုက ကျွန်တော်တို့ကို စွဲမက်စေခဲ့ပါတယ်။ မုန့်ဟင်းခါး၊ လက်ဖက်သုပ် ဒါမှမဟုတ် ရှမ်းခေါက်ဆွဲတွေလို မြန်မာ့ ရိုးရာ အစားအသောက်တွေကို ကျွန်တော်တို့ ခုံမင်ပါ
တယ်။

ကျွန်တော့်အတွက် အမှတ်တရ အရှိဆုံးကတော့ မြန်မာပြည်သူတွေပဲဖြစ်ပါတယ်။ ကျွန်တော် သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း ပွင့်လင်းတဲ့၊ ရိုးသားတဲ့၊ လုပ်နိုင်စွမ်းရှိတဲ့၊ ရည်မှန်းချက်မှာ နှစ်မြှုပ် ထားပြီး တတ်သိလွယ်တဲ့ မြန်မာလူမျိုးတွေနဲ့ တွေ့ဆုံခဲ့ ရပါတယ်။ အသက်အရွယ် မရွေး၊ ကျား၊ မ မရွေး၊ ရာထူး ဌာနမရွေး ကျွန်တော့်အတွက် မြန်မာပြည်သူတွေဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး အဖိုးထိုက်တန်တဲ့သူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ မကြာမီ ကျွန်တော် ထွက်ခွာမှာဖြစ်ပေမယ့် မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ နွေးထွေးပျူငှာမှုတွေကို ကျွန်တော့် နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ ။

ဘာသာပြန်- အောင်ဇော်လင်း၊ ဂျေတီ၊ ကျော်ထိုက်စိုး