နေပြည်တော် ၉ မတ်
မြန်မာနိုင်ငံ၏ သဘာဝတောတောင်၊ ရေ၊မြေ၊ ရာသီဥတုသာယာမှု၊ သဘာဝရှု ခင်းများ ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအဆောက်အဦ၊ ဘုရားပုထိုး စေတီများ၊ လူမျိုးစုများ၏ မတူညီသော ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ ပေါကြွယ်ဝမှု၊ သာယာလှပသောကမ်းခြေများ၊ ကျွန်းစုများ၊ သဘာဝ ရေချိုအိုင်ကြီးများ၊ သဘာဝဘေးမဲ့တောများနှင့် တောတိရိစ္ဆာန်များစသည့် လေ့လာ စရာများပေါကြွယ်ဝမှု များကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ တစ်နေ့တခြားလာရောက် လည်ပတ်မှုများပြားလာခဲ့သည်ကို တွေ့ရသည်။
ထိုကဲ့သို့လေ့လာစရာ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ရေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ ထွက် ပေါက်များမှ ပြည်ဝင်ဗီဇာ(ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ(လုပ်ငန်း)တို့ဖြင့် ဝင်ရောက် ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တစ်လ အတွင်းမှာ ဝင်ရောက်မှုမှာ ကမ္ဘာလှည့် (၅၇၄၅၀) ဦး၊ လုပ်ငန်းဖြင့် (၁၈၅၈၁) ဦး၊ စုစုပေါင်း (၇၆၀၃၁)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် (၄၉၂၉၅၃)ဦး၊ လုပ်ငန်း ဗီဇာဖြင့် (၂၁၈၆၇၉)ဦး ၊ပေါင်း (၇၁၁၆၃၂)ဦးရှိခဲ့ပြီး အလားတူ ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် (၄၈၀၄၉၀) ဦးနှင့် လုပ်ငန်းဗီဇာဖြင့် (၂၁၈၇၆၂)ဦး၊ပေါင်း(၆၉၉၂၅၂)ဦး ဝင်ရောက်ခဲ့ ပါသည်။
မင်းမြတ်ဦး(နေပြည်တော်)