မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်များ ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လျက်ရှိရာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလအထိ ငါးသိန်းကျော် ဝင်ရောက်ခဲ့

နေပြည်တော် ၁၃ ဇန်နဝါရီ 

 

မြန်မာနိုင်ငံ၏ အေးချမ်းသာယာမှု၊ သဘာဝတောတောင် ရေမြေရာသီဥတု သာယာမှု၊ သဘာဝရှုခင်းများ ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရားပုထိုးစေတီများ၊ လူမျိုးစုများ၏ မတူညီသော ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပေါကြွယ်ဝမှု၊ သာယာလှပသော ကမ်းခြေများ၊ ကျွန်းစုများ၊ သဘာဝ ရေချိုအိုင်ကြီးများနှင့် သဘာဝဘေးမဲ့တောများ၊ တောတိရစ္ဆာန်များ စသည့် လေ့လာချင်စရာ ပေါကြွယ်ဝမှုများကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ တစ်နေ့တခြားဝင်ရောက်မှု များပြားလာခဲ့သည်ကို တွေ့ရသည်။

 

ထိုကဲ့သို့ လေ့လာချင်စရာ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ပေါက်များမှ ပြည်ဝင်ဗီဇာ (ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ (လုပ်ငန်း)တို့ဖြင့် ဝင်ရောက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဝင်ရောက်မှုမှာ ကမ္ဘာလှည့် (၆၃၅၂၂) ဦး၊ လုပ်ငန်းဖြင့် (၁၉၆၁၉) ဦး၊ စုစုပေါင်း (၈၃၁၄၁)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

 

၂၀၁၆ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် (၃၆၁၀၈၂)ဦး၊ လုပ်ငန်းဗီဇာဖြင့် (၁၇၇၀၉၉)ဦး သာရှိခဲ့သော်လည်း အလားတူ ၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် (၃၆၁၉၁၇)ဦးနှင့် လုပ်ငန်းဗီဇာဖြင့် (၁၇၉၆၉၆)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

ဓာတ်ပုံ - Ministry of Hotel and Tourism Facebook