မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မိတ်ဖက်နိုင်ငံတွေ၊ အာဆီယံအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာပါ

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် နေရပ်စွန့်ခွာသွားသူများ ပြန်လည် ဝင်ရောက်လာပါက လက်ခံရန်အသင့်အနေအထားပြင်ဆင်ထားရှိလျက်ရှိပြီး တာဝန်ရှိသူများကလည်း လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သည်။


နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည် -


မေး။ ။ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ညှိနှိုင်းပြီး၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ စတင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အခြေ အနေကို ရှင်းလင်းပြောကြားပေးစေလိုပါတယ်။


ဖြေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွား ခဲ့တဲ့ ARSAအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီ ချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။


နှစ်နိုင်ငံအကြားရရှိထားတဲ့ သဘောတူညီ ချက်များနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်တွေ ညှိနှိုင်းအကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) ကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။


နှစ်နိုင်ငံအကြား ရရှိထားတဲ့ သဘော တူညီချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်ကို အမှန်အားဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းကစတင်ဖို့ ဖြစ်ပါတယ်။ မြန်မာဘက်ကလက်ခံဖို့ အဆင်သင့်ပြင်ဆင် ထားရှိပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က စေလွှတ်ပေးပို့ခြင်းမရှိတဲ့အတွက် စတင်နိုင် ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ပူးတွဲလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်း အဝေးအပြီးမှာ နေရပ်စွန့်ခွာသွားသူတွေကို ပထမအသုတ်အနေနဲ့ ပြန်လည် လက်ခံရေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီ နေ့ရက်မှာ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူ အသီးသီးဟာ ပြန်လည်လက်ခံရေးဆောင်ရွက် ဖို့ အသင့်စောင့်ဆိုင်းနေခဲ့ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပို့ဆောင်ခြင်းမရှိခဲ့တဲ့ အတွက် ဒုတိယအကြိမ်မှာလည်း နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး လုပ်ငန်းမစတင် နိုင်ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ခံ တဲ့ အပိုင်းဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံက ပြန်လည်စေလွှတ်ခြင်းမရှိရင် ပြင်ဆင် စောင့်ဆိုင်းနေရုံပဲ ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်မှာ ပြန်လာမယ့် သူတွေအတွက် အခြေအနေကောင်းဖြစ်အောင် မိတ်ဆွေနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ အကူအညီနဲ့ လိုအပ်တာတွေကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်ကို ပေးပို့ထားတဲ့ နေရပ် စွန့်ခွာသွားသူ ၂၂၄၃၂ ဦးရဲ့ စာရင်းအနက် ၁၉၆၈၃ ဦး စိစစ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာနေထိုင်ခဲ့ကြောင်း ကျေးရွာအလိုက် စိစစ်တွေ့ရှိရတဲ့ ၃၄၅၀ ရဲ့ စာရင်းကို ယခုနှစ် ဇန်နဝါရီလကတည်းကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ခုနစ်သုတ်ခွဲပေးပို့ခဲ့ပါတယ်။ စိစစ်ထားပြီးဖြစ်တဲ့ ၃၄၅၀ ပြန်လည်လက်ခံရေး ကို ဩဂုတ် ၂၂ ရက်နေ့မှာ စတင်နိုင်ဖို့ နှစ်ဖက် ညှိနှိုင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင် ပြည်နယ်မှာ အမှန်တကယ်နေထိုင်ခဲ့တဲ့သူတွေ ဖြစ်ကြောင်း စိစစ်အတည်ပြုထားပြီးသူတွေကိုသာ လက်ခံသွားမှာ ဖြစ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်စွန့်ခွာသူများ ပြန်လည်စေလွှတ်ရေးလုပ်ငန်းစဉ်ကို ဩဂုတ် ၂၂ ရက်နေ့မှာစတင်ဖို့ လိုအပ်တဲ့လုံခြုံရေးနဲ့ အုပ်ချုပ်မှုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက် ရှိကြောင်း ဩဂုတ် ၁၉ ရက်နေ့ကတရားဝင်စာပေးပို့ အကြောင်းကြားလာခဲ့ပါတယ်။ အဲဒီလိုစေလွှတ် ရာမှာ လက်ရှိရာသီဥတု အခြေအနေကြောင့် ကုန်းလမ်းဝင်ပေါက်ဖြစ်တဲ့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှာ လွှဲပြောင်းပေးသွား မှာဖြစ်ကြောင်းလည်း စာမှာဖော်ပြခဲ့ပါတယ်။ မြန်မာဘက်ကလည်း ပြန်လည်လက်ခံရန် အသင့် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကို အကြောင်းကြားခဲ့ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်လက်ခံရေး စခန်းများနဲ့ လှဖိုးခေါင်ယာယီကြားစခန်းတို့မှာရှိတဲ့ ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းတွေကိုလည်း အသင့်အနေအထားမှာရှိနေဖို့ အကြောင်းကြားခဲ့ပါတယ်။


ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေ အပါအဝင် အာဆီယံ ERAT Team အဖွဲ့တို့ဟာ တောင်ပြိုလက်ဝဲစခန်းမှာ လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေစေဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါကာမြို့ မြန်မာသံရုံးက ကိုယ်စားလှယ်တစ်ဦးလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေနဲ့အတူ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ဖို့ ကော့ဇ်ဘဇား မှာရှိတဲ့ စခန်းတွေဆီ သွားရောက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အခု တွေ့ဆုံမေးမြန်းတဲ့ အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လည်ပို့ဆောင် ပေးမယ့် အနေအထားမှာမရှိတာကို တွေ့ရပါ တယ်။ အဓိကအကြောင်းရင်းကတော့ ARSA အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ နေရပ်စွန့်ခွာသူ တွေ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် သတ်ဖြတ်မယ် ဆိုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြတဲ့အတွက် နေရပ်စွန့်ခွာသူတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်း တွေရဲ့ တွေ့ဆုံမေးမြန်းမှုကိုတောင် မပြုလုပ်ရဲဘဲ နေအိမ်ကနေ ကြောက်လန့်ပြီး ထွက်ပြေးနေကြ ရတယ်လို့ သတင်းတွေ ကြားသိရပါတယ်။ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က လူစာရင်းတွေ မြန်မာနိုင်ငံ ဘက်ကို ပေးပို့စဉ်က ကာယကံရှင်တွေရဲ့ သဘော ဆန္ဒကိုဖော်ပြတဲ့ လက်မှတ်သို့မဟုတ် လက်ဗွေ မပါရှိခြင်းဘဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံသဘောတူညီ ချက်မှာပါရှိတဲ့ လုပ်ထုံးလုပ်နည်းအရ မိမိသဘော ဆန္ဒအလျောက် ပြန်လည်လာရောက်လိုခြင်း (Voluntary return) ကို ဖော်ပြတဲ့ ကာယကံရှင် တွေရဲ့ သဘောဆန္ဒကို စိစစ်မေးမြန်းပြီးမှ ပုံစံတွေ ဖြည့်စွက်ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိဆန္ဒ အလျောက် ပြန်လိုခြင်း ရှိ-မရှိ စိစစ်မေးမြန်းတဲ့ လုပ်ငန်းကို ပြန်လည်ပို့ဆောင်မယ့်ရက်မတိုင်မီ တစ်ရက် နှစ်ရက်အလိုကျမှ အချိန်ကပ်ပြီး စတင် ဆောင်ရွက်ခဲ့ခြင်းဟာလည်း ပြန်လည်ပို့ဆောင် ရေးလုပ်ငန်းစဉ် အချိန်မီ မစတင်နိုင်ခြင်းရဲ့ အကြောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။


မေး။ ။ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ရဲ့ အရေးပါမှု ကိုလည်း ရှင်းလင်းပြောကြားပေးစေလိုပါတယ်။


ဖြေ။ ။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာဖြစ်ပွားခဲ့တဲ့ ARSA ရဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သူ အချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ မှုတွေဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကိစ္စကို ဖြေရှင်းဖို့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လာတာ ကာလအားဖြင့် (၂) နှစ်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်း နိုင်ဘဲ အချိန်ကြာမြင့်လာတာနဲ့အမျှ အကြမ်းဖက် မှုတွေနဲ့ ဆက်နွှယ်လာနိုင်တဲ့အတွက် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အသွင် ကူးပြောင်းနေမှုနဲ့အတူ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးနဲ့ နိုင်ငံရဲ့ပုံရိပ်မြှင့်တင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ ဒီကိစ္စဟာအဟန့်အတားတစ်ခု ဖြစ်နေတဲ့အတွက် နေရပ်စွန့်ခွာသွားသူများ အရေး ကိစ္စဖြေရှင်းရေးဟာ အရေးကြီးတဲ့ကိစ္စရပ် ဖြစ်ပါတယ်။ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက် မှုက စတင်ဖြစ်ပေါ်ခဲ့တာဆိုပေမယ့် အဖွဲ့အစည်း အချို့၊ နိုင်ငံအချို့ဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာမှာ စွပ်စွဲချက်တွေ အမျိုးမျိုးပြုလုပ်ပြီး အရေးယူမှုတွေပြုလုပ်ဖို့ လည်း ကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အထောက်အထားမှန်ကန် တဲ့သူတွေကို ပြန်လည်လက်ခံခြင်းအားဖြင့် ဒီကိစ္စကိုဖြေရှင်းဖို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး အရ ဆန္ဒရှိတယ်ဆိုတာကို ပြသရာရောက်သလို နိုင်ငံတကာက စွပ်စွဲသလိုလူမှုအသိုက်အဝန်း တစ်ခုကို ဖယ်ရှားဖို့ ဆောင်ရွက်တာမဟုတ်ကြောင်း သက်သေပြနိုင်မှာလည်း ဖြစ်ပါတယ်။


နောက်တစ်ချက်က ၁၉၇၈- ၁၉၇၉ ခုနှစ် နဲ့ ၁၉၉၂- ၁၉၉၃ ခုနှစ်တွေ တုန်းကလည်း အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားတဲ့ ကိစ္စတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း နှစ်နိုင်ငံအကြား သဘောတူညီချက်တွေရယူပြီး ညှိနှိုင်းဆောင်ရွက်ကာ အောင်မြင်စွာ ပြန်လည် လက်ခံခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။


ယခုလက်ရှိအရေးကိစ္စဖြေရှင်းဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရရှိထား တဲ့ သဘောတူညီချက်များဟာလည်း ယခင် နှစ်ကြိမ် ပြန်လည်လက်ခံဖို့ ဆောင်ရွက်ခဲ့စဉ်က နှစ်နိုင်ငံအကြားရရှိခဲ့တဲ့ သဘောတူညီချက်ပါ အချက်တွေ၊ စံနှုန်းစံထားတွေ၊ လုပ်ငန်းစဉ်တွေ အတိုင်းပဲ ညှိနှိုင်းသဘောတူညီထားခြင်း ဖြစ်ပါ တယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံ့ပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့အညီ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံတွေ၊ အာဆီယံအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


(သတင်းအဖွဲ့)