မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များ တွေ့ဆုံ

 

ရန်ကုန်၊စက်တင်ဘာ ၂၀

 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်   အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်း၌ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသော ဝူးရှူးအားကစားသမားများနှင့် တွေ့ဆုံသည်။ 
           
တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် စံချိန်စံညွှန်းကောင်းမွန်ပြီး အရည်အသွေး အရည်အချင်း ပြည့်ဝစွာဖြင့်ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို အစွမ်းကုန်ကြိုးစားစေလိုကြောင်း၊ အာရှအဆင့်ဖြစ်သည့်အတွက် ပြိုင်ဘက်ကောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ အတွေ့အကြုံကောင်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊  အောင်မြင်မှု ရရှိပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားသွားကြရန် အားပေး စကားပြောကြားသည်။

 

mdn

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို တွေ့ဆုံ၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ် အားကစားပြိုင်ပွဲများသည် မြန်မာနိုင်ငံအနေဖြင့် အမြဲဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများဖြစ်ကြောင်း၊ ယခု ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲတွင်လည်း ယခင်က ရရှိခဲ့သည့် အောင်မြင်မှုများကဲ့သို့ ရရှိအောင် အစွမ်းကုန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၂၃)ရက်မှ အောက်တိုဘာ (၈) ရက်အထိ ကျင်းပမည့်  (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာ အားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports  အားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်