မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၈

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုဒ်ချန်အိုချာ၏ ဆွေးနွေးချက်

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာထိုင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့အချင်းချင်းယုံကြည်မှု၊ နားလည်မှုများဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုကိစ္စသည် သုံးနိုင်ငံရှိပြည်သူများ၏ လူမှုရေးနှင့်စီးပွားရေးကဏ္ဍများကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် လက်တွဲဖြေရှင်းရမည်ဖြစ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များကို မျှဝေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြေရှင်း ဆောင်ရွက်ခြင်းသည် မိမိတို့ပြည်သူများအတွက် ဆောင်ရွက်သည့်အစည်းအဝေးတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံ၊ သယံဇာတဝန်ကြီးဌာန၊ လေထုညစ်ညမ်းမှုထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ပြဿနာကိုရင်ဆိုင်နေရမှုအခြေအနေများ၊ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

လာအိုနိုင်ငံဝန်ကြီးချုပ်ဆုံဆိုင်းဆီဖန်ဒုံ၏ ဆွေးနွေးချက်

ထို့နောက် လာအိုနိုင်ငံဝန်ကြီးချုပ်က ပြောကြားရာတွင် လက်ရှိမိမိတို့သုံးနိုင်ငံ ရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုသည် ဘုံဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရည်မှန်းချက်ထားပြီး ကာကွယ်တားဆီးရေး ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းသည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များကပ်ခြင်း၊ တောမီးလောင်ကျွမ်းမှုများကို ပျံ့နှံ့မှုမရှိအောင်လည်း တားဆီးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူရာသီဥတုလေ့လာခြင်းနှင့် ကျန်ရှိသည့် လိုအပ်သည့်ကိစ္စရပ်များကိုလည်း တားဆီးကာကွယ်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အတွေ့အကြုံများအပေါ်မူတည်ပြီးလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ အာဆီယံ၏ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးသဘောတူညီချက်အရ မိမိတို့အနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအကူအညီများဖြင့် ဖြစ်နိုင်ငံသမျှအခြေအနေ စီမံကိန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လေထုညစ်ညမ်းမှုကိုတိုင်းတာသည့် ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းအချက်အလက်မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းမှုများကိုလည်း တားဆီးကာကွယ်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် တောမီးလောင်ကျွမ်းမှုနှင့် လေထုညစ်ညမ်းမှုများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေရှည်အတွက် ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏ လေထုညစ်ညမ်းမှုကာကွယ်ရေး သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးသည် မိမိတို့ ၃ နိုင်ငံကြား ကြုံတွေ့နေရသည့် လေထုညစ်ညမ်းမှုပြဿနာသည် ပထမဆုံးအစည်းအဝေး ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေးနွေးချက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းပြီးကျင်းပသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ကိုယ်စားအမှာစကားပြောကြားခွင့် ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

ဒေသတွင်း ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ နောက်ဆုံးဖြစ်ပေါ် နေမှုများအပေါ် ပြဿနာဖြေရှင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန် ယခုကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ပေးခြင်းအတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများသည် ပိုမိုများပြားလာပါကြောင်း။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်ကစပြီး မြန်မာနိုင်ငံအ‌ရှေ့ပိုင်းနယ်စပ် ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အဆိုပါကာလများတွင်လည်း မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်း တစ်ခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှု ပိုမိုများပြားခဲ့ပါကြောင်း၊ ASEAN Specialized Meteorological Centre (ASMC) မှ ရရှိသော အချက်အလက်များ အရလည်း မီးခိုးမြူငွေ့သိပ်သည်းစွာ ဖြစ်ပေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း၌ အနည်းငယ်ဖြစ်ပေါ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

၂၀၂၃ ခုနှစ်၊ ဧပြီ ၂ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် အနည်းငယ်သာဖြစ်ပေါ်ပြီး လာအိုနိုင်ငံ‌တောင်ပိုင်းတွင် ပိုမိုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်တွင် မီးခိုးမြူငွေ့ သိပ်သည်းမှုလျော့ပါးပြီး လာအိုနိုင်ငံတောင်ပိုင်းတွင် သိပ်သည်းသော မီးခိုးမြူငွေ့ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံအရှေ့ဖျား၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုမှာ သိပ်သည်းစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

ASEAN Specialized Meteorological Centre (ASMC)က ခန့်မှန်းထားချက်အရ ပူပြင်းခြောက်သွေ့သည့် ရာသီဉတုအခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ယခုနှစ်မေလခန့်အထိ ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရပါကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပြီး ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ASMC မှရရှိသော Fire Hotspot အချက်အလက်များကို နေ့စဉ်စောင့်ကြည့်ပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ပေးပို့၍ Fire Hotspot လျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ လာအိုနှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံဧရိယာများအလိုက် နှိုင်းယှဉ်လေ့လာပါက ၂၀၂၂ ခုနှစ်တွင် ၁၀၀၀ စတုရန်း ကီလိုမီတာတွင် Fire Hotspot အရေအတွက်မှာ မြန်မာနိုင်ငံအနေနဲ့ ၅၆ ခုခန့် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး လာအိုနိုင်ငံအနေနဲ့ ၁၇၁ ခုခန့်၊ ထိုင်းနိုင်ငံအနေနဲ့ ၁၁ ခုခန့် ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ ရှိရပါကြောင်း။

၂၀၂၃ ခုနှစ် မတ်လတွင် ၁၀၀၀ စတုရန်း ကီလိုမီတာတွင် Fire Hotspot အရေအတွက် မြန်မာနိုင်ငံအနေဖြင့် ၃၂ ခုခန့် လာအိုနိုင်ငံအနေနဲ့ ၁၁၇ ခုခန့်နှင့် ထိုင်းနိုင်ငံအနေနဲ့ ၉ ခုခန့် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ (၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် မီးလောင်နိုင်ချေရှိသော နေရာများအရေအတွက် ၁၆၇၅၀၀ အား အခြေခံအဖြစ် သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်တွင် အရေအတွက် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံမှ အလေးထားပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၀ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် Fire Hotspot အရေအတွက် ၅၆၄၁၉ ခု နှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ၃၇၉၇၇ ခု ဖြစ်သဖြင့် ၃၃ ရာခိုင်နှုန်း လျှော့ချနိုင်သည်ကိုတွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများရေးဆွဲလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောမီးနှင့်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ထိန်းချုပ် နိုင်ရန်အတွက် နိုင်ငံအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လက်ရှိအချိန်တွင် မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် မီးလောင်ကျွမ်းမှု အချက်အလက်များ ရရှိနိုင်ရေးနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာများ တည်ထောင်နိုင်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ တောမီးနှင့်အခြား အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့်မီးများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

အဆိုပါအချက်ကြောင့် မိမိတို့အိမ်နီးချင်းနိုင်ငံများပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့်လည်း “မြန်မာနိုင်ငံတွင် လေထုအတွင်း PM2.5 ပါဝင်မှု လျှော့ချနိုင်ရေးအတွက် လေထုအရည်အသွေး စီမံခန့်ခွဲမှုမြှင့်တင်ခြင်း ဆိုင်ရာစီမံကိန်း”ကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ထိုင်းနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ (Roadmap on ASEAN Cooperation towards Transboundary Haze pollution Control) ကို ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ယင်းလမ်းပြမြေပုံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားရမည့် မဟာဗျူဟာမြောက်မူဘောင် တစ်ခုဖြစ်ပါကြောင်း၊ အနာဂတ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်ရာ၌ ပူးပေါင်းစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် မရှိမဖြစ်အရေးပါသည်ကိုလည်း အဓိကထားပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသ၏စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာမြှင့်တင်နိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး Fire Hotspot အရေအတွက် လျှော့ချ ရေးနှင့် ASMC မှရရှိသော မီးလောင်နိုင်ချေရှိသော နေရာများနှင့်ပတ်သက်သည့် စာရင်းအင်းများကို မြေပြင်တွင်ကွင်းဆင်းဆန်းစစ်ခြင်း၊ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို လေ့လာဆန်းစစ်ခြင်း၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ခြင်း၊ ငြှိမ်းသတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ တောမီးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်နှင့် စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာခြင်း၊ တောမီးလောင်မှု အန္တရာယ်လျော့နည်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ပြီး ထိုမှတစ်ဆင့် မိမိတို့နိုင်ငံများ၏ ဒေသအကျိုးဖြစ်ထွန်းမှုအတွက် အနာဂတ်ကာလတွင် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်းဖြင့်ပြောကြားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ထပ်မံဆွေးနွေးချက်

ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြောကြားရာတွင် ယခုကိစ္စရပ်သည် အာဆီယံဒေသတွင်း မိမိတို့ရင်ဆိုင်နေရသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုများ ကြောင့် သုံးနိုင်ငံစလုံးရှိ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍများကို ထိခိုက်စေလျက်ရှိကြောင်း၊ ထိုသို့မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့်ကမ္ဘောဒီး ယားနိုင်ငံတို့သည် ပူးပြင်းသည့် ရာသီဥတုများရှိကြောင်း၊ လေထုညစ်ညမ်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အဆင့်ဆင့်သော အဖွဲ့အစည်းများဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ယခုလေထုညစ်ညမ်းမှုများကို‌ ဖြေရှင်းဆောင်ရွက်ရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနေရာများကို မီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းစသည့် ကိစ္စရပ်များကို ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လိုအပ်သည့်ကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လေထုအတွင်း PM2.5 ပါဝင်မှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးရှို့ခြင်း၊ တောမီးလောင်ကျွမ်းခြင်း များကိုဖြေရှင်းရန်အတွက် တစ်နိုင်ငံတည်းဆောင်ရွက်၍မရဘဲ လိုအပ်သည့် ပစ္စည်းကိရိယာများဖြင့် ရင်ဆိုင်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆင့်အားလုံးတွင် လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လေထုအတွင်း PM2.5 ပါဝင်မှုနှင့်ပတ်သက်၍ လေ့လာပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ မြန်မာ၊ လာအိုနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုများကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် အခြားသောကိစ္စရပ်များကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုလျှော့ချရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ၃ နိုင်ငံအနေဖြင့် နယ်စပ်လေထုဖြတ်ကျော်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ချင်းယိုင် စီမံချက်အတိုင်းဆောင်ရွက်ရန်လိုကြောင်း။

စွန့်ပစ်ပစ္စည်းများမီးရှို့ပြီး အသေးစားဘိုင်အိုဂတ်စ်များ ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို အဝတ်အထည်ထုတ်လုပ်ခြင်းသည် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ ယခုကဲ့သို့လေထုညစ်ညမ်းမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံအလိုက် ဥပဒေများ၊ တိုက်တွန်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံများအနေဖြင့် နယ်စပ်ဖြတ်ကျော်လေထုညစ်ညမ်းမှုများကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားရမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွက် ဆုမွန်တောင်း

ဆက်လက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူများအားလုံး ကျန်းမာပျော်ရွှင်ကြပြီး လုပ်ငန်းများအောင်မြင်ပါစေကြောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ပြည်သူများလည်း နှစ်သစ်ကူးအခါသမယတွင် ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းများအောင်မြင် ပါစေကြောင်းဖြင့် ဆုမွန်တောင်းစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်အကြံပြုဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထပ်မံအကြံပြု ပြောကြားရာတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဆွေးနွေးချက်များကို မိမိအနေဖြင့် လက်ခံပါကြောင်း၊ သုံးနိုင်ငံကြားခံစားနေရသည့် မီးခိုးနှင့်လေထုညစ်ညမ်းမှုများကို သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဆိုပြုချက်နှစ်ခုကိုပြောကြားလိုပါကြောင်း၊ ပထမအချက်အနေဖြင့် မိမိတို့နိုင်ငံပြည်သူများ၏အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများဖြစ်ကြောင်း၊ သုံးနိုင်ငံနယ်စပ်ဒေသတွင် စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်ယာစိုက်ပျိုးမှုများကိုလည်း လျှော့ချရန်လိုကြောင်း၊ အလားတူကုန်းမြင့် လယ်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မြေဩဇာရရှိနိုင်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဒုတိယအချက်အနေဖြင့် စွန့်ပစ်ပစ္စည်းပြဿနာကလည်း ကြီးမားကြောင်း၊ နယ်စပ်ဒေသများတွင် ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်နှင့် နည်းပညာများအသုံးပြုဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်များကို လက်ခံသဘောတူညီပါကြောင်းနှင့် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလေထုညစ်ညမ်းမှုများကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မိမိတို့သုံးနိုင်ငံအနေဖြင့် အရှိန်အဟုန် ပြင်းပြင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံပြည်သူပြည်သူများအားလုံး ယခုကဲ့သို့နှစ်သစ်ကူး သင်္ကြန်ကာလတွင် ကျန်းမာ၊ ချမ်းသာကြပါစေကြောင်းဖြင့် ဆုမွန်တောင်းစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်