မြန်မာနိုင်ငံ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆွေးနွေး

နေပြည်တော် ၂၉  ဇန်နဝါရီ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့နံနက်ပိုင်းက Gavi, The Vaccine Alliance အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Dr. Seth Berkley၊ Senior Country Manager Mr. Dirk Gehl တို့အား နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

123


တွေ့ဆုံစဉ် ကလေးငယ်များ ရောဂါဘယ ကင်းဝေးပြီး ကျန်းမာဖွံ့ဖြိုး စေရန်အတွက် ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးအသစ်များ ထည့်သွင်းထိုးနှံခြင်းနှင့် အစုလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် Gavi အဖွဲ့မှ ထောက်ပံ့ ကူညီပေးမှုများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု စနစ် (Vaccine Preventable Disease Surveillance) ကို အားဖြည့်ဆောင်ရွက်နေမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုကို ပိုမိုမြင့်မားကောင်းမွန်လာစေရန် တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေး ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အဖွဲ့တို့အကြား ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူ ကိုယ်ထစနစ် (Vaccine independence initiative - VII) ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (Unicef) (ရုံးချုပ်) မှ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta Fore တို့သည် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူကိုယ်ထစနစ်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)