တောင်ကြီး ၁၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး) ၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမ၌ ကျင်းပသည်။
(၁၉) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာအေးအောင် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆေးနှင့်ဆေးပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ခန်းမအတွင်း၌ ဆရာဝန်များ၏ အဓိဌာန်ပြု ကတိသစ္စာအား စုပေါင်းရွတ်ဆိုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး) ၏ နှစ်ပတ်လည် ညီလာခံကို စဉ်ဆက်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ (၁၉) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်ပတ်လည် ညီလာခံနှင့်အတူ ဆေးပညာ ဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲများ၊ ဆရာဝန်များ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ရရှိစေပြီး၊ အားကစားပြိုင်ပွဲများ၊ ဆေးကုမ္ပဏီ အသီးသီးမှ နောက်ဆုံးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်း ပြခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသည်ကို သိရကြောင်း၊
ညီလာခံတွင် အနယ်နယ် အရပ်ရပ်မှ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ စာတမ်းများ ဖတ်ကြားသွား မည်ဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာမည့် ရလဒ်များသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး ဦးတည်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်မှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ အသီးသီးပေါင်းစပ်၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊
၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအတွက် တင်ဒါစနစ်ဖြင့် ဆေးဝါးများဝယ်ယူရန် ရန်ပုံငွေစုစုပေါင်း (၁၈၃၄)သန်းကျော် ခွဲဝေချထားပေးပြီး ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ တင်ဒါခေါ်ယူကာ အောင်မြင်သော ဆေးကုမ္ပဏီများမှ တစ်ဆင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများအရောက် ဖြန့်ဖြူးထောက်ပံ့ ပေးနေသည်ကို အသိပေးလိုကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များသည် မြို့ပြ၊ ကျေးလက်နေရာအနှံ့တွင် ပြည်သူများနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍတွင် ကူညီဆောင်ရွက်ပေးကြရန်သာမက ရောဂါတိုက်ဖျက်ရေးနှင့် ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသွားသည်။
ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင်က အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


