နေပြည်တော် ဇန်နဝါရီ ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလ ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေးနှင့် ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသားဆရာဝန်များကို အထွေထွေဆေးကုသမှုလိုင်စင်နှင့် အထူးကုလိုင်စင်များကို စနစ်တကျစိစစ်၍ မှတ်ပုံတင်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ မြန်မာနိုင်ငံရှိ ဆေးရုံများတွင် လာရောက်၍ ဆေးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးမည့် နိုင်ငံခြားသား ဆရာဝန်များအတွက် သီးခြားသတ်မှတ် ဆေးကုသခွင့်လိုင်စင်များ စနစ်တကျစီစစ်၍ ထုတ်ပေးခြင်း၊ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိ စိစစ်ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းတာဝန်များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သည့် ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက် ရှိရာတွင် ယခုအခါ ဖွင့်လှစ်နိုင်သောမြို့နယ်ဆေးရုံများအားလုံးနှင့် တိုက်နယ်ဆေးရုံများ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် ဆရာဝန်များ ခန့်အပ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ဆက်လက်မွေးထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်သက်တမ်း ကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလ ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


