မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြ အန်တွမ်နီဟေးတို့ နှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)နှင့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့သည် ယနေ့မနက်ပိုင်းမှ စတင်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ 

 

MFF နှင့် ဂျာမနီနိုင်ငံသား နည်းပြ အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ခီမေးလ် ဟာလတ်၊ ဂိုးနည်းပြ ကာစတန် မာတင် ဟာဇော့ တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က တစ်နှစ်ခွဲကြာ စာချုပ်သက်တမ်း ချုပ်ဆိုခဲ့ကြသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်းအုပ်စုမှထွက်ခဲ့ရခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ အပြန်အလှန် သုံးသပ်မှုများ ပြုလုပ်ကာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် လမ်းခွဲရန်အတွက် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။

 

နည်းပြ အန်တွန်နီဟေးက ”ကျွန်တော့်အနေနဲ့ ကျွန်တော့်အသင်း၊ ကျွန်တော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့ရာတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲ လိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျွန်တော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဘောလုံး ပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာ ကောင်းတဲ့ ပရိသတ်တွေပါပဲ” ဟု နှုတ်ဆက်စကား ဆိုခဲ့သည်။

 

နည်းပြ အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၈ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲ၊ မြန်မာ ယူ - ၂၃ အိုလံပစ် အသင်းအား အာရှအားကစားပွဲတော်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အန်တွမ်နီဟေး အုပ်ချုပ်ခဲ့သည့်ကာလအတွင်း မြန်မာ့လက်ရွေးစင်အသင်း မှာ နှစ်ပွဲအနိုင်၊ ၁ ပွဲ သရေနှင့် ၅ ပွဲရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ 

 

MDN
ဓာတ်ပုံ - MFF