မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) ရှင်းလင်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်မှု လုပ်ငန်းစဉ် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၅ မေ 

မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀)ကို မြန်မာနိုင်ငံအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါမဟာဗျူဟာ အကောင်အထည်ဖော်မှုအတွက် ရှင်းလင်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်မှုလုပ်ငန်းစဉ် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့   မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဗဟိုအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လုံ/နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့မှူးများ၊ ပြည်တွင်း/ပြည်ပမှ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် သံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Troels Vestor က ဆွေးနွေးပြောကြားသည်။ 

ထို့နောက် တက်ရောက်လာသော ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုံ/နယ်ဝန်ကြီးများ၊ ရဲတပ်ဖွဲ့မှူးများက သိရှိလိုသည်များ မေးမြန်း၍ စီမံချက်အကောင်အထည်ဖော်မှုများအတွက် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်သည်။

မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၀) အကောင်အထည်ဖော်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်တွင် ပေါ်ပေါက်လာမည့် မှုခင်းများအား ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မဟာဗျူဟာရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မှုဖြစ်ပါကြောင်း သိရသည်။ 

(သတင်းစဉ်)