မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF COUNCIL METTING တက်ရောက်

နေပြည်တော်၊ ဧပြီ  ၁၀

 

ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa ၌ ယနေ့ နံနက် ၈ နာရီခွဲကကျင်းပသည့် SEAGF COUNCIL METTING သို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ တာဝန်ရှိသူများနှင့် SEAGF COUNCIL အဖွဲ့ဝင်များက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီပူးတွဲဒုဥက္ကဋ္ဌ H.E.DR. THONG KHON က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ SEA Games ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ SAMDECH PICHEY SENA TEA BANH က အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် SEAGF COUNCIL အဖွဲ့ဝင်များက အသီးသီးနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှဒေသတွင်းမှ SEAGF အဖွဲ့ဝင်များနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း၌ အားကစားလှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြှင့်တင်ရေး ဆောင်ရွက်မှုများတွင် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (32nd) SEA Games အတွက် အစစအရာရာ အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းပေးပါကြောင်း၊ လာမည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (31st) SEA Games တွင် တွေ့ဆုံရန် မျှော်လင့်ပါကြောင်း မိတ်ဆက်စကားပြောကြားသည်။

 

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုဥက္ကဋ္ဌ  H.E.DR. THONG KHON မှ (32nd) Combodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း အမျိုးအစားများကို ရှင်းလင်းပြောကြားရာ SEAGF အဖွဲ့ဝင်နိုင်ငံများက ထပ်မံထည့်သွင်းကျင်းပလိုသည့် အားကစားနည်းများကို အဆိုပြုတင်ပြဆွေးနွေးပြီး ဆပ်ကော်မတီအလိုက် အတည်ပြုချက်များ ကို တင်ပြ ဆွေးနွေးကြသည်။

 

ယင်းနောက် ဗီယက်နမ်နိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက (31st) SEA Games နှင့် ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားသည်။

 

ထိုနောက် ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက (32nd)   SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)