မြန်မာမီးပုံးများပျောက်ကွယ်တော့မည်လား

၁၉ စက်တင်ဘာ

 

မကြာတော့မည့်အချိန်တွင် မိုးလေကင်းလွတ်၍ သီတင်းကျွတ်လသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ မြန်မာတို့၏ ရိုးရာအစဉ်အလာအရ သီတင်းကျွတ်လအချိန် အခါသို့ရောက်လျှင် မီးပုံးများနှင့် မီးထွန်းခြင်း ဆီမီးပူဇော်ခြင်းများ ပြုလုပ်ကြသည်။ ရေစကြိုမြို့ပေါ်ဆိုင်အချို့တွင် မီးပုံးလေးများ စတင်ချိတ်ဆွဲရောင်းချနေကြသည်။ ထိုဆိုင်တို့တွင် မြန်မာမီးပုံးများ ရောင်းချနေသည်များကို အတွေ့ရနည်း၍ တရုတ်မီးပုံးများကိုသာ အများဆုံးတွေ့ရသည်။ မြန်မာမီးပုံးများထက် တရုတ်မီးပုံးများကို ရောင်းချလာကြသည်မှာ ယူရလွယ်ကူခြင်း စုတ်ပြဲပျက်စီးမှုနည်းသော ကြောင့်ပင်။

 

မြန်မာမီးပုံးချိုးသူတို့မှာလည်း ရေစကြိုမြို့ပေါ်တွင် ယခင်ကမီးပုံးရောင်းချသူ သုံးဆယ်ဦးခန့်ရှိခဲ့ရာမှ ယခုတွင်တော့ သုံးဦးသာရှိတော့သည်။ ချောက်မြို့တွင်လည်း မြန်မာမီးပုံးချိုးသူများ ယခင်ကရှိခဲ့သော်လည်း ယခုတွင် မြန်မာမီးပုံးရောင်းသည့် ဆိုင်များ မတွေ့ရတော့ဘဲ တရုတ်မီးပုံးများ ရောင်းချနေခြင်းကိုသာ တွေ့ရသည်ဟု ချောက်မြို့မှ မီးအလှလိုက်လံ တပ်ဆင်ပေးသူ ဦးလင်းထံကဆိုပါသည်။

 

ပခုက္ကူမြို့တွင်လည်း နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လသို့ ရောက်ရှိလာလျှင် ပခုက္ကူသီဟိုရ်ရှင်ဘုရားရှေ့တွင် မြန်မာ မီးပုံးချိုးရောင်းသူများက မိမိတို့ချိုးထားသော မီးပုံးများကို မုဒ်ဦးရှေ့နေရာများတွင် ချခင်းရောင်းချကြသည်။ ထိုသို့ ရောင်းချရာတွင် ယခင်နှစ်များက ရောင်းချသူ ဝယ်ယူသူများနှင့် စည်ကားနေခဲ့သော်လည်း ယခုနှစ်များတွင် ရောင်းချသူ အလွန်နည်းပါးလာသကဲ့သို့ ဝယ်ယူသူများလည်း အလွန်နည်းပါးလာသည်ဟု သီဟိုရ်ရှင် ဘုရားအနီးတွင်နေထိုင်သူ ဦးအောင်ဝင်းကပြောသည်။

 

 မြန်မာမီးပုံးပြုလုပ်မည်ဆိုလျှင် မဲတင်းဂါးဝါးကို အများဆုံးအသုံးပြုကြပြီး ဝါးလွှာခြင်း၊ ဝါးချိုးခြင်း၊ စက္ကူကပ် ခြင်းစသည်တို့ကို တစ်ရက်စီပြုလုပ်ရသည်ဟုသိရသည်။ မြန်မာမီးပုံးပြုလုပ်သူများသည် လွှာပြီးဝါးအား မိမိပြုလုပ်မည့် မီးပုံးပုံစံအလိုက်အတိုင်း တိုင်း၍ဖြတ်ရသည်။ သို့မှသာ အရုပ်မီးပုံးများ အရွယ်အစား တူညီနေမည်ဖြစ်သည်။

 

ထို့နောက်တိုင်းတာဖြတ်ထားသော ဝါးချောင်းလေးများအား မိမိပြုလုပ်မည့် အရုပ်ပုံစံချိုးရသည်။ ထိုသို့ချိုးပြီးသော အခါ အရုပ်ပုံစံကျအောင် ချိုးထားသော ဝါးလေးများအား အဝတ်စကြိုးအားကော်သုတ်၍ ကပ်ပတ်ပေးရသည်။ ပြီးလျင်ကော်ခြောက်စေရန် အခြောက်လှန်းရသည်။ ကော်ခြောက်သောအခါ ရောင်စုံမှန် ရောင်စက္ကူများကို သူ့နေရာနှင့်သူ အတိုင်းတိုင်း ညှပ်ပြီး အရောင်စုံအောင် လိုက်ကပ်ရသည်ဟု သိရသည်။ မီးပုံးချိုးသူ ဦးလူအေး၏ ပြောပြချက် အရမီးပုံးတစ်ခါပြုလုပ်လျှင်၁၅ရက်မှ ရက်၂၀ကြာတတ်ပြီး ပြုလုပ်သည့် အရုပ်ပေါ် မူတည်၍ ၁၀လုံးမှ အလုံး၂၀ ခန့်ပြီးသည်ဟု သိရသည်။

 

"ဝါးဖြတ်ရတာ စိပ်ရတာကကြာတယ်နောက်ပြီးတော့ အရုပ်ချိုးတဲ့နေရာမှာလည်း ကျိုးမသွားအောင်ထိန်းချိုးရတယ် လက်တော့ဝင်တာပေါ့"ဟု မီးပုံးချိုးသူ ဒေါ်ကံရှိက ပြောသည်။ ရေစကြိုမြို့အမှတ်(6)ရပ်ကွက်မှ မီးပုံးချိုးသူ ဦးသိန်းဦးက "တမာတန်းဆိုင်တွေကိုပို့တယ်၊ မြို့ထဲကဆိုင်တွေကိုလည်း ပို့တယ် မှာလည်း မှာကြတယ်။ ကျနော်တို့က လုပ်ပြီးသူတို့လိုချင်သလောက် မပို့ပေးနိုင်ဘူး စက်ထွက်ပစ္စည်းမဟုတ်တော့လည်း လက်နဲ့လုပ်ရတာဆိုတော့ မီးပုံးလုပ်သူတွေက တစ်နိုင်တပိုင်ပဲ လုပ်နိုင်တယ် လူငှါးခေါ်လုပ်ခိုင်းရအောင်လည်း မီးပုံးချိုးတတ်တဲ့သူက ခုဆိုအတော်ရှားသွားပြီ"ဟု ပြောသည်။

လက်ဆွဲမီးအိမ်အသေးဈေးနှုန်းမှာ ၈၀ကျပ်၊ အိမ်ပုံရုပ် ၁၅၀ဝကျပ်၊ကားရုပ်မှာ ၅၀ဝကျပ်၊ လေယဉ်ပျံရုပ်မှာ ၁၃၀ဝ ကျပ်အစရှိသဖြင့် ဖောက်သည်ဈေးသွင်းရသည်ဟု သိရသည်။ မြန်မာမီးပုံးများကို ဝါခေါင်လမှ စတင်ပြီး ဆိုင်များမှ မှာယူကြကာ ဝါခေါင်လတွင် သီတင်းကျွတ်လရောင်းရန် အမှီပြုလုပ်ကြသည်ဟုသိရသည်။

 

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လရောက်လျှင် စတိုးဆိုင်များတွင် မြန်မာမီးပုံးများ ချိတ်ဆွဲရောင်းချကြသော်လည်း ယခုနှစ်များတွင် မြန်မာမီးပုံးများအစား တရုတ်မီးပုံးများက နေရာယူလျက်ရှိသည်။

 

"မြန်မာမီးပုံးတွေက မှာရတာမလွယ်ဘူး၊ လိုသလောက်လည်းမှာလို့မရဘူး၊ တရုတ်မီးပုံးတွေက မှာရတာလွယ်လည်း အပေါက်အပြဲလည်း သိပ်မရှိဘူး ဒါကြောင့် မြန်မာမီးပုံးကိုသိပ်ဝယ်ေရာင်းဖြစ်ဘူး"ဟု မီးပုံးရောင်းသူ ဦးဖိုးချမ်းကပြောသည်။ "မြန်မာမီးပုံးတွေက ဒီနှစ်ရောင်းမကုန်ရင် နောက်နှစ်ပြန်ရောင်းဖို့ သိမ်းထား လို့မရဘူး မြန်မာမီးပုံးကိုကပ်ထားတဲ့ ကော်တွေကို ကြွက်တို့ပိုးဟပ်တို့ကကြိုက်တော့ ဖျက်ဆီးပစ်တာ တရုတ်မီးပုံးကျတော့ နောက်နှစ်လည်း ပြန်ရောင်းလို့ရတယ် "ဟု ဦးဖိုးချမ်းကဆက်လက်ပြောသည်။ တရုတ်မီးပုံးဈေးနှုန်းမှာ ၁၀ဝ ကျပ်တန်မှ ၅၀ဝ၀ ကျပ်တန်အထိရှိသည်ဟုသိရသည်။

 

မြန်မာမီးပုံးပြုလုပ်ရောင်းချသူ မရှိတော့သည့် ချောက်မြို့တွင်လည်း "အရင်က စတိုးဆိုင်လေးတွေမှာ မြန်မာမီးပုံးလေးတွေရောင်းတာတွေ့ရတာပေါ့။ ရပ်ကွက်ထဲက ကလေးတွေလည်း သီတင်းကျွတ်တော့မယ်ဆိုရင် လက်ထဲမီးပုံးလေးတွေဆွဲလို့။ ခုကျတော့ချောက်က နာမည်ကြီးဆီမီးတစ်ထောင်လှည့်ပွဲမှာတောင် မြန်မာမီးပုံးမမြင်ရတော့ဘူး။ တရုတ်မီးပုံးတွေပဲသုံးလာကြတော့တယ်" ဟု ချောက်မြို့မှ ဦးလင်းကပြောသည်။

 

မီးပုံးဝယ်သူ အမျိုးသမီးတစ်ဦးကလည်း "တရုတ်မီးပုံးလေးတွေပဲဝယ်ဖြစ်တယ်။ သူက ဖန်သီးနဲ့ထွန်းရတာဆိုတော့ မီးရေးထင်းရေး စိုးရိမ်စရာမလိုဘူးပေါ့။ မြန်မာမီးပုံးကတော့ ဝယ်ချင်ရင်ရှာဝယ်ရတာ။ ခုဆိုသိပ်မဝယ်ဖြစ်တော့ဘူး။ လွယ်တာဝယ်ဖြစ်တာလည်း ပါတာပေါ့လေ"ဟု ပြောသည်။ "ကျမတို့က မန္တလေးကနေ မှာပြီးရောင်းတာပါ မြန်မာမီးပုံးကို online shopping လုပ်ဖို့ ဘာလို့စဉ်းစားလဲဆိုရင် ဒီနှစ်မှ ကျမတို့ ရောင်းဖို့စဉ်းစားမိတာပါ။ မြန်မာမီးပုံးက ခုဆိုရှားလာပြီဆိုတော့ ဝယ်ချင်သူများမယ်ထင်လို့လည်း လုပ်ဖြစ်တာပါ။ ရန်ကုန်မှာက မြန်မာမီးပုံးလုပ်ရောင်းတဲ့သူ ခုဆိုကျမ မကြားဖူးဘူး။ ဒါကြောင့် ဝယ်ချင်တဲ့သူရှိရင် မန္တလေးကပဲ မှာရောင်းပေးတယ်"ဟု ရန်ကုန်မြို့မှု မြန်မာမီးပုံးအား online shopping ဖြင့် ရောင်းချနေသူတစ်ဦးကပြောသည်။

 

ရှားပါးလာသော မြန်မာမီးပုံးများအား ဝယ်ယူရရှိနိုင်သည့် online shopping များရှိလာသော်လည်း မြန်မာမီးပုံး ပြုလုပ်ရောင်းချသူ နည်းပါးလာသည်နှင့်အမျှ မြန်မာရိုးရာမီးပုံးများ ရှားပါးလာကာ မကြာမီ ရောက်ရှိလာတော့မည့် မြန်မာ့တို့၏သီတင်းကျွတ်ပွဲတော် ကာလသည် ရိုးရာမီးပုံးလုပ်ငန်းများ၏ အနာဂတ်နှင့် နောက်နှစ်မည်မျှအကြာတွင် မြန်မာ့ရိုးရာမီးပုံးများ အမှန်တကယ် ကွယ်ပျောက်သွားတော့မည်လား ဆိုသည်ကတော့ အိပ်မက်ဆိုးကြီးတစ်ခု၏ မေးခွန်းတစ်ခုသို့ ထင်ထင်ရှားရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။