မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်

 

 

ထက်ဝေအောင်(စစ်ကိုင်း)

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆီထွက်သီးနှံ အထွက်နှုန်းများ ဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက်ဆောင်ရွက် ခဲ့ကြသည်။ ပြည်တွင်းမှ ပိုလျှံသည့် စားရေရိက္ခာများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်စွမ်းအားရှိသဖြင့် မြေကြီးက ရွှေသီးသည်ဟုပင် သတ်မှတ်ခေါ်ဆို နိုင်သည်။ နိုင်ငံတော်အနေဖြင့် စားရေရိက္ခာဖူလုံရေးလုပ်ငန်းများကို ပီပြင်စွာ အကောင်အထည် ဖော်ဆောင်ရန် အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူ လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်”ဟု အတိအလင်း ဖော်ပြထားသည်။

 

သို့ဖြစ်၍ နိုင်ငံတော်သည် စီးပွား ရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝ သည့် စားရေရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးပံ့ပိုး ကူညီပေးလျက်ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျ စိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်သည်။ သို့မှသာ သီးနှံအထွက်နှုန်း ပန်းတိုင်ရရှိရေး (မျိုး၊ မြေ၊ ရေ၊ နည်း)စနစ်ကောင်းဖြင့် လယ်ယာစီးပွားခေတ်ကို အာမခံရရှိနိုင်မည်ဖြစ်သည်။ လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့် လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအားကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် အထူး လိုအပ်သည်။ စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်ရန်၊ စိုက်နည်း စနစ်ကောင်းများကို အားထားရန် လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံးမျိုးများကို စိုက်ပျိုးကြရမည်ဖြစ်သည်။

 

စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ

 

နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်း လုံခြုံ၍ အာဟာရပြည့်ဝသည့် စားရေရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာ အကွယ်များစွာဖြင့် တောင်သူလယ်သမား ကြီးများကို ပံ့ပိုးကူညီလျက်ရှိသည်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတွင်လည်း တစ်ဧကချင်း အထွက်နှုန်းတိုးတက် ကောင်းမွန်စေရေး၊ အရည်အသွေး ကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေး သုတေသန၊ စက်မှုသုတေသန၊ နည်းပညာ သုတေသန၊ ပညာရေးသုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားရေရိက္ခာ ဖူလုံရေးအတွက် မြေနှင့် ရေအရင်းအမြစ်များကို အကျိုးရှိရှိသုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံ လျက်ရှိသည်။

 

ရေသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် မရှိမဖြစ်အရေးပါလှသည်။ နိုင်ငံတော် အစိုးရက စိုက်ပျိုးရေကို ထိရောက်စွာအသုံးချနိုင်ရေး၊ မိုးရွာ သွန်းမှု လျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်း ရေသိုလှောင်နိုင်ရေးအတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ အသုံးပြုလျက် ရေရှည်အသုံးပြုနိုင်မည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေကို ထိရောက်စွာအသုံးပြု နိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကို လယ်သမား များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေမည့် ရေအသုံးချသူများအဖွဲ့ (Water User Group- WUG) နှင့် ရေအသုံးချသူ များ အသင်း (Water User Association- WUA) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။

 

လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံအစရှိသည့် သီးနှံ များ ယှဉ်ပြိုင်စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများ လည်း စိုက်ပျိုးသင့်ပေသည်။ ယနေ့အချိန် တွင် နိုင်ငံစီးပွားမြှင့်တင်မှုအနေဖြင့် ဘက်ပေါင်းစုံမှ စီမံကြိုးစားဆောင်ရွက် နေချိန်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ပဲတီစိမ်း၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။ သီးနှံအလိုက် ဧကတိုးချဲ့ရေးသာမက ဒေသရေမြေ အလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးသည် သီးနှံ ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထွက် နှုန်းနှင့် ဝင်ငွေတွက်ခြေကိုက်မှုကို ဖြစ်စေ သည်။ စက်မှုလယ်ယာ တစ်ခေတ် ကူးပြောင်း ဆောင်ရွက်မှုအနေဖြင့် တောင်သူများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ကိုင်သူများကို ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြံနှင့် အာလူး သီးနှံများကို Fully Mechanized ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း၊ လယ်ထွန်စက်များကို ထွန်နှင့် ထယ်နှစ်မျိုးသာ အသုံးပြု လျက်ရှိရာမှ မြေပြင်၊ မျိုးစေ့ချ၊ ကြားပေါင်းလိုက်၊ ဆေးဖျန်း၊ ရိတ်သိမ်း အစအဆုံးထွန်စက်နှင့် နောက်တွဲကိရိယာ အသုံးပြုခြင်းသင်တန်းများ ပို့ချပေးလျက် ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ သည် တောင်သူများ၏ ဥစ္စာအရင်းအနှီး ဖြစ်သည်။ လယ်ယာလုပ်သားရှားပါးမှု ပြဿနာ၊ စိုက်ပျိုးမြေလျော့နည်းလာ သည့်ပြဿနာများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အတားအဆီးဖြစ်စေ သည်။ သို့သော် လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ ဆောင်ရွက် ရမည်ဖြစ်သည်။ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုနှင့်အတူ တောင်သူလယ်သမားကြီးများ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာအောင် ဆောင်ရွက်ကြရမည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုန်ထုတ်လမ်းများကောင်းမွန်ရေး၊ ရေနှင့် မီးလင်းရေးဆိုင်ရာအခြေ အနေကောင်းများ ပိုင်ဆိုင်ရရှိရန် လိုအပ် သည်။ အခြေခံလိုအပ်ချက်များ ပြည့်မီမှသာ တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာပြီးကိုယ်စိတ် နှစ်ပါး အေးချမ်းစွာဖြင့် ဝမ်းစာဖူလုံရေး လုပ်ငန်းရပ်များတွင် ဆတက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်သည်။

 

ဆင်းရဲငတ်မွတ်မှုတိုက်ဖျက်ရေး လုပ်ငန်းများ

 

ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး ကြွေးကြော်သံများဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (၁၇) ရပ်ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများ ပါဝင်သဖြင့် ဘေးကင်းလုံခြုံသောသီးနှံ များ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices-GAP)နှင့် အော်ဂဲနစ်စိုက်ပျိုးရေးအလေ့ အကျင့်ကောင်းများကို လေ့ကျင့် ဖော်ဆောင်လျက်ရှိသည်။

 

မျှော်မဆုံးနိုင်သည့်လယ်ကွက်များပေါ်တွင် ကွင်းလုံးပြည့်စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ ရောက်ရှိရေးမှာ တောင်သူလယ်သမား ဦးကြီးများ၏ ဦးဆောင်ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်ပေသည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေး ကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသောအချက်အချို့ ဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်းအဆင့်ဆင့် တိုးတက်လာမည်ဆိုပါက အလေအလွင့် နည်းပါးလျက်အကျိုးအမြတ် များလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ ထို့အတူပင် လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေ မျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကို ဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘဝ အနာဂတ်ပိုမိုလှပလာမည့် သင်္ကေတတစ်ခုဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမားဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့် တိုးတက်မှုဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံစိတ်ချ ရသည့် အာဟာရပြည့်ဝသော စားရေ ရိက္ခာထုတ်လုပ်ခြင်းဖြစ်စဉ်များ၊ ခိုင်မာသောဈေးကွက် ချိတ်ဆက်တင်ပို့နိုင် မည့်အခွင့်အရေးများစွာဖြင့် ရွှေတံခါး ကြီး ပွင့်လာမည့်အချိန်ကာလ၊ ကွင်းလုံးပြည့်စိမ်းလန်းခြင်း နည်းပညာများဖြင့် “မြန်မာ့တောင်သူလယ်သမား ပြည့်ခွန် အား ပြသနိုင်မှုကို ဂုဏ်ပြုလျက် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အချိန်အခါ သမယကို ကြိုဆိုလိုက်ရပါသည်။