မြန်မာ့လွတ်လပ်ရေးနှင့် တေးဂီတစာဆိုတို့၏ အနုပညာ

mdn

သတင်းဆောင်းပါး - မမိုးမြေ

အနုပညာသည် အနုပညာဟုခေါ်တွင်သော်လည်း စစ်မက်ရေး၊ အမျိုးသားရေးနှင့် လွတ်လပ်ရေးတို့တွင်လည်း အရေးပါသောအခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ခံစားမှု၊ စိတ်ကူးနှင့် လောကဝန်းကျင်တို့ ပေါင်းဖွဲ့၍ ဖန်တီးရသော အနုပညာစွမ်းအားသည် မြန်မာ့လွတ်လပ်ရေးတွင်လည်း အဓိကကျခဲ့ပါသည်။ ကိုလိုနီခေတ် ဂီတစာဆိုများ၊ လွတ်လပ်ရေး ရရှိ ရန် ကြိုးပမ်းစဉ် ခေတ်တေးပြုစာဆိုများ၏ ဇာတိမာန်တေးများသည် ပြောင်မြောက်လှပါသည်။ အဘယ်ကြောင့်ဤမျှ ထက်မြက်ခဲ့ရသနည်း။ ဤမျှ ပြောင်မြောက်ခဲ့ရသနည်းဆိုသော် ခံစားမှုကြောင့် ဖြစ်ပါသည်။ အမျိုးချစ်သည့် ခံစားမှုက အနုပညာလက်ရာကောင်းများကို ပေါ်ထွက်စေခဲ့ပါသည်။ 

ကျွန်မငယ်ရွယ်စဉ်က  အာဇာနည်နေ့နား နီးလာလျှင် သီချင်းတစ်ပုဒ်ကို   ကြားရလေ့ရှိပါသည်။   ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိတေးဖြစ်ပါသည်။ ကျွန်မ မှတ်မိ နေသော တေးစာသားလေးမှာ “ဦးဖာ၊ ဒေါ်စု အမှီပြုကာ ရယ်...   ကလေးငယ်နာမည်   အချိန်စာရင်းပေးတော့ ထိန်လင်းလို့ခေါ်တယ်... သူ့အဖိုးရယ်၊   သူ့အဖွားရယ်... ဗိုလ်မင်းရောင်လို့ခေါ်တယ်” ဟုဖြစ်ပါသည်။ တေးစာသား သည်   ရိုးရိုးလေး   ဖြစ်ပါသည်။  ရိုးရိုးလေးရေးထားသော် လည်း တေးပြုစာဆို၏   ခံစားမှုပါသည်၊   အမြင်ပါသည်။ တေးအဖွဲ့ခံရသူ ဗိုလ်ချုပ်အပေါ်  စာရေးသူ၏ မေတ္တာဓာတ် တွေသည် တေးစာသားနှင့် တေးသွား၌ပါနေသည်။ ရိုးသား သော  ဗိုလ်ချုပ်၏ဘဝတေးကို ရိုးရိုးလေးနှင့်  နှစ်သက်စရာ ကောင်းအောင် ရေးဖွဲ့ထားသည်။   နားဆင်သူတို့ကလည်း ရိုးသားသော  ဗိုလ်ချုပ်ကို   ရိုးရိုးသားသား   ချစ်ကြသည်။ နှစ်သက်ခံစားကြသည်။ 

သီချင်းများနဲ့ ဗိုလ်ချုပ်သို့ လွမ်းဆွတ်ခြင်း

ထိုသီချင်းလေးသည်   လွတ်လပ်ရေးအတွက် အသက် ပေးခဲ့သော   ဗိုလ်ချုပ်ကို   လွမ်းမောဖွယ်   ဖြစ်စေသည်။ ငယ်ငယ်လေးကတည်းက  ကြားဖူးသည်။  ငယ်ငယ်လေး ကတည်းက ကြိုက်သည်။ ကျွန်မဆယ်ကျော်သက်အရွယ် တက္ကသိုလ်ရောက်စအထိလည်း         ကြားနေရသည်။ ရုတ်တရက်သီချင်းလေးကို မကြားရတော့ပါ။ နှစ်ပေါင်း များစွာ ကြာသွားသည်။ တက္ကသိုလ်ကျောင်းသူလေးဘဝမှ ပါမောက္ခဖြစ်လာသည်။ အသက်လည်း   ကြီးမှန်းမသိ  ကြီးလာသည်။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နားနီး မှ   မကြားရသည်မှာ   ကြာလွန်းလှပြီဖြစ်သော  သီချင်း တစ်ပုဒ်ကို ကြားလိုက်ရသည်။   စမ်းချောင်းရှိ သမီးအိမ်သို့ ရောက်နေစဉ် အိမ်နှင့်  မလှမ်းမကမ်းမှ ကြားလိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်မစိတ်သည်   နှစ်ပေါင်းများစွာ  အိပ်ပျော် နေရာမှ      ဖျပ်ခနဲလန့်နိုးလာသလိုလို   ထင်လိုက်ရသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေသူ၏ အသံကို ရုတ်တရက်ကြား လိုက်ရသလိုလို။  ထိုင်နေရာမှထ၍  ဝရန်တာသို့ ပြေးထွက် သွားသည်။ သီချင်းလာရာကို  လိုက်ရှာမိသည်။ ခပ်လှမ်း လှမ်းတွင်   ရပ်ထားသော   ထီရောင်းသည့်   ဆိုက်ကားမှ လွင့်ပျံ့လာနေခြင်းဖြစ်သည်။  နားကို     အစွမ်းကုန်စွင့်၍ အစွမ်းကုန်ကြားအောင် နားထောင်သည်။ 

“ဗမာ့လွတ်လပ်ရေးအတွက်  တပ်မတော်ဖွဲ့ဖို့   ဂျပန် ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊     သူရဲကောင်းတဲ့    ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဆိုသည့်တေးသံရွေ့လျားလွင့်မျော ရာနောက်သို့  လည်ဆန့်၍ နားစိုက်ထားမိသည်။ ကြာပါပြီ၊ သည်သီချင်းကိုလည်း နုပျိုစဉ်က လွတ်လပ်ရေးနေ့နားနီး လျှင် အကြိမ်ကြိမ်ကြားခဲ့ရသည်။ အကြိမ်ကြိမ် နှစ်သက် ခဲ့ရသည်။  ခဏခဏ ကြားနေရသော်လည်း ရိုးအီသွားခြင်း မရှိခဲ့ပါ။ ထီရောင်းသူသည် သီချင်းသံနှင့်အတူ ဆက်ရွေ့ သွားသည်။ တစ်နာရီခန့်ကြာသောအခါ သီချင်းသံပေါ်လာ ပြန်သည်။ “ဗမာ့သူရဲကောင်း” သီချင်း၏ အဆက်ဖြစ်သည်။ 

“ငါတို့ဗမာပြည်ဝယ်... မိဘတိုင်းကရယ်... ဗိုလ်အောင်ဆန်း လို သူရဲကောင်းတွေ မွေးရမယ်... ဪ ...ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာပမာပုံနှယ်... အလောင်း ဘုရားတို့လိုကွယ်... ဗမာတိုင်း... ဗမာမျိုး...အားကိုး လောက်ပေတဲ့... မကြောက်တမ်းမရွံ့တမ်း...  ဗမာတွေ အောင်ပန်းဆွတ်ရှာလေတယ်”။

ကျွန်မရင်ထဲတွင်  လှိုက်တက်လာသည်။ “ငါတို့ဗမာ ပြည်ဝယ်... မိဘတိုင်းကရယ်... ဗိုလ်အောင်ဆန်းလို သူရဲ ကောင်းတွေ  မွေးရမယ်” ဆိုသော စာသားသည် ပစ္စုပ္ပန်မှ သည်ခုန်ကျော်၍ ပျိုရွယ်စဉ်ဘဝဆီသို့ ပြန်ရောက်သွား စေသည်။   ထိုစဉ်အခါကလည်း   ဝမ်းသာခြင်းပီတိဖြင့် လှိုက်လှဲဆို့နင့်ခဲ့ဖူးသည်ပင်။ ဗိုလ်ချုပ်အတွက်  ဖွဲ့သော သီချင်းများသည် စာဆိုကွဲသော်လည်း ရေးဖွဲဟန် ရိုးသားပုံ တူညီသည်။    အလင်္ကာအဆင်တန်ဆာ  အဖွဲ့အနွဲ့မပါ။ အရိုးဆုံးအရှင်းဆုံး ဖွဲ့ထားသည်။ သို့သော် နားဆင်သူတိုင်း ခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် တေးသီချင်း တိုင်းတွင် ခံစားမှုအမှန်တရားပါသောကြောင့်ပင်။ စာဖတ် သူ၊ နားဆင်သူတို့အား ရသခံစားမှု ပေးနိုင်သည့် အနုပညာ ပစ္စည်းတိုင်းတွင်   ခံစားမှုအမှန်တရား  ပါရသည်။ ကဗျာ ဆိုလျှင် ကဗျာ့သစ္စာဟုဆိုကြသည်။ ရသမြောက်အနုပညာ လက်ရာမှန်သမျှတွင် အမှန်တရားပါသည်။   ဗမာ့သူရဲ ကောင်းသီချင်းတွင် စာဆိုဖွဲ့သီထားသော အကြောင်းအရာ များ၊   စာသားများသည် အမှန်တရားများ   ဖြစ်ကြသည်။ စာဆိုကိုးကားပြထားသော သမိုင်းအထောက်အထားများ သည်လည်း    သမိုင်း၏    အမှန်တရားများသာ  ဖြစ်သည်။ ကြိုးသီချင်း၊ ပတ်ပျိုး၊   ယိုးဒယားသီချင်းများတွင် ပါသော ဘုန်းတော်ဘွဲ့များသည်    အမှန်တရားမပါ။ သမိုင်းတွင် မထင်ရှား၊ သူရဲကောင်းမပီ၊ ခေါင်းဆောင်ကောင်းမဟုတ် လှသောမင်းများအတွက် ဖွဲ့လျှင်လည်း၊ ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို “ထောင်ရောင်နေ၊ မှောင်မှောင်ခြွေ” ဟု ဖွဲ့ရသည်။ သိကြားမင်းနှင့် နှိုင်းရသည်။ ဘုရင်၏ နန်းတော် ကို သိကြားမင်း၏ ဝေဇယန္တာနတ်နန်းနှင့် နှိုင်းရသည်။ ဘုန်းတန်ခိုးရနံ့သင်းပုံကို    မဉ္ဇူသကနတ်ပန်းနှင့် ဥပမာ ပေးရသည်။   နိုင်ငံတော်၏  အကျယ်အဝန်းကို ကျွန်းကြီး လေးကျွန်းဟုဖွဲ့ရသည်။    တေးအဖွဲ့ခံဘုရင်၏   အရည် အသွေးအစစ်အမှန်ထက် ဘုန်းတော်ဘွဲ့များတွင်   ရေးလေ့ ရှိသည့်အတိုင်းဖွဲ့ရသည်။  အမှန်တရား မပါသည့်အတွက် ခံစားမှုအမှန်တရားကို မပေးနိုင်ပေ။ အနုပညာ၏သဘော မှာ   စာဖတ်သူ၌    ရသမြောက်ရမည်။   ရသမြောက်သည် ဆိုရာ၌ စာတစ်ပုဒ်ကို ဖတ်မိ၊   ကြားမိလျှင် နှစ်ရှည်လများ ရင်၌  စွဲကျန်ရစ်နေခြင်းကို ဆိုလိုသည်။ ရသ၏ ဂယက်ဖြင့် ဖတ်သူ၊ ကြားသူ၌ ဘဝအသိထက်မြက်လာစေနိုင်စွမ်း ရှိသောစာမျိုး   ဖြစ်ပါသည်။ 

ဗမာ့သူရဲကောင်းသီချင်းတွင် ဆိုရတိုင်းတက်တက် ကြွကြွနိုးနိုးကြားကြား ဖြစ်လာစေသော   စာပိုဒ်ပါသည်။ တေးဆိုတတ်စကလေးငယ်မှစ၍ သက်ကြီးရွယ်အိုအထိ တေးသံကြားလျှင်  မနေနိုင်ကြ၊  လိုက်ဆိုမိကြသည်။ ဆိုမိ တိုင်းလည်း    ဇာတိမာန် နိုးကြားတက်ကြွလာကြရသည်။ ထိုစာပိုဒ်မှာ    “ရာဇဝင်အတ္ထုပ္ပတ္တိလည်း   ရှိရမယ်... မော်ကွန်းလည်း        ထိုးလောက်တဲ့     မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်... တိုင်းပြည်အကျိုး      စွန့်ခဲ့တဲ့ မျိုးဇာနည်နွယ်... လွတ်လပ်ဖို့တို့များကို  ကျွန်တွင်းမှ ကယ်...  တို့ဗမာတွေစိုးမိုးဖို့   မျှော်ကြရှာဖို့ပေါ်လာတယ်” ဟု ဖြစ်ပါသည်။ 

ကျွန်းကြီးလေးကျွန်း၊     ရောင်ခြည်တစ်ထောင် အလင်းဆောင်သော      နေမင်း၊    မဉ္ဇူသကနတ်ပန်း၊ ဝေဇယန္တာနန်း မပါပါ။ ဥပမာအလင်္ကာများနှင့် မဖွဲ့ဘဲ အမှန်တရားကို  အမှန်တရားအတိုင်း၊  အရှိကို အရှိတိုင်း ဖွဲ့ခြင်းဖြင့်တေးစာသားများသည်  အလိုလို  လှနေသည်။ နားဆင်သူသည် စာသားတိုင်းအပေါ် ခေါင်းတစိုက်စိုက်နှင့် နှစ်သက်    လက်ခံကြရမည်ပင်။      “ဗမာ့သူရဲကောင်း” တေးတစ်ပုဒ်လုံးကိုကြည့်လျှင်  စကားလုံးများဖြင့် ဖွဲ့သီ အပ်သောတေးစာသားသည်   တေးပြုစာဆို၏  ခေတ်ကို ခံစားပြီး  ခေတ်၏အမှန်တရားကို    ခံစားရေးဖွဲ့ထားသည့် အတွက် စာသားများသည် ထက်မြက်နေခြင်း ဖြစ်ပါသည်။ ကဗျာသီချင်းကဲ့သို့   ရသစာပေကို   သီဖွဲ့ရာတွင် စကားလုံး များသည် စာဆို၏ ခံစားမှုမှ ပေါက်ဖွားလာရမည်။ စိတ်ကူး သည်လည်း    ခံစားမှုမှ   မွေးဖွားလာရမည်။  ကာရန်အသံ တေးသွားများသည်လည်း   ခံစားမှု၏   တုံ့ပြန်သံများသာ ဖြစ်ရမည်ဟု    ဆရာဇော်ဂျီက   ဆိုမိန့်ခဲ့ဖူးပါသည်။ စာဆို သည် သူတို့ခေတ်၊ သူတို့ဗိုလ်ချုပ်၏ စွမ်းဆောင်မှုပုံရိပ် များကို ခံစား၍   ရေးဖွဲ့ထားသည်။   “ဗမာ့သူရဲကောင်း” သီချင်းသည် ခံစားမှုအမှန်တရားကြောင့် အချိန်ကာလ အကန့်အသတ်မရှိ ရသခံစားမှုကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါ သည်။ ထိုသို့ဆိုလျှင် အဆိုပါသီချင်းကို အဘယ်စာဆိုသည် ဘယ်ခေတ်၊ ဘယ်သူကို  ခံစားရေးဖွဲ့ခဲ့ပါသနည်း။

ဗိုလ်ချုပ်အောင်ဆန်းနှင့်    ရဲဘော်သုံးကျိပ်တို့သည် မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံ ၌ စစ်ပညာသင်ကြားခဲ့ကြရသည်။ စစ်ပညာသင်ကြားချိန် တွင် အသက်နှင့်လဲ၍ စွန့်စားခဲ့ကြရသည်။ ဆင်းရဲဒုက္ခ အမျိုးမျိုးကိုခံစားခဲ့ကြရသည်။ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင်    ဗိုလ်တေဇခေါ်     ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး သည်    ရန်ကုန်မြို့ကို   သိမ်းပိုက်လိုက်ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ    ရဲဘော်သုံးကျိပ်တို့၏   တိုင်းပြည် အတွက်   စွမ်းဆောင်မှုများကို   ဂုဏ်ပြုသည့်အနေဖြင့် သဟာယဆရာတင်က “ဗမာ့သူရဲကောင်း” သီချင်းကို ရေးဖွဲ့ခဲ့ပြီးလျှင်   အဆိုတော်မျိုးချစ်က   သီဆိုခဲ့သည်။ အဆိုတော် ကိုမြကြီးလည်း ပြန်လည်သီဆိုခဲ့ပါသည်။ 

လွတ်လပ်ရေးခရီးစဉ်သည်      ရှည်လျားလှသည်။ နယ်ချဲ့ဗြိတိသျှကို တွန်းလှန်ပြီးနောက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရပြန်သည်။ ဖက်ဆစ်ကို တိုက်ထုတ်ပြီးသည့် တိုင်   လွတ်လပ်ရေးခရီးစဉ်သည်   အဆုံးမသတ်သေးပါ။ နယ်ချဲ့အစိုးရသည် စက္ကူဖြူစာတမ်းကြီးနှင့်အတူ ဘုရင်ခံ ဒေါ်မန်စမစ်ကို       ပြန်လည်ရောက်ရှိလာစေပြန်သည်။ နယ်ချဲ့ဝါဒနှင့် အရင်းရှင်စနစ်ဆိုးကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းလာပြန်သည်။   အရင်းရှင်စနစ်၏    ဒဏ်၊ စစ်ဘေး စစ်ဒဏ်တို့ကို   ခံရပြီး မြန်မာတစ်ပြည်လုံး ဆင်းရဲနွမ်းပါး နေလေပြီ။  ပြည်သူလူထုတစ်ရပ်လုံး   ပူးပေါင်းပါဝင်၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ရေးသည် အရေးတကြီး လိုအပ်လာပါသည်။ ထိုအခြေအနေတွင် ပြည်သူတို့အား လှုံ့ဆော်ရန်    တေးပြုစာဆို   ရန်နိုင်စိန်က “ပြန်လည် ထူထောင်ရေး” သီချင်းကို  ရေးဖွဲ့ခဲ့ပါသည်။ ထိုသီချင်း၏ ပထမစာပိုဒ်ကိုသာ    ဖော်ပြသွားပါမည်။     ပြန်လည် ထူထောင်ရေးသီချင်းမှာ “  လူထုအားကို အများကြီးလို သည်။ ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီ... တိုင်းရင်းသား တိုင်းသည်   ရိုင်းပင်းကြရမည်။ ငွေထွက်နည်းဖို့ အမြဲပဲ ကြံစည်၊ (နည်းပေးလမ်းပြမည်) ၂ နည်းနည်းတော့ အပျော် အပါးလျှော့စေချင်သည်။ ဗမာပြည်ထောင်စုကို ပြန်လည် ထူထောင်မှုနဲ့ ပြုပြင်မည်” ဟုဖြစ်ပါသည်။ 

အရိုးဆုံးသည်အလှဆုံး

“ပြန်လည်ထူထောင်ရေး” သီချင်းသည် ခေတ်၏အမှန် လိုအပ်ချက်ကို ဖွဲ့သူကဖွဲ့သည်။ ပြည်သူတစ်ရပ်လုံးက လည်း  နှစ်နှစ်သက်သက် ဆိုကြသည်။ နှစ်နှစ်သက်သက် ခံစားကြသည်။  နှစ်နှစ်သက်သက် လက်ခံကျင့်သုံးကြသည့် အတွက် လွတ်လပ်ရေး ပန်းတိုင်သို့ အရောက်တက်လှမ်း နိုင်ခဲ့ခြင်း      ဖြစ်ပါသည်။    ထိုသီချင်းကို  ငယ်ငယ်လေး ကတည်းက    ကြားခဲ့သည်၊ ဆိုခဲ့သည်။    “လူထုအားကို အများကြီးလိုသည်။    ဗိုလ်ချုပ်အစိုးရ    အချိုးကျကူညီ” ဆိုသည့်စာသားကို ခဏခဏအားပါးတရ ဆိုဖြစ်သည်။ ရေဒီယိုကလည်း  ခဏခဏလာသည်။ ကလေးတွေဆိုသကဲ့ သို့ လူငယ်၊ လူလတ်၊  လူကြီးတွေအားလုံးဆိုကြသည်။ စာဆိုသည် သူအမှန်ခံစားရသော ခေတ်၏ခံစားချက်ကို ရသမြောက်အောင်ဖွဲ့သည်။  အဆင်တန်ဆာအလင်္ကာများ နှင့် မဟုတ်ပါ။ အရိုးဆုံးသည်   အလှဆုံးဆိုသည့် ခံယူချက် နှင့် သူ့အနုပညာကို   ရိုးရိုးလှလှဖွဲ့သည်။   ဆိုလိုချက်ကို ရှင်းလင်းပြတ်သားစွာရေး၍ အားမာန်ပါပါ ဆိုရလွယ်အောင် ရေးဖွဲ့နိုင်ခြင်း၊အမှန်တရားဖြစ်ခြင်းတို့က ထိုသီချင်းကို အနုပညာဂုဏ်မြောက်စေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ 

လူထုအားထဲတွင် အနုပညာရှင်တို့၏ အင်အားသည် အထူးပင်အရေးပါကြောင်းကို ဗိုလ်ချုပ်ကလည်း ယုံကြည် သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ပြည်သူကိုစည်းရုံး ရာ၌ ဗိုလ်ချုပ်သည်    တော်လှန်ရေးအတွက်   လိုအပ်ပြီး အနှစ်သာရရှိသော     စာသားများကို    ရွေးချယ်စေ၍ ရွှေတိုင်ညွန့်ကို တေးတစ်ပုဒ်ရေးပေးပါရန် ဗမာ့တပ်မတော် ပြည်သူ့ ဆက်ဆံရေးဌာန၌ ဆက်ဆံရေးအရာရှိဖြစ်နေသည့် ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း) မှတစ်ဆင့် ပြောဆိုစေ ခဲ့ပါသည်။ ဗိုလ်ထွန်းလှသည် ပေးလိုက်သည့် စာသားများ ကိုပြ၍ သီချင်းတစ်ပုဒ်ရေးပေးပါရန်  တောင်းပန်ခဲ့သည်။ ရွှေတိုင်ညွန့်က ကျန်းမာရေး ဆိုးရွားနေသည့်  ကြားမှပင် “ပြည်သူ့တပ်မတော်” သီချင်းကို နှုတ်ဖြင့် ချပေးသည်။ “ပြည်သူ့တပ်မတော်” သီချင်းရေးပြီး ရက်ပိုင်းအတွင်းမှာပင် ရွှေတိုင်ညွန့်  ဆုံးသွားခဲ့ပါသည်။   
ဗိုလ်ထွန်းလှသည် ရွှေတိုင်ညွန့် ပါးစပ်ဖြင့်ချပေးသည် ကို တယောဖြင့်    တက်ယူခဲ့သည်။ တီးလုံးတီးကွက်ကို တီးမှုတ် သီဆိုမည့် ဝိုင်းကိုပြန်လည်၍ သီချင်းချပေးခဲ့သည်။ ဗဟန်းကန်တော်မိတ်ရုပ်ရှင်ရုံကြီး၌   ကျင်းပသော  လူထု အစည်းအဝေးကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ တက်ရောက် သည့်ပွဲတွင် သီဆိုခဲ့သည်။ ခေါင်းဆောင်များနှင့် ပြည်သူ လူထုကြီး တစ်ရပ်လုံးက   သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ သည်။ စစ်ထွက်ခါနီး တပ်မတော်အင်အားပြပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်သားများကို ကိုယ့် သားသမီးကဲ့သို့ သဘောထား၍ လိုအပ်သောအကူအညီ မှန်သမျှ ပြည်သူတို့က ကူညီကြရန်  မိန့်ကြားသောအခါ လက်ဝတ်ရတနာများကို   ချွတ်၍  လှူဒါန်းခဲ့ကြသည်။ ငွေကြေးများကိုလည်း ရက်ရက်ရောရော ပေးလှူခဲ့ကြ သည်။   မြို့ထဲသို့    လှည့်လည်ချီတက်လာကြသော တပ်မတော်သားများကိုလည်း    အောင်သပြေပန်းများ ကမ်း၍ အားရရွှင်လန်းစွာ ကြိုဆိုခဲ့ကြပါသည်။

တာဝန်ကျေသော တေးသီသူများ 

လွတ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့ထက်တိုင် နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ထားသည့် သီချင်း၏ မြစ်ဖျားမှာ ၁၉၃၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီ ဆရာတင် ရေးဖွဲ့ခဲ့သော “တို့ဗမာ” သီချင်းဖြစ်သည်။ တို့ဗမာအစည်း အရုံးသည်   မြန်မာ့လွတ်လပ်ရေး   ကြိုးပမ်းမှုသမိုင်းတွင် အရေးပါခဲ့ပါသည်။ ထိုအစည်းအရုံးက “ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည်တို့စကား၊ ဗမာပြည်ကိုချစ်ပါ၊    ဗမာစာကိုချီးမြှင့်ပါ၊  ဗမာစကားကို လေးစားပါ” ဆိုသော   ကြွေးကြော်သံနှင့် ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ထိုအစည်းအရုံးက အင်္ဂလိပ်တို့ကို ဘုရားထူး၊ သခင်မခေါ်နိုင်။ ငါတို့သည်သာ သခင်အစစ်ဖြစ်သည်ဟု ဆိုကာ    မိမိဗမာလူမျိုးကိုသာ   သခင်၊ သခင်မလို့   ခေါ် ရမည်ဟု ဖော်ထုတ်ကြေညာသည်။ တို့ဗမာအစည်းအရုံး၏ အခမ်းအနားများတွင်   သီဆို၍   ဇာတိမာန်မြှင့်တင်ရန် ဝိုင်အမ်ဘီ ဆရာတင်က “တို့ဗမာ” သီချင်းကို   ဖွဲ့ဆိုခဲ့သည်။ 

တို့ဗမာသီချင်းမှာ “တကောင်းအဘိရာဇာ၊   တို့ဗမာသာကီ မျိုးဟာမို့၊    မညှိုးဂုဏ်တေဇာ၊  ..... ကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာတို့ဗမာ၊ စိန်မှန်ကင်း အစစ်အဖြစ်ကြီးဖြစ်လျက်   ထင်းတစ်လှည့်ကြုံရ    ထုံးနှင့်မသွေ၊ လောက ဓမ္မတာပေ၊ ငါတို့ကံခေ  ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင်  ဗမာပြည်၊  ငါတို့  ငါတို့ပြည်။ နောင်ဥဒါန်း ဘယ်မကြေစရာ၊    ရာဇဝင်တင်ထား၊     မျိုးရိုးနွယ်လား၊ ကမ္ဘာတစ်ခွင်မှာဖြင့်  ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ တို့ဗမာ မဟုတ်လေသလား၊ (တို့ဗမာ၊ ငါတို့ဗမာ)၂ (ဒါ ငါတို့ဗမာ)၂ အားလုံးညီညီ၊ ယောကျ်ားဘသား၊   တို့ဗမာ   နောင်လာနောက်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ၊ ဗမာပြည်၊ တို့ဗမာတို့ပါ၊ သခင်ကျင့် ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့  တို့ဗမာ၊ မိုးအောက်မြေပြင် မှာ အထက်တန်းစိတ်နဲ့  စာမရီသွေး တို့ဗမာ။

သံပြိုင် “ကမ္ဘာမကြေ ဗမာတတွေ  (ဒါတို့ပြည်၊ ဒါတို့ မြေ၊ ဒါငါတို့ပြည်)၃ (တို့ဗမာ)၃ ကို  တိုင်းရင်းသားအကုန် အစင်တို့ပြည်လို့မှတ်ထင်၊ တို့ဝတ္တရားပင်၊ တို့ဗမာသခင်” 
“အမျိုးသားရေး   ကြိုးပမ်းကြပါ၊   တို့ဗမာဟေ့  တို့ဗမာ၊ ဪ-- အမျိုးသားရေးကို ကြိုးပမ်းကြပါ၊ တို့ဗမာဟေ့ တို့ဗမာ၊   အရှေ့က     နေဝန်းထွက်သည့်ပမာ၊   တို့ခေတ်ကို ရောက်ရမည်မလွဲပါ၊    တို့ဗမာဟေ့   တို့ဗမာ၊ ဗမာပြည် တစ်ဝှန်းအကုန်၊   တို့အိမ်မှတ်ပါ၊   တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ” ဟု ဖြစ်ပါသည်။ 

သီချင်း၏အနက်မှာ   လေးနက်သည်။    ‘တို့ဗမာ’၊ ‘ဒါတို့ပြည်’ ဆိုသည့်စကားသံများနှင့်  ပဲ့တင်ထပ်နေသည်။ ဇာတိမာန်ကိုချ၍မရအောင် စကားလုံးအင်အားများဖြင့် မြှင့်တင်ထားသည်။   အသံယူပုံမှာ   ပညာသားပါလွန်း၍ အလွယ်တကူဆို၍ မရနိုင်ပေ။ တို့ဗမာ   သီချင်းဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ်   ဇူလိုင်လ ၂၀  ရက်နေ့တွင် ရွှေတိဂုံစေတီ တော်ကြီး၏   ရာဟုထောင့်တွင်   ကျင်းပခဲ့သည်။ အခမ်း အနားတွင်  သခင်ဘသောင်းက  သီချင်း၏  အနက်ကို သမိုင်းကြောင်းများနှင့်    ရှင်းပြသည်။ တေးရေးဆရာ ဝိုင်အမ်ဘီဆရာတင်က ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ကိုယ်တိုင် သီဆိုခဲ့သည်။

လွတ်လပ်ရေးအောင်လံတော် လွှင့်ထူစဉ်တွင်    သီဆို မည့်   နိုင်ငံတော်သီချင်းကိုမူ        တိုင်းပြုပြည်ပြုလွှတ်တော် တတိယအကြိမ်  ညီလာခံအဋ္ဌမမြောက်   အစည်းအဝေး ရောက်မှ အပြီးတိုင် ရွေးချယ်နိုင်ခဲ့သည်။ နိုင်ငံတော်သီချင်း ကို  ကော်မတီဖွဲ့၍  အကြိမ်ကြိမ်    စည်းဝေးညှိနှိုင်းပြီးမှ ရွေးချယ်ခဲ့သည်။ မူလ တို့ဗမာသီချင်း၏ စကားလုံးအချို့ကို ပြုပြင်ပြီး မူလ တေးသွားအတိုင်း ရွေးချယ်သတ်မှတ်နိုင်ခဲ့ သည်။ နိုင်ငံတော်သီချင်းမှာ “တရားမျှတ   လွတ်လပ်ခြင်း နဲ့မသွေ၊ တို့ပြည် တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်(ပြေ)၊ တို့ပြည်(ပြေ) တို့မြေ၊ ပြည်ထောင်စုအမွေ၊   အမြဲတည်တံ့စေ၊    အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ (ကမ္ဘာမကျေ၊ ဗမာပြည်(ပြေ)၊ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ) ပြည်ထောင်စုကို   အသက်ပေး လို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည်(ပြေ)၊ ဒါတို့မြေ၊ တို့ပိုင်နက် မြေ၊ တို့ပြည်(ပြေ)၊ တို့မြေ၊ အကျိုးကို ညီညာစွာတို့တတွေ၊ ထမ်းဆောင်ပါစို့လေ၊ တို့တာဝန်ပေ၊ အဖိုးတန်မြေ” ဟု ဖြစ်ပါသည်။

နိုင်ငံတော်သီချင်းသည်လည်း   အလင်္ကာ    အဆင် တန်ဆာမပါ၊ လူ့နှလုံးသားဆီသို့ တိုက်ရိုက်ထိမှန်စေသည့် အားမာန်ပါသော အရိုးဆုံး၊ အခန့်ဆုံး အမှန်တရားအပါဆုံး စကားလုံးများနှင့် ဖွဲ့စပ်ထားပါသည်။ နိုင်ငံတော်သီချင်း ပီသလှပါသည်။ နိုင်ငံသားတိုင်း၏ အတွေးအသိဆီသို့ ကမ္ဘာမကြေစိတ်ဓာတ်ကို အထိရောက်ဆုံး သွင်းပေးနိုင်ခဲ့ ပါသည်။ ရဲရင့်သော အာဇာနည်သူရဲကောင်းများကဲ့သို့ပင် တေးပြုစာဆိုတို့သည်လည်း ရဲရဲရင့်ရင့် တာဝန်ကျေခဲ့ကြ ပါသည်။ 

တရားမျှတလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ နိုင်ငံသား တိုင်း ခွင့်တူညီမျှရရှိရေး၊ အချင်းချင်းဝါဒတူညီရေးဆိုသည့်  လွတ်လပ်သော   နိုင်ငံတော်၏   အနှစ်သာရများကိုသာ မျှော်လင့်ရန် ကျန်ရှိပါတော့သည်တကား။       ။