မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲသုံးပွဲကစားမည်

၃ ဇန်နဝါရီ 

၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီဒုတိယပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၉ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးပါက ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၁၇ ရက်တွင် စခန်းဝင်လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့ပြီး ကစားသမားများမှာ ကလပ်အသင်းပွဲများ ကစားနေသောကြောင့် ကစားသမားအစုံအလင်ဖြင့် ရက်ဆက်လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းနှင့် တစ်ပွဲ၊ ထိုင်းကလပ်အသင်းနှင့် နှစ်ပွဲ ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း၏ ခြေစမ်းခရီးစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်တို့ ညိနှိုင်းဆောင်ရွက်လျက်ရှိပြီး ခြေစမ်းပွဲကစားမည့် ထိုင်းကလပ်အသင်းများအား ရှာဖွေလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် စတင်လေ့ကျင့်စဉ်က ကစားသမား ၂၇ ဦးသာ ရွေးချယ်ခဲ့သော်လည်း လှယဉ်ဝင်းနှင့် ရူပါခိုင်တို့ကို အားဖြည့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြများအဖြစ်-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ်-ဦး မြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ သန္တာဦး၊ နောက်တန်း-ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ယမင်းလွင်၊ ခိုင်သဇင်၊ ရူပါခိုင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး၊ လဲ့လဲ့လှိုင်၊ နန့်မေသဇင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း-မေသူကျော်၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျုလိုင်ကျော်နှင့် လှယဉ်ဝင်းတို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်