မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများကို အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်မည်

ရန်ကုန် ၄ မေ

 

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပါဝင်သည့် ခရီးသွားအေဂျင်စီများ၊ ပြည်တွင်းပြည်ပ ခရီးသွားများ၊ ဟိုတယ်လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများစသည့် ဆက်စပ် အခြေခံ အဆောက်အအုံပိုင်းအတွက်ပါ အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) ကို မေ ၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှသိရသည်။

 

1

 

မြန်မာ့ခရီးသွားဘဏ်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Full Commercial License လိုင်စင်ရရှိခဲ့သဖြင့် အခြားသောဘဏ်ကြီးများနည်းတူ ဘဏ်၏ဝန်ဆောင်မှုများကို အပြည့်အဝ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်များထဲမှ တစ်စိတ်တစ်ပိုင်းကို မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်ဝင်သွားမည်ဟု အဆိုပါဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးစောဘိုဘိုကဆိုသည်။

 

“ခရီးသွားဘဏ်ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ၊ ခရီးသွားတွေအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ ခရီးသွားလုပ်ငန်းတွေအတွက် ဆိုရင်တော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြားလုပ်ငန်းတွေအတွက် အကောင်းမွန်ဆုံး၊  အပြည့်ဝဆုံး ဘဏ်ဝန်ဆောင်မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်။

 

1

 

“ခရီးသွား အေဂျင်စီအတွက်ဆိုရင်လည်း ခရီးသွားတွေ ပိုမိုရရှိလာအောင် Travel Loan ချေးငွေတွေ ချပေးဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒီလိုမျိုး Eco  System ကြီးတစ်ခုလုံးကို လိုအပ်တဲ့ Customized Payment Product တွေအားလုံးနဲ့ ချေးငွေတွေ ထုတ်ချေးပြီးတော့ ခရီးသွားလုပ်ငန်းစုကြီးတစ်ခုလုံး တိုးတက်လာအောင်၊ ပိုမိုလှုပ်ရှားလာအောင် လုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ရည်ရွယ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ခရီးသွားဦးရေတွေလည်း ပိုများလာမယ်။ သုံးစွဲနိုင်မှုတွေလည်း ပိုများလာမှာပါ။ ဒါကတော့ ပထမဆုံးမြင်တွေ့ရမယ့်အရာပါ´´ ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးစောဘိုဘိုက ပြောသည်။

 

ထို့အပြင် နိုင်ငံခြားသို့သွားမည့် ခရီးသွားများအတွက် နိုင်ငံရပ်ခြားရှိ Payment လုပ်သည့်အခါ လွယ်ကူစေရန် ကတ်စနစ်များ၊ Wallet စနစ်များဖြင့် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းခရီးသွားများ၏ ငွေကြေးလိုအပ်ချက်ကိုလည်း မြန်မာ့ခရီးသွားဘဏ်က ချေးငွေထုတ်ပေးသွားမည်ဟု သိရသည်။

 

1

 

“ရေရှည်အတွက်ကတော့ ကျွန်တော်တို့ဘဏ်က ချေးငွေတွေထုတ်ချေးတဲ့အပြင် နောက်ပိုင်းမှာ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အဆင့်မြင့်ချေးငွေတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ရရှိလာအောင်၊ ပြည်တွင်းကုမ္ပဏီတွေ၊ လုပ်ငန်းတွေဟာ ပြည်ပက လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကူးသန်းရောင်းဝယ်မှုတွေ လုပ်တဲ့အခါမှာ အသုံးပြုမယ့် ဘဏ်ဝန်ဆောင်မှု အသစ်တွေပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ လက်ရှိမှာ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်မှုတွေလုပ်နေတယ်။ နိုင်ငံတကာ Payment Agency တွေဖြစ်တဲ့ Visa/Master/JCB/UPI တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့အတွက် အခုစတင်ဆောင်ရွက်နေပါပြီ။

 

“အခုဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ Visa Free နိုင်ငံတွေလည်း များလာပါပြီ။ အဲဒီလို များလာတာနဲ့အမျှ  ဧည့်သည်အရေအတွက်ကလည်း များလာမှာ ဖြစ်ပါတယ်။ အများစုကတော့ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဝင်ရောက်လာမယ့် နိုင်ငံတွေရဲ့ Payment စနစ်ပုံစံတွေပေါ်မှာ မူတည်ပြီးတော့ Payment Solutions တွေကို ကြိုတင်ပြင်ဆင်နေပါတယ်´´ ဟု ၎င်းကဆိုသည်။

 

ယခုဖွင့်လှစ်တော့မည့် မြန်မာ့ခရီးသွားဘဏ်သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် ဘဏ်ဖြစ်ပြီး မေလအတွင်း၌ နေပြည်တော်နှင့် မန္တလေးမြို့တွင်လည်းကောင်း၊ ဇွန်လအတွင်း၌ ခရီးသွားလုပ်ငန်း၏ အချက်အချာဖြစ်သော မြန်မာနိုင်ငံ၏ ဝင်ပေါက်များဖြစ်သည့် မူဆယ်နှင့် မြဝတီမြို့တို့တွင်လည်းကောင်း ဘဏ်ခွဲများဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁၀ ခု အထိ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း၊ ၂၀၁၇ ခုနှစ်တွင်  ၃ ဒသမ ၄၄ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

သတင်း- ကိုထွေး၊ ဇော်ကြီး