မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

၂၁  ဇွန်

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လဆန်းတွင် အသက်ဝင်တော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အသက်ဝင်လာပါက မြန်မာလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ရရှိတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကုမ္ပဏီတို့၏ ၉၈ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပါသည်။ ဤအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းလုပ်ကိုင်ရာ၌ ငွေကြေးအရင်းအနှီးအရ လည်းကောင်း၊ စီမံခန့်ခွဲမှုအရ လည်းကောင်း၊ နည်းပညာအရလည်းကောင်း၊ ဈေးကွက်အခွင့်အလမ်းအရ လည်းကောင်း အခက်အခဲများကို ရင်ဆိုင်ရလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ကုမ္ပဏီများက နိုင်ငံခြားကုမ္ပဏီများနှင့် စနစ်တကျတွဲဖက်လုပ် ကိုင်နိုင်ပါက အဆိုပါ အခက်အခဲများကိုကျော်လွှားရာ၌ များစွာအထောက် အပံ့ဖြစ်စေမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံရှိ ကုမ္ပဏီများအတွက် ချေးငွေအပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှု ပေးနေကြသော ဘဏ်လုပ်ငန်းများသည်ပင် အထက်၌ တင်ပြထားသည့် အခက်အခဲတို့ကို ရင်ဆိုင်ရလျက်ရှိပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရမြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းတို့သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံနိုင်တော့မည် ဖြစ်ပါသည်။ သို့သော် ဘဏ်လုပ်ငန်းတို့သည် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံရယူမည်ဆိုပါက ဗဟိုဘဏ်သို့တင်ပြရမည် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်ခံနိုင်တော့မည်ဖြစ်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဝန်ဆောင်မှုမြှင့်တင်ရေး၌ အထောက်အပံ့ကောင်းတို့ကို ဖြစ်စေမည် ဖြစ်ပါသည်။

 

ဘဏ်များအပါအဝင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတို့ကို ခွင့်ပြုလက်ခံနိုင်တော့မည် ဖြစ်သောကြောင့် တိုင်းပြည်၏ စီးပွားရေးကိုမြှင့်တင်ရာ၌ တွန်းအားကောင်းတို့ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့က တိုင်းပြည်စီးပွားရေးအား မြှင့်တင်နိုင်သည်ကို သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြည်ပ တင်ပို့မှုကို ဥပမာထားလျက် တင်ပြဆွေးနွေးလိုပါသည်။ မြန်မာနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၂၀၁၀ပြည့်နှစ်၌ အမေရိကန်ဒေါ်လာ ၅၅ သန်းသာရှိပါသည်။ သို့သော် ဤကိန်းဂဏန်းသည် ၂၀၁၆ခုနှစ်၌ အမေရိကန် ဒေါ်လာ ၁၄၁သန်းအထိ တိုးမြင့်လာခဲ့ပါသည်။ ခြောက်နှစ်ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြည်ပတင်ပို့မှု နှစ်ဆကျော် တိုးမြင့်လာခြင်းသည် အနာဂတ်ကာလ၌ တိုးချဲ့နိုင်စွမ်းရှိခြင်းကို ထင်ရှားစွာ ဖော်ပြနေပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကူအညီဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြည်ပတင်ပို့မှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ပါက တိုင်းပြည်၏ စီးပွားရေးကို မြှင့်တင်ရာ၌ အထောက်အပံ့ကောင်းတို့ကို ဖြစ်စေမည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ဘဏ်များ အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်ခံခွင့်ပြုပေးခြင်းကို ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း