မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မိတ်ဆက်တင်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၄

ပညာရေးဝန်ကြီးဌာန မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်တင်ပြခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ စီမံကိန်းတွင် တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ပညာရှင်များ၊ ပါမောက္ခများ၊ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာစာဖွံ့ဖြိုး တိုးတက်ရေး ဦးစီးကော်မတီကို ၂၀၂၃ ခုနှစ်  စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာဖြင့်  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း၊ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၃-၂၀၂၈)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စီမံကိန်း စတင်အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ကြောင်း၊ နေပြည်တော် ရုံးအမှတ် ၁၃ ပညာရေးဝန်ကြီးဌာနတွင် စီမံကိန်းရုံး ဖွင့်လှစ်လျက် နည်းပညာဆိုင်ရာ စီမံကိန်း လုပ်ငန်းများကိုစတင်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်းစီစဉ်ပေးခဲ့ကြောင်း၊ ဘာသာစကားလုပ်ငန်းများကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့ရုံးတွင် မြန်မာစာအဖွဲ့ဝင် ပညာရှင်များ ဦးဆောင်လျက် စီမံကိန်းအတွက် လိုအပ်မည့် ဘာသာစကား အချက်အလက်ပြုစုရေး လုပ်ငန်းများကို စက်တင်ဘာမှ စတင်၍ကြိုတင် ဆောင်ရွက်ခဲ့ကြောင်း။

AI နည်းပညာနှင့် မြန်မာဘာသာစကားကို ပေါင်းစပ်တည်ဆောက်နိုင်ခြင်းသည် ကိုယ်ပိုင် AI နည်းပညာတစ်ခု မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာစေမည်ဖြစ်သကဲ့သို့ မြန်မာ့ AI နည်းပညာအဆင့်အတန်း မြင့်မားစေရန်အတွက် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ AI နှင့် မြန်မာဘာသာစကားပေါင်းစပ်ထားသည့် ကွန်ပျူတာ၏ ဘာသာစကား စွမ်းဆောင်မှုနည်းပညာ(NLP)သည် အခြား AI နည်းပညာများအားလုံးနှင့် ချိတ်ဆက်ထားသည့် အရေးအကြီးဆုံး နည်းပညာတစ်ခုဖြစ်ရာ စီမံကိန်းလုပ်ငန်းများမှ ထွက်ပေါ်လာမည့် AI နည်းပညာ ရလဒ်များသည်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြု စေမည် ဖြစ်ပါကြောင်း။

စီမံကိန်းရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရေး၊ နိုင်ငံသားများ အဆင့်မြင့်နည်းပညာကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် မိမိတတ်မြောက်ထားသည့် ပညာ၊ ကျွမ်းကျင်မှုတို့ကို အခြေခံလျက် စေတနာ ထက်သန်စွာ၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က မြန်မာစာ မြန်မာစကားစနစ်များသည်လွန်စွာ ရှုပ်ထွေးနက်နဲသဖြင့် NLPနှင့် AI  နည်းပညာလုပ်ငန်း ကော်မတီသည် ဘာသာဗေဒ Linguistics လုပ်ငန်းကော်မတီနှင့် ပူးပေါင်းကာ မြန်မာစာရေးထုံးမူများကို မြန်မာစာအဖွဲ့ဝင် ပညာရှင်ကြီးများထံမှ လမ်းညွှန်မှု ခံယူကာ ရယူနိုင်သောအားသာချက်ကို အကျိုးရှိထိရောက်စွာ အသုံးချသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော် က စီမံကိန်းဆိုင်ရာများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး NLP(AI) နည်းပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဝင်းပပ က မြန်မာဘာသာ Natural Language Processing(NLP) သုတေသန စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းများ၊ စက်ဘာသာပြန်စနစ်(Machine Translation)၊ အသံမှစာသားသို့ အလိုအလျောက်ပြောင်းပေးသောစနစ်(Automatic Speech Recognition)၊ စက်မှ စာသားကို အသံထွက်ရွတ်ဖတ်ခြင်း(Text-to-Speech) ၊စာသားထဲမှလူပုဂ္ဂိုလ်၊ နေရာ၊ အဖွဲ့အစည်း တို့၏ အမည်များကိုဖော်ထုတ်ပေးခြင်းစနစ်(Name Entity Recognition -NER) ၊စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်း (Spell Checking) စနစ် စသည်တို့ပါဝင်သော စီမံကိန်း လုပ်ဆောင်မည့် နည်းလမ်းများနှင့် စီမံကိန်းကာလအတွင်း ဆောင်ရွက်သွားမည့် အချိန်ခွဲဝေမှု တို့ကိုရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဘာသာဗေဒလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေး က ဘာသာစကားပြုစုရေးအဖွဲ့နှင့် ဘာသာဗေဒနည်းပညာအဖွဲ့တို့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ မြန်မာစာအဖွဲ့ ပညာရှင်များ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ အဘိဓာန်များ၊ မြန်မာ-အင်္ဂလိပ်နှင့် အင်္ဂလိပ်-မြန်မာအဘိဓာန်များ ၊ Lexical Database စသည့်မြန်မာဘာသာစကားဆိုင်ရာ အချက်အလက်များတည်ဆောက်ခြင်း၊ ကွန်ပျူတာ ဘာသာဗေဒဆိုင်ရာသုတေသနလုပ်ငန်းများကို NLP(AI) နည်းပညာလုပ်ငန်း ကော်မတီနှင့်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်