မြန်မာစာကို မတတ်ဘဲနဲ့  မြန်မာစာနဲ့ပတ်သက်ပြီးတော့ Facebook တို့ဘာတို့မှာ အလကား လျှောက်ရေး နေကြတာတွေရှိတယ်။ မြန်မာစာကိုတန်ဖိုးမထားကြဘူး၊ အထူးသဖြင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ၁၉၈၆ ခုနှစ်ကနေ နိုင်ငံတော်က ပြဋ္ဌာန်းထားတာ အခုဆိုရင် ၃၆ နှစ် ရှိသွားပါပ

 

ရန်ကုန် နိုဝင်ဘာ ၂၀

 

မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့်နှင့် တွေ့ဆုံမေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

 

စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့်

(ဒေါက်တာထွန်းတင့်-မြန်မာစာ)

 

“ဆရာက ကျောင်းဆရာအဖြစ်နဲ့ဝင်တာ။ ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ရောက်တယ်။ အဲဒီတုန်းက မြန်မာပြည်မှာ တက္ကသိုလ်က အဲဒါတစ်ခုတည်းရှိတာ။ ဂုဏ်ထူးတန်းယူလိုက်တဲ့အခါကျတော့ ငါးနှစ်တက်ရတာပေါ့။ ၁၉၅၈ ခုနှစ်မှာ ဂုဏ်ထူးတန်းအောင်တယ်။ အောင်တဲ့ နှစ်မှာပဲ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ လက်ထောက်ကထိကအဖြစ် ခန့်အပ်ခံရတယ်။ နောက် ၁၉၅၈ ခုနှစ်မှာပဲ ပုသိမ်တက္ကသိုလ်ဖွင့်တော့ အဲဒီတက္ကသိုလ်ရဲ့ မြန်မာစာဌာနမှာ   လက်ထောက်ကထိက (ဌာနမှူး) လုပ်ရတယ်။ ပြီးတော့ ပုသိမ်ကနေ မကွေးကိုပြောင်းပြီး မကွေးကောလိပ်မှာ ငါးနှစ်လောက်ကြာတယ်။ အဲဒီနောက် မကွေးကနေ မန္တလေးကိုရောက်ပြီး အဲဒီမှာ လေးနှစ်လောက်ကြာတယ်။ ပြီးမှ ရန်ကုန်တက္ကသိုလ်ရောက်တယ်။ အဲဒီတော့ ဆရာအများဆုံးလုပ်ခဲ့တာက တက္ကသိုလ်တွေမှာပါ။ ၁၉၅၈ ကနေ ၂၀၀၀ ပြည့်နှစ်အထိ စုစုပေါင်း ၂၃ နှစ်ပေါ့။ အဲဒီလို ၂၃ နှစ်လုပ်ပြီးတော့မှ မြန်မာစာအဖွဲ့ကို အခု ၁၉၈၆ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ မြန်မာစာစာလုံးပေါင်း သတ်ပုံကျမ်းကိုလုပ်ဖို့ဆိုပြီးတော့ ဆရာ့ကို ပညာရေးဌာနက မြန်မာစာအဖွဲ့ကို ပြောင်းလိုက်တယ်။ မြန်မာစာအဖွဲ့မှာ ၁၉၈၁ ခုနှစ်ကစပြီးရောက်တယ်။ အဓိကတာဝန်က မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းကို လုပ်ရတယ်။ ၁၉၆၈ ခုနှစ်မှာ မြန်မာရေးထုံးကျမ်းဆိုပြီးတော့ မြန်မာစာအဖွဲ့ကထုတ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဆရာ မရောက်သေးပါဘူး။ ၁၉၇၈ ခုနှစ်မှာ  တစ်ကြိမ်ထုတ်ပါတယ်။ အဲဒီတုန်းကလည်း ဆရာမရောက်သေးပါဘူး။ အဲဒီ ၁၉၇၈ ခုနှစ်ကစာအုပ် စာလုံးပေါင်းသတ်ပုံကျမ်းကို ပြန်လည်တည်းဖြတ်ဖို့၊  ပြင်ဆင်ဖို့ပို့လိုက်တော့   ရန်ကုန်တက္ကသိုလ်က မြန်မာစာအဖွဲ့ကို ရောက်သွားပါတယ်။ ချုပ်ပြောရရင် စာလုံးပေါင်းသတ်ပုံကျမ်းကို လုပ်ခဲ့တဲ့ ၁၉၈၆ ခုနှစ်မှာ နိုင်ငံတော်က နိုင်ငံတော်သုံးအဖြစ် ပြဋ္ဌာန်းထားတဲ့စာအုပ်ဟာ ဆရာတို့လုပ်ခဲ့တာဖြစ်ပါတယ်။   ပြီးတော့ မြန်မာသဒ္ဒါ၊ ကျောင်းသုံးသဒ္ဒါ၊ နောက်ပြီးတော့ အဘိဓာန်တွေ၊ အခု မြန်မာစာအဖွဲ့က ထုတ်တဲ့စာအုပ်တွေမှန်သမျှအကုန်လုံး ဆရာတို့ပါဝင်ရတာပေါ့။

 

စာရေးတာနဲ့ပတ်သက်ပြီး ပြောရရင်တော့ မြန်မာစာအဖွဲ့မှာ လုပ်နေရင်း ပထမဦးဆုံး ဘာရေးခဲ့လဲဆိုတော့ မြန်မာပင့်ရစ်သတ်ပုံ ဆိုတာလေးကို ရကန်စာပေ၊ အဖွဲ့အနွဲ့နဲ့ရေးခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီရကန်အဖွဲ့အနွဲ့နဲ့ပဲ မြန်မာ့စကားနက် အဖွင့်ရကန်ဆိုတာ ရေးခဲ့ပါတယ်။ နောက်တစ်ခါ ဆောင်းပါးလေးတွေတော့ ဟိုးတုန်းက မြဝတီမှာ ရေးခဲ့ပါတယ်။ ၁၀ ပုဒ်၊ ၁၂ ပုဒ်လောက်ရှိမှာပါပဲ။   နောက်ကျတော့ သံတော်ဆင့်မှာ ဆောင်းပါးတွေရေးပါတယ်။   အဲဒီဆောင်းပါးတွေ ပျောက်ပျက်မှာစိုးလို့ စုပေါင်းပြီးတော့ စည်းနဲ့ကမ်းနဲ့မြန်မာစာဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပါတယ်။ အခု နောက်ဆုံးထုတ်တာကတော့ ကကြီး ခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည် ဆိုတဲ့စာအုပ်လေးထုတ်တယ်။ ကျန်တာကတော့ မြန်မာစာအဖွဲ့မှာလိုအပ်တဲ့ စာအုပ်လေးတွေထုတ်ခဲ့တယ်။ အဲဒီလိုနဲ့ စာပေလောကထဲမှာ ဝင်တယ်ပဲထားပါတော့။

 

ဒီတိုင်းပဲ ရေးချင်လို့ရေးခဲ့တာပါ။ စာရေးဆရာဖြစ်ချင်လို့လည်း မဟုတ်ဘူး။ မြန်မာပင့်ရစ် ခွဲထားသတ်ပုံဆိုတာ မြန်မာစာမှာရှိတဲ့ ကကြီးရပင့်နဲ့ ကကြီးရရစ်ရဲ့သဘော၊ ခခွေးရပင့် ခခွေးရရစ်ရဲ့ သဘော၊ ပစောက်ရပင့် ပစောက် ရရစ်ရဲ့သဘော စသဖြင့် အဲဒါတွေကို ဘယ်လိုမှတ်ရမယ်၊ ဘာတွေမှ မှန်တယ်ဆိုတာ ဖော်ပြထားတဲ့ သတ်ပုံကျမ်းပေါ့။ အဲဒါကို ရိုးရိုးစကားပြေနဲ့ ရေးတာမျိုးမဟုတ်ဘဲ ရကန်အဖွဲ့နဲ့ ရေးထားတာဖြစ်ပါတယ်။ အဲဒါတစ်အုပ်ထုတ်တယ်။ နောက်တစ်ခါ မြန်မာ့စကားနက်အဖွင့်ရကန် ဆိုပြီးတော့ ရကန်အဖွဲ့နဲ့ပဲ ရေးထားတာတစ်အုပ်၊ နောက်ပြီးတော့ ဆောင်းပါးတွေ ပေါင်းချုပ်နဲ့တစ်အုပ်၊ ဟိုတုန်းက မြန်မာစာအဖွဲ့ညွှန်ကြားရေးမှူးချုပ်  ဦးစံလွင်ရယ်၊  ဆရာရယ်၊ ကိုလှမောင် ဆိုတာရယ် သုံးယောက်ပေါင်းပြီးတော့ မြန်မာအသုံးများဆိုတဲ့ စာအုပ်တစ်အုပ်လည်းထုတ်ခဲ့တယ်။ ကျန်တာတော့ တိုတိုထွာထွာ စာအုပ်လေးတွေ ထုတ်တာလည်းရှိပါတယ်။

 

ဆရာက ၁၉၅၈ ခုနှစ်ကနေ တက္ကသိုလ်မှာ မြန်မာစာဆရာအဖြစ်နဲ့ ရောက်လာတယ်။ ၁၉၅၈ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်မှာ မြန်မာစာအဖွဲ့ကို ပြောင်းရတယ်။ မြန်မာစာအဖွဲ့ကိုရောက်ပြီးမှ ၁၉၉၅ ခုနှစ်မှာ သက်ပြည့်အငြိမ်းစားယူခဲ့တာပေါ့။ အဲဒီကနေ မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ်လုပ်တာ အခုချိန်ထိပါပဲ။ တကယ်တမ်းပြောရရင်  အသက် ၂၈ နှစ်သားမှာ မြန်မာစာတာဝန် စတင်ထမ်းဆောင်တယ် ဆိုပါတော့လေ။ အဲဒီကနေ အခုထိပေါ့။ မြန်မာစာတာဝန်ထမ်းဆောင်တာ သက်တမ်းအားဖြင့် ၆၆ နှစ်ရှိပါပြီ။  ဆရာ့ရဲ့သဘောထားကတော့ မြန်မာစာကို မြန်မာတိုင်း အခြေခံလေးလောက်တော့ သိဖို့လိုတယ်လို့ ထင်ပါတယ်။ မြန်မာမှာ ဗျည်းဘယ်နှလုံးရှိတယ်၊ သရဘယ်နှလုံးရှိတယ်၊ အဲဒီ ဗျည်း၊ သရ တွေကို ပေါင်းစပ်ပြီးတော့ မြန်မာစာပေရယ်လို့ ရေးသားပြုစုထားတာ လူတွေဘယ်လောက်သိကြသလဲ။ မြန်မာတွေကို မေးကြည့်ရင် အခုမြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတယ်ဆိုပါတော့၊ မေးကြည့်ရင် မြန်မာမှာ ဗျည်းဘယ်လောက်ရှိတယ်၊ သရ ဘယ်လောက်ရှိတယ်ဆိုတာ သေချာမသိကြဘူးနော်။ အဲဒါတွေက မြန်မာစာရဲ့ အဓိက အခြေခံအနှစ် သာရတွေ။ သတ်ပုံဆိုတာလည်း တကယ်ကို အနှစ်သာရပဲ။

 

အဲဒါကြောင့် ဆရာ့ရဲ့ခံယူချက်ကတော့ မြန်မာ ဗျည်း၊ သရ ဘယ်လောက်ရှိသလဲ သိရမယ်။ အဲဒီ ဗျည်း၊ သရ ကိုပေါင်းစပ်ပြီးတော့ မြန်မာစာကို ဘယ်လိုဖွဲ့ထားသလဲဆိုတာ သိရမယ်။ ဘာသာတိုင်း ဘာသာတိုင်းမှာ ဗျည်း၊ သရ ဆိုတာရှိတယ်။ သူများတွေကသိပြီး ကိုယ်ကမသိရင် မြန်မာစာနဲ့ပတ်သက်ပြီးတော့ ကိုယ်အောက်တန်းကျတာပေါ့။ ဒါကြောင့် ဆရာနောက်ဆုံးရေးခဲ့တဲ့ ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည် ဆိုတဲ့စာအုပ်လေးထုတ်ခဲ့တယ်။ မြန်မာမှန်ရင် မြန်မာစာကိုတော့ သိရမှာပေါ့ဆိုတဲ့ သဘောလေးနဲ့ မြန်မာစာကို သိစေချင်၊ တတ်စေချင်တဲ့ သဘောလေးရှိပါတယ်။ အထူးသဖြင့် မြန်မာတိုင်း ဗျည်း၊ သရ ကို သိပြီးတော့ ကျကျနန သင်ယူလေ့လာ စေချင်တဲ့ဆန္ဒရှိ ပါတယ်။

 

ဆရာက အခု အသက် ၈၉ နှစ်ရှိပြီ၊ မကြာခင် ၉၀ ပြည့်တော့မှာပါ။ အဲဒီအချိန်အခါမှာ နိုင်ငံတော်က တစ်သက်တာ စာပေဆုဆိုပြီး ပေးပါတယ်။ ဆရာက တစ်သက်တာစာပေဆုတို့ ဘာတို့ကို မျှော်လင့်ခဲ့တဲ့ သဘောလည်းမရှိပါဘူး။ အခုလို ချီးမြှင့်ပေးတော့လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ဪ…ငါတော့ ဒီစာပေဆုနဲ့ ထိုက်တန်ရဲ့လားလို့ ပြန်စဉ်းစားကြည့်တော့ ကိုယ်လုပ်ခဲ့တဲ့ စာပေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အကုန်လုံးကိုကြည့်လိုက်ရင် ဒါတွေဟာ ငါဒီဆုနဲ့ထိုက်တန်တယ်လို့တော့ ယူဆပါတယ်ဆိုတဲ့ ခံယူချက်လေးရှိပါတယ်။

 

မြန်မာစာကို မတတ်ဘဲနဲ့ မြန်မာစာနဲ့ပတ်သက်ပြီးတော့ Facebook တို့ဘာတို့မှာ အလကား လျှောက်ရေး နေကြတာတွေရှိတယ်။ မြန်မာစာ ကိုတန်ဖိုးမထားကြဘူး၊ အထူးသဖြင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံ ကျမ်းဆိုတာ ၁၉၈၆ ခုနှစ်ကနေ နိုင်ငံတော်က ပြဋ္ဌာန်းထားတာ အခုဆို ရင် ၃၆ နှစ် ရှိသွားပါပြီ။ တချို့ အဲဒီသတ်ပုံကျမ်းဆိုတာ ရှိမှန်းတောင် မသိဘူး၊ မရှိဘူးလို့ကို ထင်နေကြတာ။ မသိတာကထားလိုက်ဦး၊ လေ့လာလို့ရသေးတယ်။ စာပေကိုလုပ်နေကြတဲ့၊ စာပေကို ရေးသားနေကြတဲ့ ပုဂ္ဂိုလ်တွေတောင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို သိလည်း မသိဘူး၊ လေ့လည်း မလေ့လာဘူး။ တောင်ရေးမြောက်ရေး ရေးနေကြတာတွေ ရှိနေတယ်။ ဥပမာပြောရင် တစ်နဲ့ တ ကိစ္စ၊ နိုင်ငံတော်က ပြဋ္ဌာန်းပြီးသားလေ၊ ဘယ်နေရာမှာ တစ်ကို သုံးရမယ်၊ ဘယ်နေရာမှာတော့ တ ကိုသုံးရမယ်ဆိုတာကို၊ အဲဒါကို တချို့တွေကမှားတယ်၊ မှန်တယ်ဆိုပြီး ဝေဖန်ငြင်းခုံနေကြတယ်။ ဘာကြောင့်မှားလဲ၊ ဘာ့ကြောင့် မှန်တယ်ဆိုတာ ဂဃနဏ မသိကြဘူး။ မသိတသိနဲ့ အဲဒီလို ပုတ်ခတ်ဝေဖန် နေကြတာတွေကြောင့် မြန်မာစာပျက်စီးနိုင်တယ်။ အဲဒီလို လူတွေကိုပြောချင်တာက အမှားဆိုရင်လည်း အကျိုးသင့်အကြောင်းသင့် ပြပြီးတော့ ထောက်ပြဝေဖန်ပါလို့။ မှန်တယ်ဆိုတာကိုလည်း လက်ခံပါလို့ မှာကြားချင်ပါတယ်” ဟု စာပေပညာရှင်ဆရာကြီး ဒေါက်တာ ထွန်းတင့်က ပြောကြားသည်။

 

စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့်အား အဖ ဦးသာကြွယ်- အမိ ဒေါ်ရွှေမ တို့က ၁၉၃၅ ခုနှစ်တွင် ဂန့်ဂေါခရိုင် အနောက်ဂန့်ဂေါရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ရှစ်ယောက်အနက် ခြောက်ယောက်မြောက်ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ဂန့်ဂေါမြို့ အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး(မြန်မာစာ)ဘွဲ့ ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ လက်ထောက်ကထိကအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ပုသိမ်၊ မကွေး၊ မန္တလေး၊ မော်လမြိုင် ကောလိပ်/တက္ကသိုလ်များတွင် လက်ထောက်ကထိက၊ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ မဟာဝိဇ္ဇာ(မြန်မာစာ)ဘွဲ့ ရရှိခဲ့သည်။

 

၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်း(ပဲ့ကျင်/ပေကျင်း) တက္ကသိုလ်တွင် မြန်မာစာပို့ချခြင်း၊ မြန်မာ-တရုတ် အဘိဓာန်ပြစုခြင်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ စာတည်း၊ စာတည်းမှူး၊ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာန ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ယခုအချိန်အထိ မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

မြန်မာစာကို သိပ္ပံနည်းကျ ခြေခြေမြစ်မြစ် လေ့လာထားသူဖြစ်ပြီး မြန်မာဝေါဟာရတိုင်း ပေါင်းစည်းခြင်းဟူသော အနက်ရှိသလော ဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာပါရဂူဘွဲ့ရရှိခဲ့သည်။ ။

 

တွေ့ဆုံမေးမြန်း-လင်းရာမ

ဓာတ်ပုံ-ကိုထက်