မြန်မာအမျိုးသားလေကြောင်း ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ တိုးချဲ့ပြေးဆွဲမည်

ရန်ကုန် ၂၆ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းက ပဉ္စမမြောက် နိုင်ငံတကာ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ Embraer-190/Boeing 737-800 NG လေယာဉ်များဖြင့် မတ်လ ၂၅ ရက်မှ စတင်၍ တစ်ပတ်လျှင် နှစ်ကြိမ် တနင်္ဂနွေနေ့နှင့် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (2) မှ မတ်လ ၂၅ ရက် ဒေသ စံတော်ချိန် ညနေ  ၅ နာရီ ၅၅ မိနစ်တွင် စတင်ထွက်ခွာပြီး ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ ဖူးခက်မြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ည ၁၀ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါ ရန်ကုန်-ဖူးခက်ခရီးစဉ် (အသွား/ အပြန်) လေယာဉ် နှုန်းထားမှာ အမေရိကန်ဒေါ်လာ ၂၅၀ မှ စတင်ပြီးကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာအမျိုးသား လေကြောင်းသည် နိုင်ငံတကာ ခရီးစဉ်များအဖြစ် ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ရန်ကုန်-စင်ကာပူ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်-ဟောင်ကောင်၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်-ဘန်ကောက်၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်-ချင်းမိုင်မြို့များသို့ ပြေးဆွဲခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် နှစ်သစ် မတ် ၂၅ ရက်တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ ခရီးစဉ်သစ် ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းသည် ၁၉၄၈ ခုနှစ်မှ စတင်၍ ရပ်တည်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် နှစ်ပေါင်း ၇၀ သို့ ပြည့်မြောက်လာပြီ ဖြစ်ကြောင်း သိရှိရသည်။

 

MDN