မြန်မာအမျိုးသားဘော်လီဘောအသင်း စင်ကာပူကိုနိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘော်လီဘောပြိုင်ပွဲ အုပ်စုဒုတိယနေ့ ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ မြန်မာအမျိုးသားဘော်လီဘောအသင်းသည် စင်ကာပူအသင်းကို သုံးပွဲပြတ် အနိုင်ရပြီး အုပ်စုပွဲများ မပြီးဆုံးမီ ဆီမီး ဖိုင်နယ်သို့ တက်ရောက်သွားသည်။ မြန်မာအသင်းသည် ပထမပွဲတွင် အင်ဒိုနီးရှားအသင်းကို သုံးပွဲပြတ် အနိုင်ရထားပြီး ယခုပွဲတွင် ထပ်မံ အနိုင်ရခဲ့သောကြောင့် ပွဲကုန်နှစ်ပွဲ ကစားအပြီးတွင် နှစ်ပွဲစလုံးအနိုင် ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်း သည် ၂၅-၁၃ မှတ်၊ ၂၅-၁၄ မှတ်၊ ၂၅-၁၁ မှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် စင်ကာပူအသင်းထက် လက်စွမ်းပိုင်း သိသိသာသာ ကောင်းမွန်ခဲ့ပြီး အမှတ်ပြတ်များဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အခြားပွဲတွင် ထိုင်းအသင်းက မလေးရှားအသင်းကို သုံးပွဲပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ၂၅-၁၃ မှတ်၊ ၂၅-၁၄ မှတ်၊ ၂၅-၁၁ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပနေပြီး အုပ်စု (က) တွင် ဖိလစ်ပိုင်အသင်းက တစ်ပွဲကစား တစ်ပွဲနိုင်၊ ထိုင်းအသင်းက ပွဲကုန်နှစ်ပွဲ ကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ မလေးရှား အသင်းက တစ်ပွဲကစား၊ တစ်ပွဲရှုံး၊ အုပ်စု (ခ) တွင် မြန်မာအသင်းက ပွဲကုန်နှစ်ပွဲကစား နှစ်ပွဲနိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းက တစ်ပွဲကစား တစ်ပွဲရှုံးထားသည်။ အမျိုးသမီးပြိုင်ပွဲတွင် ထိုင်းအသင်းက စင်ကာပူအသင်းကို သုံးပွဲပြတ်အနိုင် ရခဲ့သည်။ 

 

သတင်း-ရှိုင်းထက်ဇော် 

ဓာတ်ပုံ-စိုးညွန်