မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့

၂၆ ဇူလိုင်

 


မြန်မာနိုင်ငံသည်  ရှေးဟောင်းအမွေအနှစ်များ  ပေါများကြွယ်ဝ သည့်နိုင်ငံဖြစ်၍ ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ကို ၂၀၁၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏  ပထမဆုံးကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ယခုအခါ မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားတွင် အထင်ကရတည်ရှိနေသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကိုယခုနှစ် ဇူလိုင်လ ၆ ရက်နေ့က  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာသတ်မှတ်နိုင်ခဲ့သည်။

 

ယင်းသို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့သည့်အတွက် နိုင်ငံသူနိုင်ငံသားအားလုံး ဂုဏ်ယူဝမ်းမြောက် ဖြစ်ကြရမည်ဖြစ်သည်။ ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်တွင်ကျင်းပသော ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက “မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို  ကမ္ဘာကသိရှိခွင့်ရပြီး  ကမ္ဘာတွင်  မြန်မာ၏ဂုဏ်သိက္ခာ မြင့်တက်လာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသများဖြစ်သည့်  မြောက်ဦးရှေးဟောင်းဒေသ၊  ရွှေတိဂုံစေတီတော်နှင့် ပြဒါးလင်းဂူ အစရှိသည့် ရှေးဟောင်းနေရာဒေသများကိုလည်း မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏  ယဉ်ကျေးမှုအမွေအနှစ်များသည်  ရှေးဦးကာလကတည်းက မြန်မာနိုင်ငံ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားထည်ဝါမှုကို ဖော်ညွှန်းပြသနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်ဗိသုကာလက်ရာ  အရည်အသွေးမြင့်မားသည့်  စေတီ၊  ဘုရားပုထိုး၊ ကျောင်းကန်၊  တန်ဆောင်းများ  နိုင်ငံတစ်ဝန်း  ပေါများကြွယ်ဝလှပြီး ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများနှင့် မြို့ပြနန်းတော်များမှာ သမိုင်းတင်ခဲ့သည့် နေရာဒေသများတွင် ယနေ့ထက်တိုင်တည်ရှိနေသည်။ ယင်းဒြပ်ရှိယဉ်ကျေးမှုများအပြင် တိုင်းရင်းသားလူမျိုးများ၏  ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံ၊  ဘာသာစကားနှင့်  စာပေများ စသည့်ဒြပ်မဲ့ယဉ်ကျေးမှုများ အမြောက်အမြားရှိသည်။ ယင်းတို့သည် နိုင်ငံအတွက်ဂုဏ်တက်စရာဖြစ်သလို နိုင်ငံတကာခရီးသွားများအတွက် ဆွဲဆောင်စရာ စွဲမက်စရာများဖြစ်သည်။

 

ထို့ကြောင့် ထိုရှေးအစဉ်အဆက်  ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  စီမံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊  မြို့ပြလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ စသည့်အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ယဉ်ကျေးမှုဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်သည်။

 

ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးသည် အထူးအရေးကြီးသည်။ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်နိုင်သလို နိုင်ငံသားတိုင်းက မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားချစ်မြတ်နိုးသည့်စိတ်ထားများ  ထားရှိမွေးမြူသွားရန် လိုအပ်သည်။  ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံ့ဂုဏ်မြင့်မားထည်ဝါမှုကို ထင်ဟပ်ဖော်ပြနိုင်ခဲ့သလို ယခုလက်ရှိမှ နောင်သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားနိုင်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရေးကို      အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကမ္ဘာ့အမွေအနှစ်မဝင်သေးသော ထင်ရှားကျော်ကြားသည့် ရှေးဟောင်း အမွေအနှစ်လက်ရာများ၊ မြတ်နိုးဖွယ်ရာမြန်မာ့အမွေအနှစ်များ ပိုမိုတန်ဖိုး ကြီးမား ဂုဏ်ဒြပ်ထည်ဝါစေမည့် ကမ္ဘာ့အမွေအနှစ်များစာရင်းသို့ ဝင်ရောက်စေရေးအတွက် သက်ဆိုင်ရာ တို့နှင့်အတူ ပြည်သူအားလုံးတို့က ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင် စောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း။      ။

 

ကြေးမုံ