မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်၊ မီးငြှိမ်းဖို့ကြိုးစားရင်း ထိုင်းယာဉ်မောင်းဖြစ်သူ သေဆုံး

တက်ခ် ၁၆ ဖေဖော်ဝါရီ

ဗုဒ္ဓဟူးနေ့က ပချာဘူရီပြည်နယ်က မဲဆောက်နယ်စပ်ကို ဦးတည်မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီး မောင်းနှင်နေစဉ် လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မောင်းသူ ဆမ်ရန် ဒေါင်ဆ-အာ့ဒ် ဟာ မီးငြှိမ်းသတ်ဖို့ကြိုးစားရင်း သေဆုံးခဲ့ပြီး နေရပ်ပြန်ဖို့ လိုက်ပါလာတဲ့ မြန်မာအလုပ်သမား (၅၀) ဦးကို ကယ်တင်လိုက်နိုင်ကြောင်း သိရပါတယ်။ 

နှစ်ထပ်ဘတ်စ်ကားဟာ ပေါင်ဆဝဒ် (Pongsawad) ခရီးသွားကုမ္ပဏီက ဖြစ်ပြီး တောင်အတက်အဆင်းများတဲ့ လမ်းမှာ မောင်းနှင်လာရင်း အင်ဂျင်ခန်းက မီးထလောင်ခဲ့တာဖြစ်ပါတယ်။ 

ယာဉ်မောင်းဟာ ကားထဲက ခရီးသည်တွေကို အလျှင်အမြန် ဆွဲထုတ်ခဲ့ပါတယ်လို့ လိုက်ပါလာတဲ့ ခရီးသည်တွေက မဲဆောက်ရဲတပ်ဖွဲ့ကို ပြောပါတယ်။ အသက် ၆၀ အရွယ် ယာဉ်မောင်းနဲ့ ခရီးသည်တချို့ဟာ မီးသတ်ဆေးဘူးတွေနဲ့ ရေပုံးတွေကို သုံးပြီး အင်ဂျင်ခန်းက မီးကို ငြှိမ်းဖို့ကြိုးစားခဲ့ကြတယ်လို့လဲ သိရပါတယ်။

မီးငြိမ်းခါနီးမှာ ကားကလိမ့်လာပြီး တောင်အောက်ကို လိမ့်ဆင်းသွားခဲ့ကြောင်း၊ ကားလိမ့်လာစဉ်မှာ ယာဉ်မောင်းက ကားထဲဝင်ပြီး ဘရိတ်အုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ နောက်ဆုံး တောင်အောက်လိမ့်တာကို ထိန်းနိုင်ဖို့ ဖြည်းဖြည်းချင်းမောင်းလာတဲ့ ၁၈ ဘီးကားကို ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကား ယာဉ်မောင်းသေဆုံးသွားခဲ့ပြီး အလောင်းကိုတော့ မဲဆောက်ဆေးရုံကို ပို့ထားကြောင်း ဒုတိယရဲမှူးချုပ် ဂျီရာဆပ် ဆရီသမ် က ပြောပါတယ်။ ကားဟာ မီးလောင်မှုကြောင့် ဘရိတ်စနစ် ပျက်စီးသွားပြီး ဘရိတ်အုပ်လို့ မရတော့ဘဲ တောင်အောက် လိမ့်ကျလာတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ကောက်ချက်ချထားပါတယ်။ 

၁၈ ဘီး ကားယာဉ်မောင်း Theerasin Racha က လမ်းမှာ ဘတ်စ်ကား ရပ်ထားပြီး အင်ဂျင်မီးလောင်နေတာတွေ့ခဲ့ကြောင်း၊ လူတွေဝိုင်းငြှိမ်းနေတာတွေ့တာကြောင့် ရပ်ပြီး အကူအညီမပေးခဲ့ကြောင်း၊ နောက်ပိုင်း တောင်အောက်ကို အရှိန်နဲ့လိမ့်ဆင်းလာပြီး ၁၈ ဘီးယာဉ် နောက်ပိုင်းကို ဝင်တိုက်ခဲ့တာဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးထားပါတယ်။ 

ဘာသာပြန် > မိုးမမ
ကိုးကား > ဘန်ကောက်ပို့စ်