မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ၁ ဇန်နဝါရီ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ လုံလောက်သည့် နိုင်ငံတကာအတွေ့အကြုံရစေရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်သည်။

အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီတွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင် အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းအတွက် ကျင်းပမည့် ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကျင်းပမည့်ကာလ၊ ဖိတ်ကြားမည့် အသင်းများ ဆောင်ရွက်လျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းကို ပြည်တွင်းနည်းပြများက တာဝန်ယူ ကိုင်တွယ်နေပြီး နည်းပြချုပ်အဖြစ်  ဦးကြည်လွင်က ဆက်လက်တာဝန်ယူမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းကို ဇန်နဝါရီပထမနှင့် ဒုတိယပတ်တွင် ကစားမည့် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွက် ကစားသမား ၂၀ ရွေးချယ်ထားသော်လည်း ယင်းခရီးစဉ်ပြီးဆုံးပါက ကစားသမားသစ်များ ထပ်မံရွေးချယ်ကာ ပြိုင်ပွဲသုံးခုအတွက် တောက်လျှောက် လေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ အဓိက နိုင်ငံတကာပြိုင်ပွဲ မယှဉ်ပြိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပပေးလေ့ရှိပြီး ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ယခုနှစ်တွင်လည်း ဖိတ်ခေါ်ပြိုင်ပွဲ ထပ်မံကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး အာရှနှင့် အာဆီယံလူငယ် အသင်းများကို ဖိတ်ကြားသွားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်