မြန်မာ ယူ-၂၁ အသင်း ယှဉ်ပြိုင်မည့် ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲ ဒီဇင်ဘာ ၁၂ ရက် စတင်မည်

မြန်မာ ယူ-၂၁ အသင်းယှဉ်ပြိုင်မည့် ၂၀၁၈ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၁ အသင်း၊ အိမ်ရှင်ဗီယက်နမ် ယူ-၂၁ အသင်း၊ မလေးရှား ယူ၂၁ အသင်းနှင့်တောင်ကိုရီးယားကလပ် ဂင်ဟီး ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကိုပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ နေရာရအသင်းမှာ တတိယနေရာလုပွဲယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် အိမ်ရှင်ဗီယက်နမ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဂင်ဟီးအသင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းသည် ဒီဇင်ဘာ ၁၀ ရက်က ပြိုင်ပွဲဝင်ရန် ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်သည်။ မြန်မာ ယူ-၂၁ အသင်းတွင် အုပ်ချုပ်သူဦးထွန်းထွန်းအောင်၊ နည်းပြချုပ်-ဦးကြည်လွင်၊ လက်ထောက်နည်းပြဦးကျော်လွင်၊ ဦးချစ်နိုင်၊ ဂိုးနည်းပြ-ဦးမျိုးကျော်အောင်၊ ကစားသမားများအဖြစ် ဂိုးသမား-ဘုန်းသစ္စာမင်း၊ စိုးအာကာ၊ နောက်တန်း-စိုးမိုးကျော်၊ ဇွဲထက်မင်း၊ ကျော်သက်ဦး၊ ကျော်သူထွန်း၊ ဇင်ရဲနောင်၊ အောင်ဝဏ္ဏစိုး၊ သက်ပိုင်ထွေး၊ အလယ်တန်း-အောင်နိုင်ဝင်း၊ မင်းကိုကို၊ နန်းထိုက်ဇင်၊ စိုးလွင်လွင်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ပြည့်စုံနိုင်၊ ရှေ့တန်း- ဇင်မင်းထွန်း၊ စအောင်ပြည့်ကို၊ ချမ်းငြိမ်း၊ ဝင်းနိုင်ထွန်းတို့ ပါဝင်ကြသည်။

 

ရှိုင်းထက်ဇော်