မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရ

ရန်ကုန် ၃၀ ဇန်နဝါရီ

 

၂၀၁၉ အာရှခြေစစ်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီး အသင်းသည် ယနေ့နံနက်ပိုင်းက သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက ခြောက်ဂိုး-နှစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

 

နှစ်သင်းစလုံး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၁၉ အသင်းက အသက်အရွယ်အပြင် အတွေ့အကြုံပိုင်းပါ ပိုသာသောကြောင့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းမှာမူ သြစတြေးလျခရီးစဉ်မတိုင်မီ အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် ခြေစမ်းပွဲများ ဆက်တိုက်ကစားနေခြင်းဖြစ်သည်။ 

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာပင် စန်းသော်သော်က အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။

 

ပွဲအစတွင် ယူ-၁၆ အသင်း ကစားကွက်တည်မရသေးဘဲ ၁၀ မိနစ်တွင် လင်းမြင့်မိုရ်က ယူ-၁၉ အသင်းအတွက် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။

 

၂၇ မိနစ်တွင် မြတ်နိုးခင်က ယူ-၁၆ အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းသော်လည်း ယူ-၁၉ အသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် မိနစ် ၃၀ တွင် နွယ်နီဝင်းနှင့် ၃၆ မိနစ်တွင် မိုးမိုးသန်းတို့က ဂိုးများ ထပ်မံသွင်းယူသောကြောင့် ပထမပိုင်းအပြီးတွင် ယူ-၁၉ အသင်းက လေးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။ 

 

ဒုတိယပိုင်းအစတွင် ယူ-၁၆ အသင်းက တိုက်စစ်အားမြင့်လာရာ ပိုဖိကစားနိုင်ခဲ့ပြီး ၄၆ မိနစ်တွင် ဝင်းဝင်းက ဒုတိယချေပဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ယူ-၁၉ အသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၇၄ မိနစ်တွင် မိုးမိုးသန်း၊ ၈၅ မိနစ်တွင် နွယ်နီဝင်း (ပယ်နယ်တီ) တို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် ခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်