မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၈ ဦး ရွေးချယ်

၂၃  ဒီဇင်ဘာ 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ် ဧပြီတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပဏာမကစားသမား ၂၈ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင်အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် - ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ - ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ - ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး - ထက်အိန္ဒြာလင်း၊ သရဖီ အောင်၊ ဇူးလတ်နဒီ၊ သော်သော်နိုင်၊ နောက်တန်း - အိအိ ကျော်၊ နှင်းမြသဇင်၊ ကြည်ပြာလင်း၊ လင်းမြင့်မိုရ်၊ မိုးမမစိုး၊ နန့်ဇူဇူထက်၊ နော်ထက်ထက်ဝေ၊ သဇင်အောင်၊ သဲအိမိုး၊ ဇင်ယော်ခင်၊ ဇွန်ယုယဦး၊ အလယ်တန်း - အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ မိုးမိုးသန်း၊ နန်း ဟွမ်လှိုင်၊ သန္တာဝင်း၊ ဝင်းစန္ဒာထွန်း၊ ရှေ့တန်း - အေးမြတ်ခိုင်၊ နော်အိမွေဖော၊ အိစန္ဒာဇော်၊ လင်းလဲ့ဦး၊ နွယ်နီဝင်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ ပထမအဆင့်ကို အောက်တိုဘာက ယှဉ်ပြိုင်ခဲ့ပြီး တစ်လကျော်နီးပါး လေ့ကျင့်မှုရပ်နားကာ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် လေ့ကျင့်မှုစတင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားသစ်အချို့ ပြန်လည် ပါဝင်လာသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ၂၀၁၉ အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်မြင်ရန် အချိန်ယူပြင်ဆင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီမှစ၍ ခြေစမ်းပွဲစတင်ကစားမည်ဖြစ်ပြီး ပြည်ပလေ့ကျင့်ရေး ခရီးစဉ်နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန်လည်း ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ပထမအဆင့်မှ တက်ရောက်လာသည့် တောင်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊အီရန်၊ လက်ဘနွန်၊ နီပေါအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပထမအဆင့်မှတက်လာသည့် ရှစ်သင်းကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်