မြန်မာ-တရုတ်ချစ်ကြည်ရေး ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀ ဇန်နဝါရီ

 

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက ကြီးမှူး၍ ဆရာမကြီး ဒေါ်ဇင်ခိုင် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sport ဟိုတယ်တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး Mr. Tian Shan Ting၊ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တက္ကသိုလ် အသီးသီးမှ တက်ရောက်လာသည့် ထူးချွန် ကျောင်းသား ကိုယ်စားလှယ်များအား ပညာရေးထောက်ပံ့ငွေများကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှ မောင်ဟိန်းထက်လင်းက ကျေးဇူးတင်စကားပြောကြားသည်။ 

 

ဆရာမကြီး ဒေါ်ဇင်ခိုင် ပညာရေးထောက်ပံ့ငွေမှ ၂၀၁၈ ခုနှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စသည့် တက္ကသိုလ်များမှ ထူးချွန်ပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် (၁၀၁)တစ်ဦး အတွက် ပေးအပ်ခဲ့ပြီး ယခုနှစ်အထိ ငါးနှစ်တိုင်တိုင်ရွေးချယ်ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

အသက်(၉၀)နှစ်ရှိ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျင်းပြည်နယ်တွင် မွေးဖွားပြီး မြန်မာနိုင်ငံတွင်ကြီးပြင်းကာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ အဘိဓမ္မာသင်္ဂြီုလ်(၉)ပိုင်းကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ သည်။ ၁၉၆၅ ခုနှစ်တွင် တရုတ်နိ်ုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည် နိုင်ငံခြားဘာသာဗျူရိုနှင့် ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်တို့တွင် ပါရဂူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးသူလည်းဖြစ်သည်။

 

ဆရာမကြီးသည် တရုတ်-မြန်မာ အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် နှစ်ပေါင်း(၄၀)ကျော်ကြာအထိ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ခုနှစ် မတ် ၃၀ရက်က တပည့်များ၏ အားပေးထောက်ပံ့မှုဖြင့် ဆရာမကြီး ဒေါ်ဇင်ခိုင်ရန်ပုံငွေကို ထူထောင်ခဲ့ကာ ပညာရေးအတွက် ထောက်ပံ့ပေး လျက်သည်။

 

ယခုအချိန်အထိ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် တရုတ်အမျိုးသားဆုံစည်းရေး အသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည်။

 

MDN