မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

မူဆယ်  ၁ ဇန်နဝါရီ

ဒုတိယအကြိမ် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာဖက်မှ စာရင်းပေးသွင်းယှဉ်ပြိုင်သူ ၅၉၆ ဦးရှိရာ ယမန်နှစ်ကထက် နှစ်ဆခန့်များလာကြောင်း မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ စာရင်းအရ သိရသည်။ 

 

အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ရွှေလီမြို့မှ စတင်ကာ ရွှေနန်းတော်ဂိတ် မူဆယ်ပြေးလမ်းကြောင်းအတိုင်း ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက စတင်တာလွှတ်ခဲ့ပြီး မြန်မာဖက်မှ မာရသွန်ပြိုင်ပွဲတွင် ၄၇ ဦး၊ တာလတ် မာရသွန်ပြိုင်ပွဲ တွင် ၅၉ ဦး၊ တာတို မာရသွန်ပြိုင်ပွဲတွင် ၄၉၀ ဦး စာရင်းပေးထားပြီး ပြိုင်ပွဲတစ်ခုလုံးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း ၆၉၀၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

 

မာရသွန်ပြိုင်ပွဲအတွက် ပထမဆုရရှိသူကို တရုတ်ငွေယွမ် ၂၀၀၀၀ ချီးမြှင့်ပြီး အခြားပြိုင်ပွဲများတွင် အမျိုးအစားအလိုက် ပထမရှိသူကို ယွမ် ၈၀၀၀၊ ၆၀၀၀ သတ်မှတ်ချီးမြှင့်ကာ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ချီးမြှင့်သည့် ဆွေမျိုးပေါက်ဖော်ဆုကို ကနဦး ပန်းဝင်သူ ၅၀ ဦးအား ဆုငွေယွမ် ၁၀၀ စီ ချီးမြှင့်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲအား မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားလှုပ်ရှားမှု ဦးစီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အားကစားဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူအစိုးရတို့ ပူးပေါင်းပြီး "မာရသွန်ပြိုင်ပွဲ နှစ်နိုင်ငံပြေးခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ မာရသွန်ပြိုင်ပွဲ၊ တာလတ်မာရသွန်ပြိုင်ပွဲ၊ တာတိုမာရသွန်ပြိုင်ပွဲ၊ အပျော်တမ်း အပြေးပြိုင်ပွဲ၊ မိသားစုပြိုင်ပွဲ စသဖြင့် အမျိုးအစားငါးမျိုးဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

 

အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို နှစ်နိုင်ငံ ချစ်ကြည်ဖလှယ်မှု မြှင့်တင်စေရန်နှင့် နယ်စပ်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေသည့် ရည်ရွယ်ချက်ဖြင့် အပြေးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဘဦး