မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်း

နေပြည်တော် ၁၅ ဧပြီ

 

နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံတို့သည် ထာဝရ လက်တွဲရမည့်မိတ်ဖက် နိုင်ငံများဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ထာဝရလက်တွဲရမည့် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ထာဝရ မိတ်ဖက်နိုင်ငံတို့ဟူသည် ထာဝရအကျိုးစီးပွားတို့ကို အပြန်အလှန် ဖန်တီးပေးနိုင်စွမ်းရှိရမည် ဖြစ်ပါသည်။ ပကတိအခြေအနေ၌လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ထာဝရအကျိုးစီးပွားတို့ကို အပြန်အလှန် ဖန်တီးပေးမည့်အခြေအနေကောင်းတို့ တည်ရှိနေကြပါသည်။

 

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် မဟာ့မဟာ ဧရာမ စီမံကိန်းကြီးဖြစ်သည့် တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (OBOR) ကို စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဤတစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (OBOR) ၌ တစ်စိတ်တစ်ဒေသ ပါဝင်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား ပိုမိုကောင်းမွန်သော စီးပွားရေးကွန်ရက်တစ်ခုအား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ဦးတည်လျက် တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး နယ်ပယ် ပူးပေါင်းဖလှယ်ရေး စင်မြင့်သစ် ဖန်တီးရေးလုပ်ငန်းစဉ်တို့ ဖြစ်ထွန်းပေါ်ပေါက်နေပြီ ဖြစ်ပါသည်။

 

တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (OBOR) ၏ တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်မည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်းဟု  ရည်ညွှန်းပြောဆိုကြပါသည်။ ဤ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံလမ်း စီမံကိန်း၌ မြန်မာလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်ရေးကို ဦးတည်လျက် မြန်မာ-တရုတ် စီးပွားရေး ကောင်စီကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မြန်မာ-တရုတ် စီးပွားရေးကောင်စီ (သို့မဟုတ်) မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအောင်မြင်ရေး၌ မြန်မာ နိုင်ငံ၏လူသားရင်းမြစ်ဖွံ့ ဖြိုးတိုးတက်ရေးသည်လည်း အခြေခံအကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်၂၀၁၇ ခုနှစ်အတွင်း မြန်မာအစိုးရ ဝန်ကြီးဌာနများအပါအဝင် ကဏ္ဍ အသီးသီးအတွက် ရက်တို Training  သင်တန်းစုစုပေါင်း ၁၆၈ ခု စီစဉ်ပေးခဲ့သည်သာမက Seminar သင်တန်းနှင့် Bilateral သင်တန်းတို့ကိုလည်း စီစဉ်ပေးခဲ့ပါသည်။

 

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်း စီမံကိန်း၏ ထာဝရအောင်မြင်မှုသည် ဤစီမံကိန်းက နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွားတို့ကို အပြန်အလှန် ထာဝရဖန်တီးပေးနိ်ုင်စွမ်းအပေါ် မူတည်နေပါသည်။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအနေဖြင့် သက်ဆိ်ုင်ရာ တစ်နိုင်ငံချင်းစီ၏ အားသာချက်တို့ကို နှစ်နိ်ုင်ငံစလုံး၏ အကျိုးစီးပွားအတွက် အပြန်အလှန် ဖန်တီးပေးနိုင်မှသာ ထာဝရအောင်မြင်မှုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်းစီမံကိန်း၏ ထာဝရ အောင်မြင်မှုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

 

မြန်မာ့အလင်း