မြန်မာ - ကိုရီးယား ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာ

၂၇  သြဂုတ်

အရှေ့အာရှဒေသရှိ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ခြမ်း ၁၄ ရာခိုင်နှုန်းကို ပိုင်စိုးထားသော ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)သည်အာရှဒေသ၏ စီးပွားရေးအင်အားကြီးနိုင်ငံများစာရင်းတွင် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ၁၁ ခုမြောက်နေရာကိုရယူထားသည်။

မြန်မာနှင့်တောင်ကိုရီးယားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးမှာ ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခြင်းမှာ အားရဖွယ်ရာ အနေအထားအဖြစ် ရှုမြင်ကြရသည်။

မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထူးထူးခြားခြားတိုးတက်မှုကို တွေ့မြင်ကြရပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယင်းနိုင်ငံက ဘဏ္ဍာရေးအထောက်အပံ့များဖြင့် အကူအညီပေးလျက်ရှိကာ မြန်မာကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုများကိုလည်း ပေးအပ်လျက်ရှိပေသည်။

တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်လာသည်ကို စာရေးသူ သတိမူမိသည်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ်

ပြီးခဲ့သည့် မေလအတွင်း ကိုရီးယားစက်မှုဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ကော်မရှင်တို့၏ စီစဉ်မှုဖြင့် မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီးယားအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် ၂၈၀ ကျော်အထိ တွေ့ဆုံခဲ့ကြပြီး အားပါးတရဆွေးနွေးခဲ့ကြသည်။အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း စာရေးသူလက်လှမ်းမီသော စီးပွားရေး လုပ်ငန်းဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများအရ သိရှိရသည်။တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအရေအတွက်၏ ၉၉ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ကြပြီး အလုပ်သမားအင်အား စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းမှာ SMEs ကိုကိုယ်စားပြုသည်။ ၎င်းအပြင် ပြည်ပပို့ကုန်၏ ၃၈ ရာခိုင်နှုန်းမှာ SMEs လုပ်ငန်းများနှင့် သက်ဆိုင်သည်။

ဝန်ကြီးဌာနသစ်

တောင်ကိုရီးယားနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အစပျိုးထူထောင်သော စီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာန (Ministry of SMEs and Startups) ကိုပင် ထူထောင်ထားရှိသည်။ သမ္မတ မွန်ဂျေအင်းအစိုးရသည် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အုပ်ချုပ်ရေးအဖွဲ့ ကိုအခြေခံ၍ အဆိုပါဝန်ကြီးဌာနသစ်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။သမ္မတမွန်၏ အစိုးရအဖွဲ့က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နေကြောင်း လေ့လာတွေ့ရှိရပေသည်။

စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ်သစ်သို့ ဝင်ရောက်လာချိန်၊ စီးပွားရေးလုပ်ငန်းအားလုံးတို့မှာ နည်းစနစ်သစ်များနှင့် နည်းပညာသစ်များဘက်သို့ ဦးတည်လာချိန်တွင် တောင်ကိုရီးယားအစိုးရက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုအခြေခံကာ နိုင်ငံတကာဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်ရေး၊ ထိုးဖောက်ဝင်ရောက်နိုင်ရေးတို့အတွက်ကြိုးပမ်းလျက်ရှိကြောင်း စာရေးသူ သတိမူမိပါသည်။

တောင်ကိုရီးယားနိုင်ငံသည် အစပျိုးထူထောင်သော စီးပွားရေး လုပ်ငန်းများ အရေအတွက်အရ ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာတွင် ရပ်တည်လာနိုင်ပြီဖြစ်သည်။ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို ကိုရီးယားနိုင်ငံက အထူးအလေးပေးလာသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးရာတွင်သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မြှင့်တင်နိုင်ရပေမည်။ အနာဂတ်ကာလ စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှု ရေခံမြေခံအဖြစ် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည်နည်းပညာအရ မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်သောစွမ်းပကားများ မြင့်မားလာရန် လိုအပ်ပေသည်။

ရင်းနှီးမြှုပ်နှံ

စီးပွားရေးမိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ တိုးချဲ့ရာတွင် ကိုရီးယားရင်းနှီး မြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ဧပြီလကုန် အခြေပြ စာရင်းအရ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း ၁၇၀ က မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနေပြီး အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားသည်ဟု စာရေးသူ လေ့လာမှတ်သားရသည်။

တောင်ကိုရီးယားကုမ္ပဏီများသည် ယခင်က တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ဘက်သို့ ဦးလှည့်ခဲ့ကြသည်။ သို့ရာတွင် ယခုအခါ ဖော်ပြပါလုပ်ငန်းများ၌ စီးပွားရေးလုပ်ငန်းများတိုးချဲ့နိုင်မှု အခွင့်အလမ်းများ နည်းပါးသွားပြီဖြစ်ရာ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ကဲ့သို့ အရှေ့တောင်အာရှဒေသ နိုင်ငံများဘက်သို့ ဦးလှည့်လာသည်ကို တွေ့မြင်ရလေသည်။

အင်ဒိုချိုင်းနားဒေသရှိ နိုင်ငံများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်လျက် တောင်ကိုရီးယားအစိုးရက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ မူဝါဒသစ်တစ်ရပ်ကို ချမှတ်ထားသည်။ “New Southern Policy” နှင့်အညီ တောင်ကိုရီးယားနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ကြမည့် အလားအလာကောင်းများ အထူးကောင်းမွန်နေပေသည်။ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တောင်ကိုရီးယားနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်လုပ်ကိုင်လာမည့်အခြေအနေကောင်းများ ရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားနှင့်မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးခြေလှမ်းတစ်ရပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဩဂုတ်လ ၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း စာရေးသူ မှတ်သားမိပါသည်။

နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန်ထူထောင်ရာတွင် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတို့ကို မြှင့်တင်ပေးနိုင်ပြီး လူမှု-စီးပွား ဖွံ့ဖြိုးရေးအတွက် ကြီးမားသောအထောက်အပံ့များ ဖြစ်စေနိုင်မည်ဖြစ်ပေသည်။

ဒလချစ်ကြည်ရေးတံတား

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလချစ်ကြည်ရေးတံတားတည်ဆောက်ရေး၊ KMIC စက်မှုဇုန် ထူထောင်ရေးအတွက်သာမက အခြားသောနယ်ပယ်ကဏ္ဍစုံတွင် အားတက်သရော ကူညီပံ့ပိုးပေးလျက်ရှိပေသည်

အခြေခံပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေလျက် ဝင်ငွေ အလယ်အလတ်တန်း အခြေအနေတစ်ရပ်သို့ ရောက်ရှိရန်ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းနေချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အကူအညီပေးမှုများကို မိမိတို့ လှိုက်လှဲစွာ ကြိုဆိုထိုက်ပေသည်။

ရန်ကုန်မြို့သည် အမိမြေ၏ တစ်ရာခိုင်နှုန်းမျှပင်မရှိသော အကျယ်အဝန်းပေါ်တွင် တည်ရှိသော်လည်း နိုင်ငံ့လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်၊ မြို့ပြလူဦးရေ၏ သုံးပုံတစ်ပုံခန့်နေထိုင်ရာ မြို့ကြီးဖြစ်ကာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)၏ လေးပုံတစ်ပုံခန့်အထိဖြည့်ဆည်းပေးနေရာ စီးပွားရေးမြို့တော် ရန်ကုန်ကို မြန်မာ့စီးပွားရေး၏ မောင်းနှင်အားအဖြစ် သတ်မှတ်ကာ ဆောင်ရွက်ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

ညောင်နှစ်ပင်မြေနေရာပေါ်တွင် ပေါ်ထွန်းလာမည့် စက်မှုဇုန်က မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေခံစခန်းအဖြစ် လည်းကောင်း၊ ပြည်ပပို့ကုန် အခြေစိုက်ရာနေရာအဖြစ်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရာ နေရာအဖြစ်လည်းကောင်း၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးသည့်နေရာအဖြစ် လည်းကောင်း အနာဂတ်ကာလတွင် ရပ်တည်လာပေလိမ့်မည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်KMIC က ပါဝင်ကူညီပေလိမ့်မည်။

သံတမန်ရေးဆက်ဆံမှု

၁၉၇၅ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ရေးဆက်ဆံမှု ထူထောင်ခဲ့ချိန်မှစ၍ တောင်ကိုရီးယားနိုင်ငံနှင့် မိမိတို့နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမျက်နှာစာများအားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လာနိုင်ကြသည်။ မိမိတို့နှစ်နိုင်ငံသည် နယ်ပယ်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအကြား အပြန်အလှန် အလည်အပတ်ခရီးစဉ်များရှိခဲ့ပြီး မိတ်ဆွေများအဖြစ် နွေးထွေးစွာ ရပ်တည်လာနိုင်ကြပေသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်ကုန်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် အထက်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Mr. HyunChong Kim သည် သမ္မတ မွန်ဂျေအင်း လက်ထက်မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သည့် ကုန်သွယ်ရေးဝန်ကြီး တစ်ဦးဖြစ်ခဲ့သည်။ သူ၏ခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိစက်မှုဇုန်များတွင် နည်းပညာနှင့်ကျွမ်းကျင်မှု မျှဝေပေးရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း လေ့လာသိရှိရသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများသို့ ဝင်ရောက်နိုင်သော ဂိတ်တံခါးပေါက်သဖွယ် ရပ်တည်နေပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သော အင်အားကြီးနိုင်ငံများနှင့် အိမ်နီးချင်းအဖြစ် တည်ရှိနေပေရာ မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသော အနေအထားက ကိုရီးယားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ပေလိမ့်မည်။ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့အရ မြန်မာနှင့်ကိုရီးယားတို့မှာ နီးစပ်တူညီနေကြပြီး ယဉ်ကျေးမှုစံတန်ဖိုးများအရလည်း ဆက်နွှယ်မှုရှိနေသည်။

သံယောဇဉ်နှောင်ကြိုး

၁၉၇၅ ခုနှစ် မေလတွင် သံတမန်ဆက်ဆံရေးအရ မိတ်ဖက်နိုင်ငံများ အဖြစ်သို့ စတင်တည်ဆောက်ခဲ့ကြရာ ကိုရီးယား ဘာသာစကားအရ “Jeong” ၊ မြန်မာဘာသာစကားအရ သံယောဇဉ်နှောင်ကြိုးအခိုင်အမာတည်းထားသော နိုင်ငံများအဖြစ်သို့ ရောက်ရှိလာပေသည်။တောင်ကိုရီးယားနိုင်ငံ၏ မူဝါဒသစ်ဖြစ်သော New SouthernPolicy အရ တောင်ကိုရီးယားနိုင်ငံသည် ယင်းနိုင်ငံ၏ တောင်ဘက်ပိုင်းဒေသရှိအာဆီယံနိုင်ငံများနှင့်တကွ အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်အရေးပါဆုံး မိတ်ဖက်နိုင်ငံများအဖြစ်သို့ ရောက်ရှိလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စာရေးသူ သတိမူမိပါသည်။

အဆိုပါမူဝါဒကို 3p Community ဟူ၍လည်း ခေါ်တွင်ပြီး People, Prosperity and Peace တို့ကို ရည်ညွှန်းပေသည်။တောင်ကိုရီးယားသမ္မတမွန်သည် ယခုနှစ်မတ်လအတွင်း အရှေ့တောင်အာရှ သုံးနိုင်ငံသို့ ခရီးဆန့်ခဲ့သည်။ သမ္မတမွန်သည် New Southern Policy မူဝါဒသစ်နှင့်အညီ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်နေခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်သည် တောင်ကိုရီးယားနှင့် အာဆီယံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကိုအထင်အရှားဆုံးပြသနိုင်မည့် နှစ်တစ်နှစ်ဟု ယူဆရသည်။ အကြောင်းမှာ တောင်ကိုရီးယားနှင့် အာဆီယံတို့အကြား ဆွေးနွေးဖက်နိုင်ငံများအဖြစ် ရပ်တည်မှုနှစ် (၃၀) ပြည့် နှစ်ပတ်လည်အခါသမယနှင့် တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်သည်။ အာဆီယံနိုင်ငံများနှင့်သာမက မဲခေါင်ဒေသနိုင်ငံများနှင့်ပါ ဆက်ဆံရေးမြှင့်တင်နိုင်ရန် သမ္မတမွန်၏အစိုးရက အစွမ်းကုန်ကြိုးပမ်းလျက်ရှိချိန်တွင် မြန်မာနှင့်ကိုရီးယား သမ္မတနိုင်ငံ ပြည်သူနှစ်ရပ်အကြား ကူးလူးဆက်ဆံမှုများ မြင့်မားတိုးတက်လာသည်ကိုလည်း တွေ့မြင်ကြရသည်။

တောင်ကိုရီးယားနှင့် မြန်မာပြည်သူတို့အကြား ယဉ်ကျေးမှုအရ နွေးနွေးထွေးထွေး ဆက်ဆံမှုပြယုဂ်တစ်ခုအဖြစ် တောင်ကိုရီးယားနိုင်ငံမှ K-Pop အနုပညာအကျော်အမော်များ မြန်မာနိုင်ငံသို့လာရောက်ကြသည့်အခါ မျိုးဆက်သစ် ခေတ်လူငယ်တို့က နွေးထွေးပျူငှာစွာ ကြိုဆိုကြသည်ကိုလည်း တွေ့မြင်ရပေသည်။

တောင်ကိုရီးယားနိုင်ငံသည် မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ မျှော်လင့်ချက်တစ်ရပ်ဖြစ်နေပြီး ကိုရီးယားဘာသာစကား လေ့လာသင်ယူသူ မြန်မာလူငယ်များ တိုးပွားလာနေသည်။

နှစ်နိုင်ငံ နယ်ပယ်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြင့်မားတိုးတက်လာမှု၏ အသီးအပွင့်များကို နှစ်နိုင်ငံ ပြည်သူများအားလုံးက အေးချမ်းပျော်ရွှင်စွာ မျှဝေခံစားလာနိုင်မည်ဟု စာရေးသူ မျှော်လင့်မိပါသည်။ ။

သတင်းလုလင်