မြန်မာ-စင်ကာပူ ဆရာဝန်ကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှလုံးအဆို့ရှင်လဲလှယ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

မြန်မာ-စင်ကာပူ ဆရာဝန်ကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှလုံးအဆို့ရှင်လဲလှယ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးရှိ နှလုံးရောဂါအထူးကုဌာန၌ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် နည်းပညာကုထုံးအသစ်ဖြင့် ပေါင်ခြံမှတစ်ဆင့် နှလုံးအဆို့ရှင်လဲလှယ်ကုသခြင်းလုပ်ငန်းကို လူနာငါးဦးအား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကုသခြင်းလုပ်ငန်းကို စင်ကာပူနိုင်ငံNational  University Hospital မှ နှလုံးအထူးကုဆရာဝန်ကြီး နှစ်ဦး၏နည်းပညာအကူအညီဖြင့် မ္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နှလုံးအဆို့ရှင် ၁၂ လုံးကို အမေရိကန်နိုင်ငံ Edward Life Sciences ကုမ္ပဏီမှ လှူဒါန်းမှုတို့ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် နှလုံးသွေးကြောပိတ်ရောဂါကို ဆေးသွင်းခြင်းမပြုဘဲ တိုက်ရိုက်သွေးကြောချဲ့ ပြီး ဒေါက်ထည့် ကုသသည့် ကုထုံးအသစ်ဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ယခု နှလုံးအဆို့ရှင် လဲလှယ်သည့်ကုထုံး(Transcutaneous Aortic Value Implantation)  (TAVI)သည် မြန်မာနိုင်ငံ၏ နှလုံးရောဂါဆေးကုသမှုသမိုင်းတွင် ဒုတိယအကြိမ်အဖြစ်မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုထုံးသစ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာဝန်ကြီးများက ပြောကြားခဲ့သည်။

ဒေါက်တာ သန်းသန်းကြိုင်

(မ္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးဆေးကုဌာန ပါမောက္ခဌာနမှူး)

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ မခွဲရ၊ မစိတ်ရဘဲ နှလုံးအဆို့ရှင်ကို ပေါင်ခြံကနေ ပိုက်ထည့်ပြီး လဲလှယ်ခြင်းကို ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ စတင်ဆောင်ရွက်ပါတယ်။ စင်ကာပူနိုင်ငံ အမျိုးသားအထူးကုဆေးရုံကြီးက Dr. Edger Tay, Dr. Jimmy Hun တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အရင်တုန်းက အဆို့ရှင် လဲတယ်ဆိုတဲ့နေရာမှာရင်ဘတ်ကို ခွဲစိတ်ပြီးတော့ လဲလှယ်ရခြင်းဖြစ်ပါတယ်။ အခုခေတ် ပေါ်နည်းဖြစ်တဲ့ မခွဲရဘဲ ပေါင်ခြံကနေ ပိုက်ထည့်ပြီးတော့ နှလုံးအဆို့ရှင်ကို လဲလှယ်ခြင်းဖြစ်ပါတယ်။ လူနာလည်းသက်သာပါတယ်။

မေ့ဆေးကလည်း အများကြီး ပေးစရာမလိုပါဘူး။ တချို့လူနာတွေဆိုရင် ကျွန်မတို့က ထုံဆေးလေးနဲ့တင် စကားပြောရင်းလဲလှယ်ပေးပါတယ်။ ပြီးရင် လူနာက မိသားစုနဲ့ စကားတွေလည်းပြောနိုင်တယ်။ နောက်တစ်နေ့မှာဆိုရင် ထပြီး လမ်းလျှောက်နိုင်တဲ့ အခြေအနေအထိကို ရရှိပါတယ်။ လူနာငါးဦးကို ကုသပေးဖို့အတွက် စီစဉ်ထားပါတယ်။ မနေ့ကတော့ သုံးယောက်ပြီးသွားပါပြီ။ အားလုံးအောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ လူနာရွေးချယ်မှုစနစ်က သိပ်အရေးကြီးပါတယ်။

အခု ကုထုံးက ဈေးလည်းကြီးပါတယ်၊ ခေတ်ပေါ်နည်းလည်းဖြစ်တဲ့အတွက်ကြောင့် သူတို့နိုင်ငံတွေမှာလည်း နှလုံးခွဲစိတ်ဖို့အတွက် မသင့်တော်တဲ့သူတွေကို ရွေးချယ်ရပါတယ်။ ကျွန်မတို့ကလည်း နှလုံးခွဲစိတ်ဖို့အတွက် မေ့ဆေးအကြာကြီးပေးဖို့ မသင့်တော်တဲ့သူတွေ၊ ခွဲစိတ်မှုဒဏ်ကို မခံနိုင်တဲ့သူတွေကို ကျွန်မတို့ကဦးစားပေးပြီးတော့ ရွေးချယ်ပါတယ်။ အခုချိန်မှာ အစိုးရကလည်းပံ့ပိုးတဲ့အတွက် အဆို့ရှင်လဲလှယ်တဲ့အချိန်မှာ ဘာမှသိပ်ပြီးကုန်ကျခြင်း မရှိပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ခွဲစိတ်ဖို့သင့်တော်တဲ့သူတွေဆိုရင် ခွဲစိတ်ဆရာဝန်ကြီးတွေဆီကိုပဲ ပို့ပြီးခွဲစိတ်စေပါတယ်။ အားလုံးပူးပေါင်းပြီး ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ပုံမှန်အဆို့ရှင်လဲလှယ်တဲ့ နေရာမှာ အဆို့ရှင်လဲလှယ်မယ်ဆိုရင် ခွဲစိတ်တဲ့အခါမှာ အစိုးရက ပံ့ပိုးတဲ့အတွက်ကြောင့်ဘာမှသိပ်ပြီး ကုန်ကျစရိတ်မရှိပါဘူး။ ပေါင်ရင်းကနေ မခွဲရ၊ မစိတ်ရဘဲ အဆို့ရှင်လဲမယ်ဆိုရင် ဈေးအင်မတန်မှ ကြီးပါတယ်။ သူတို့က လှူဒါန်းတဲ့အတွက်ကြောင့် ကျွန်မတို့က လုပ်နိုင်ခြင်းဖြစ်ပါတယ်။ တစ်စုံကို ဒေါ်လာလေးသောင်းကျော် ကျတယ်။ အခုအဆို့ရှင်တွေကို သူတို့က လှူတာပါ။ ကျွန်မတို့လူနာကကုန်ကျစရိတ် ကျခံခြင်း မရှိပါဘူး။

ဒါပေမယ်လို့ နည်းပညာစနစ်သစ်တွေက နေ့စဉ်နဲ့အမျှ တိုးတက်မှုတွေက ရှိနေတဲ့အတွက်ကြောင့် နောင်များမှာ ဒီထက်သက်သာတဲ့ အဆို့ရှင်လေးတွေ ပေါ်လာတယ်ဆိုရင်၊ နိုင်ငံတော်က ပံ့ပိုးမှုလည်း ရှိမယ်ဆိုရင် ဒီနည်းပညာစနစ်သစ်နဲ့ ကျွန်မတို့လူနာအများကြီးကို ကယ်တင်နိုင်မယ်လို့ ယူဆပါတယ်။ ကျွန်မအနေနဲ့ ပထမဆုံးကျေးဇူးတင်တာကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီ ဌာနပါ။ စီးပွားကူးသန်း၊ ဘဏ္ဍာ၊ အခွန်၊ မန္တလေးလေဆိပ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အလှူပစ္စည်းဆိုပေမယ့် မြန်မာပြည်ကိုတင်သွင်းတဲ့ အခါမှာ အခက်အခဲ အများကြီးရှိပါတယ်။ အဲဒီအခါ သူတို့ကနေ ဒီအလှူပစ္စည်းတွေကို ဆေးရုံကို ရောက်အောင်သူတို့တွေကဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးတဲ့အတွက်ကြောင့်ဒီပစ္စည်းတွေ ရောက်လာတာပါ။

အဲဒီပစ္စည်းတွေ ရောက်လာတဲ့အတွက်ကြောင့်လည်း ကျွန်မတို့လူနာအတွက် လုပ်ပေးနိုင်တာပါ။ ပစ္စည်းတွေလှူဒါန်းပေးတဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပညာစနစ်သစ်ကို မျှဝေပေးဖို့အတွက် အဝေးကနေ လာရောက်ပေးတဲ့ စင်ကာပူနိုင်ငံက ဆရာဝန်ကြီးနှစ်ဦးကိုလည်း အထူးကျေးဇူးတင်ပါတယ်။နည်းပညာအသစ်တွေပေါ်တိုင်း ကြိုးစားကြဖို့ လာရောက်တိုက်တွန်းအားပေးနေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေအားလုံး၊ ဆေးရုံအုပ်ကြီး၊ ဝိုင်းဝန်းကူညီပေးကြတဲ့ ဆေးရုံကြီးက ဆရာဝန်ကြီး၊ ဆရာဝန်၊ သူနာပြုတွေအားလုံး၊ လျှပ်စစ်ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒေါက်တာကျော်စိုးဝင်း

(ပါမောက္ခ နှလုံးအထူးကုဆရာဝန်ကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးရောဂါအထူးကုဌာန)

အရင်ကုထုံးက မေ့ဆေးပေးတယ်။ နံရိုးချိုးတယ်။ နှလုံးကိုရပ်လိုက်တယ်။ နှလုံးကိုခွဲပြီးတော့ မကောင်းတဲ့ အဆို့ရှင်ကိုထုတ်တယ်။ ပြီးတော့ကောင်းတဲ့ အဆို့ရှင် ပြန်ထည့်တယ်။ လူနာက မေ့ဆေးရဲ့ ဆိုးကျိုး၊ ခွဲစိတ်မှု ဆိုးကျိုးခံရနိုင်တယ်။ နှလုံးကိုရပ်ထားပြီး နှလုံးအတုစက်နဲ့ လည်ပတ်နေစဉ်ကာလအတွင်းမှာ၊ခွဲစိတ်မှုကာလအတွင်းမှာ ဆိုးကျိုးတွေ ရလာနိုင်ပြီး တစ်ခုလုံးရဲ့ Procedure တွေနဲ့လုပ်တော့ ခြောက်နာရီ ကျော်ကြာတယ်။ ဒီရောဂါအဖြစ်များတာကလည်း အသက်ကြီးတဲ့သူတွေမှာအဖြစ်များတယ်။ အဲဒီဟာကို ကုသဖို့က တချို့လူနာတွေက အသက်ကြီးသူ၊ ဝတဲ့သူ၊ ဆေးလိပ်အများကြီးသောက်လို့ အဆုတ်ပွနေသူတွေက မေ့ဆေးပေးလို့မရဘူး။ အဲဒီလို လူတွေက ပုံမှန်နည်းနဲ့ကုလို့ မရတော့ဘူး။ ဒီဝေဒနာနဲ့ အသက်ဆုံးရှုံးရတယ်။ အဓိက ဒီကုထုံးပေါ်လာတာက မေ့ဆေးပေးတဲ့ ဒဏ်မခံနိုင်တဲ့ နှလုံးရောဂါအပြင် အခြားရောဂါတွေပါ တွဲရှိနေတဲ့သူတွေအတွက် မခွဲမစိတ်ဘဲနဲ့ ကုသဖို့ ကုထုံးအသစ်တွေပေါ်လာတဲ့ နည်းပညာပါ။ လူတိုင်းက သာမန်အသေးစားတောင် မခွဲစိတ်ချင်တော့ နှလုံးခွဲစိတ်တဲ့ အကြီးစားခွဲစိတ်မှု မလုပ်ချင်ကြဘူး။ နိုင်ငံခြားမှာတော့ ဒီကုထုံးကို ပြင်သစ်နိုင်ငံက နှလုံးခွဲစိတ်ကု ဆရာဝန်ကြီးက ၂၀ဝ၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒါကို တွင်တွင်ကျယ်ကျယ် မလုပ်ခဲ့ကြဘူး။ ကြောက်ကြတယ်။ တွင်တွင်ကျယ်ကျယ်လုပ်တာက ၂၀ဝ၉ ခုနှစ်မှာ လုပ်ခဲ့ကြရာက ၂၀၁၇ ခုနှစ်မှာ လူတစ်သိန်းလောက်က မခွဲမစိတ်ဘဲနဲ့ ပေါင်ခြံကနေ နှလုံးအဆို့ရှင်လဲတဲ့ ကုထုံးနဲ့လုပ်ခဲ့ကြပါတယ်။

အာရှတိုက်မှာ ဒီကုထုံးနဲ့ တစ်သောင်းလောက်လုပ်ခဲ့ကြပြီးအများဆုံး လုပ်တာကတော့ ဂျပန်နိုင်ငံကပါ၊ ဒုတိယ အများဆုံးလုပ်တာက စင်ကာပူပေါ့၊ ဒီကုထုံးကို မြန်မာနိုင်ငံမှာလုပ်တဲ့ ရည်ရွယ်ချက်က အသက်ကြီးတဲ့သူတွေ၊ မေ့ဆေးဒဏ၊  ခွဲစိတ်မှုဒဏ် မခံနိုင်တဲ့သူတွေအတွက် စလုပ်ပေးချင်တာပါ၊ ပြဿနာကတော့ ဒီပစ္စည်းက အမေရိကန်ဒေါ်လာလေးသောင်း တန်တော့ ဈေးသိပ်ကြီးပါတယ်။ ဒီပစ္စည်းတစ်ခုတင် မြန်မာငွေကျပ်သိန်းငါးရာလောက်ပါ။ ကျန်တာက နိုင်ငံက ဝယ်ပေးထားတဲ့ ပစ္စည်းတွေ ရှိသေးတယ်။ နိုင်ငံတော်ပံ့ပိုးမှုတန်ဖိုးကိုက ငွေကျပ်သိန်း ၈၀ ဝန်းကျင်ရှိပါတယ်။ နောက်ပြီးတော့ ပစ္စည်းကိရိယာလိုတယ်။ နည်းပညာလိုတယ်။ ပုံမှန်လုပ်နေကျ နှလုံးသွေးကြောချဲ့ ဆရာဝန်တွေနဲ့ နှလုံးခွဲစိတ်ဆရာဝန်တွေ ပူးပေါင်းပြီး လုပ်ကြတယ်။ နှလုံးမေ့ဆေးဆရာဝန်ကလူနာကို မနာမကျင်အောင်လုပ်နေတဲ့ အချိန်မှာ သွေးပေါင်တက်တာ ကျတာ။ Procedure လုပ်ချိန်မှာ အနှောင့်အယှက် မဖြစ်အောင် ကူညီပေးတယ်။ အဲဒီ Team သုံးခုက တက်ညီလက်ညီ လုပ်ရတယ်။

ကျွန်တော်တို့  Team သုံးခုကလည်း အတွေ့အကြုံ မရှိခဲ့သေးဘူး။ ပထမ စင်ကာပူနိုင်ငံ နှလုံးဆရာဝန်နဲ့ နှလုံးခွဲစိတ်ဆရာဝန်နှစ်ဦးက ပထမဆုံးနည်းပညာတွေ ဆင့်ပွားသင်ပေးတယ်။ နှလုံးအဆို့ရှင်ပစ္စည်းကလည်း လိုသေးတယ်။ အမေရိကန်အခြေစိုက် Edward Life Sciences ကုမ္ပဏီက အဆို့ရှင် ၁၂ ခု လှူပါတယ်။ စလုပ်တဲ့နေ့ကလည်း ရုံးပိတ်ရက်ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ဖြစ်နေသလို ကုသမှုကလည်း တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲနဲ့ Unity လို့ပြောရမယ့် ဌာနအားလုံး ညီညီညွတ်ညွတ်လုပ်မှ အောင်မြင်တဲ့ ကုထုံးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာက စည်းလုံးညီညွတ်မှုကို ပြလိုက်တာလို့ စိတ်ထဲမှာခံစားရတယ်။ ဒီကုထုံးရဲ့ ကောင်းကျိုးက ခွဲစိတ်မှုဒဏ်မရှိဘူး။ မေ့ဆေး ဒဏ်မရှိဘူး။ ခွဲစိတ်ပြီးနောက် ထထိုင်နိုင်ပြီး စားနိုင်ပါပြီ။

အရင်ကုထုံးက ခွဲစိတ်ရင် ခုနစ်နာရီလောက်ကြာမယ်။ နှစ်ရက်လောက် အိပ်ရာထဲမှာ ရှိမယ်။ အရည်လောက်ပဲသောက်ရဦးမယ်။ လမ်းလျှောက်ဖို့က ရက်စောင့်ရဦးမယ်။ နှစ်လလောက်က နံရိုးချိုးထားတဲ့ဒဏ်ကြောင့် အလေးအပင်မ မရဆိုတာမျိုးတွေရှိမယ်။ ခုလုပ်တဲ့ ကုထုံးက ခွဲစိတ်ပြီး နှစ်ရက်လောက်ဆိုရင် လမ်းလျှောက်လို့ရပြီ။ ဆေးရုံက ဆင်းလို့ရနိုင်တဲ့အခြေအနေပါ။ သွေးမခဲဆေး သောက်စရာ မလိုတော့ဘူး။ ဆိုးကျိုးကတော့ တစ်သျှူးအဆို့ရှင်သက်တမ်းက ၁၀ နှစ်ကနေ ၁၅ နှစ် သက်တမ်းလောက်ပဲရှိတယ်။ ဒီသက်တမ်းကျော်လာရင်လူနာက အရင်ရောဂါဝေဒနာတွေ ပြန်ခံစားရနိုင်တယ်။ ဒီကုထုံးကို မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေလို လုပ်နိုင်ပြီဆိုတာ ပြသခွင့်ရလိုက်တဲ့အတွက် ဂုဏ်ယူလို့ မဆုံးဘူး။

ဒေါက်တာ Edgar Tay

(နှလုံးအထူးကု ဆရာဝန်ကြီး၊ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ဆေးရုံ)

ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုဌာနက ဆရာဝန်တွေနဲ့ နှလုံးအဆို့ရှင်ကျဉ်းတဲ့ ဝေဒနာရှင်တွေကို မခွဲမစိတ်ဘဲနဲ့ပေါင်ခြံသွေးကြောကနေတစ်ဆင့် အဆို့ရှင်တပ်ဆင်ပေးတဲ့ ကုထုံးအသစ်ကို လာပြီးလုပ်ဆောင်ဖို့ပါ။ ဒီဆေးရုံကြီး နှလုံးရောဂါကုဌာနမှာရှိတဲ့ ဆရာဝန်တွေဟာ အင်မတန်မှလည်း အတွေ့အကြုံရှိကြပြီး လူနာတွေအတွက်လည်း အလွန်ကို စေတနာထားကြပါတယ်။ မနေ့က လူနာသုံးယောက်ကို အဆို့ရှင် တပ်ဆင်တဲ့လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီကုသမှုရဲ့အောင်မြင်မှုဆိုတာ လူနာရွေးချယ်မှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီကုသမှုနဲ့ ကုသလို့အောင်မြင်နိုင်မယ့် လူနာကို စနစ်တကျနဲ့ ရွေးချယ်နိုင်ခဲ့မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်အောင်မြင်မှာ ဖြစ်ပါတယ်။ မနေ့က ကုသခဲ့တဲ့ သုံးယောက်ကိုဒီနေ့ ကျွန်တော်ဝင်ကြည့်တဲ့အခါမှာ ကျန်းမာရွှင်လန်းစွာနဲ့တွေ့ရပါတယ်။

ဦးဘိုမောင်

(နှလုံးအဆို့ရှင်လဲလှယ်သည့်လူနာ၊ မ္တလေးမြို့)

နှလုံးရောဂါခံစားနေရတဲ့အတွက် အဆို့ရှင်လာလဲရတာပါ။ ဒီဝေဒနာခံစားရတာ တစ်နှစ်ကျော်ကျော် လောက်တော့ရှိပြီ။ ဒီကိုလာပြတဲ့အခါမှာ ဒီရောဂါကုဖို့အတွက် ရင်ဘတ်ခွဲရမယ်ပြောတယ်။ ခွဲရမယ်ပြောတော့ ရင်ဘတ်မခွဲချင်ဘူး။ အသက် ၆၉ နှစ်ရှိပြီ။ ပေါင်ခြံကနေ ကုရတဲ့ ကုထုံးတော့ရှိတယ်။ မလုပ်နိုင်သေးဘူး။ လုပ်နိုင်ရင် လုပ်မလားလို့ ဒီက ဆရာဝန်ကြီးတွေက ပြောထားတယ်။ အခုလုပ်နိုင်တဲ့အတွက် အခုကျွန်တော် မခွဲမစိတ်ရဘဲ အဆို့ရှင်လဲလိုက်နိုင်တယ်။ ဒါကြောင့် အခုကောင်းကောင်းမွန်မွန်နေနိုင်ပါတယ်။ မနေ့ကပြီးသွားတဲ့အတွက် အခုဆို သက်သက်သာသာ ရှိပါတယ်။ အသက်ရှူရတာလည်း ပေါ့သွားတယ်။ ကျေးဇူးတင်တာကတော့ ပြောကိုမပြနိုင်ဘူး။ ကျွန်တော်စဖြစ်တုန်းကဆိုရင်စုပြီး ဆုပ်ဆွဲခံရသလိုဖြစ်နေတယ်။ ဒီရောဂါကို ကုသပေးတဲ့ မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ၊ အဆို့ရှင် လှူဒါန်းပေးတဲ့ ကုမ္ပဏီနဲ့ စင်ကာပူကနေလာပြီး ကုသပေးတဲ့ ဆရာဝန်ကြီးတွေရော၊ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အများကြီးကျန်းမာရေးကောင်းသွားပါပြီ။

မင်းထက်အောင်(မန်းကိုယ်ပွား)