မင်းတုန်းမြို့နယ်တွင် မော်တော်ကားအတွင်းမှ ငွေကျပ် ၁၂၅ သိန်း ခိုးယူသူနှစ်ဦးအား ဖမ်းဆီးရမိ

မင်းတုန်း ၆ ဇွန်

 

မင်းတုန်းမြို့နယ်၊ ထန်းညှောက်တင်ကျေးရွာတွင် ရပ်ထားသော HIACE ကားအတွင်းမှ ငွေကျပ် ၁၂၅ သိန်း ပျောက်ဆုံးမှု ဇွန် ၄ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အထက်မင်းလှမြို့နယ်၊ အောက်ကျင်းကျေးရွာနေ သင်းအောင်သည် HIACE ကားခဲရောင်ယာဉ်ဖြင့် လက်ဆွဲအိတ်အတွင်း ငွေကျပ် ၁၂၅ သိန်း ထည့်လျက် မောင်းနှင်လာရာ မင်းတုန်းမြို့နယ်၊ ထန်းညှောက်တင်ကျေးရွာရှိ ယောက်ဖဖြစ်သူ မင်းမင်း၏နေအိမ်သို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ကားအားလော့ချကာ ထန်းညှောက်တင်ကျေးရွာနေ မင်းမင်း၊ ကိုရဲရဲ၊ ကိုမြင့်လွင်၊ ကိုအောင်နိုင်မိုး၊ ကိုသန်းလွင်၊ ကိုသဲကိုတို့နှင့်အတူ စားသောက်ဆိုင်တစ်ခုသို့ သွားရောက်စားသောက်နေခဲ့ကြောင်း၊ အပြန်တွင် ကားမောင်းရန်ကြည့်ရှုစဉ် ပိုက်ဆံထည့်ထားသော အိတ်အား မတွေ့ရှိတော့ဘဲ ဘယ်ဘက်တံခါးမှန် ရိုက်ခွဲထားသည်ကို တွေ့ရှိရ၍ ဥပဒေအရ အရေးယူပေးပါရန် မင်းတုန်းမြို့မရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ်ဆေးချက်များအရ သန်းလွင်ဆိုသူအား မသင်္ကာသဖြင့် အသေးစိတ်စစ်မေးရာ တစ်ရွာတည်းနေ ချမ်းမြေ့အောင်အား ကားမှန်ရိုက်ခွဲပြီး ငွေများထည့်ထားသော အိတ်အား ယူဆောင်ရန် ခိုင်းစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ သန်းလွင်နှင့် ချမ်းမြေ့အောင်တို့ထံမှ ငွေကျပ် ၂၉ သိန်းအား ပြန်လည်သိမ်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူများအား ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိသော သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မင်းတုန်းမြို့မရဲစခန်းမှ သိရသည်။

 

ချင်းကလေး(မင်းတုန်း)