မင်းတုန်း မတ် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လွှာဝကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
လွှာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေ ၂၇ သန်းဖြင့် မြေနီကျောက်စရစ်လမ်းခင်းခြင်း လမ်းအရှည် ၁ မိုင် ၃ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထုခင်းခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က စတင်တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းသည် လွှာဝကျေးရွာရှိ အိမ်ခြေ ၁၂၀ အိမ်၊ လူဦးရေ ၄၇၁ ဦးတို့၏ ကျေးလက် လယ်ယာထုတ်ကုန်ဧက ၁၃၀ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ဆက်လက်ပြောပြသည်။
စိုးမိုးကျော်


