မင်းလှမြို့နယ်၌ နွေစပါး ၆၉၅၅ ဧက စိုက်ပျိုးပြီးစီး

မင်းလှ   မတ်   ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့် မုက္ခာဆည်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးစိုက်ပျိုးရန် လျာထားဧက ၆၇၈၀ ရှိရာ ယနေ့အထိ ၆၉၅၅ ဧက စိုက်ပျိုးပြီးစီးခဲ့၍ လျာထားချက်ထက် ၁၇၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

 

နွေစပါးအဖြစ် ရတနာတိုးစပါး ရက်ကိုးဆယ်စပါး၊ ဆင်းသုခစပါး၊ ချမ်းမြေ့မေစပါး၊ ရှမ်းရတနာ- စပါး၊ GW-11 စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး နွေစပါးစိုက် တောင်သူများ တစ်ဧက တင်း ၁၀၀ ကျော်အထွက်နှုန်း ရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အဆိုပါ နွေစပါးများကို ဧပြီလကုန်ခန့်တွင် စတင်ရိတ်သိမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)