မြင်းခြံ ၂၀ ဇူလိုင်


မြင်းခြံမြို့တွင် စာအုပ်ဈေးရောင်းပွဲကို ပြုလုပ်သွားမည်ဖြစ်ရာ လာရောက်ကြသည့် စာအုပ်ဝယ်ယူသူများနှင့် အတူပါလာသည့် ကလေးများ၊ ကျောင်းသား / ကျောင်းသူများအတွက် ပြိုင်ပွဲများနှင့် ပျော်ရွှင်စရာ ဂိမ်းကစားနည်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

        
မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရန်ကုန်မြို့စာအုပ်တိုက်များမှ လာရောက်ပြီး သုတ၊ ရသစာအုပ်များ၊ ပညာရေးအထောက်အကူပြု စာအုပ်များ၊ အောင်မြင်ကြီးပွား တိုးတက်ရေးအတွက် အထောက်အကူပြုမည့် စာအုပ်များ၊ စာရေးဆရာပေါင်းစုံ၏ ဝတ္ထုများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စာအုပ်ရောင်းချသူများကိုယ်စား နန်းတော်ဝင်စာပေတိုက်မှ ဦးနိုင်ဝင်းက ပြောသည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်ကလည်း စာအုပ်ဈေး ရောင်းပွဲတွင် ကျောင်းသား/ကျောင်းသူများအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပ ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆုများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။


ထို့အပြင် စာအုပ်ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူ၊ ကလေးငယ်များ ပျော်ရွှင်စွာ ဂိမ်းကစားနည်းများကို Forevery Friends လူငယ်ပရဟိတအဖွဲ့က ကူညီ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါစာအုပ်ဈေးရောင်းပွဲကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအကြိမ် စာအုပ်ဈေးပွဲရောင်းချခြင်းမှာ ဒုတိယအကြိမ် လာရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။


ဦးဇော်မင်းနိုင် (မြင်းခြံ)