မြင်းခြံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုစဉ် ကျောင်းသူတစ်ဦး မူးဝေလဲကျသဖြင့် ပြည်သူ့ဆေးရုံတွင် ပြောင်းရွှေ့ဖြေဆို

မြင်းခြံ ၈ မတ်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာအား ဖြေဆိုနေစဉ် ကျောင်းသူတစ်ဦး မူးဝေလဲကျသွားသဖြင့် မြင်းခြံပြည်သူ့ဆေးရုံ၌ ပြောင်းရွှေ့ဖြေဆိုခဲ့ရကြောင်း သိရသည်။

 

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် မြင်းခြံမြို့ အထက(၂)စာဖြေဌာန ကံ့ကော်ဆောင် အခန်းအမှတ်-၁၂ တွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုနေသော မမြတ်သန်းစိုး ခုံနံပါတ် မခ-၆၄၄  မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက်နေသူသည် စာမေးပွဲဖြေဆိုနေစဉ် မူးဝေလဲကျသွားသဖြင့် ၄င်းဖြေဆိုနေရာ မြင်းခြံမြို့ အထက(၂)စာဖြေဋ္ဌာနမှ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံ သီးသန့်ဖျားနာ အထူးကြပ်မတ်ကုသဆောင် တွင် ပြောင်းရွေ့ဖြေဆိုခဲ့ရသည်။

 

မမြတ်သန်းစိုး၏ ကျန်းမာရေးအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးသူနာပြု ဦးစီးမှူး ဒေါ်နှင်းနှင်းဝေနှင့် သူနာပြုများက အနီးကပ်ကြပ်မတ်ပေးလျက်ရှိပြီး မမြတ်သန်းစိုး၏ ဖြေဆိုမှုအား အထက(၄) အထက်တန်းပြဆရာ ဦးလှဝင်းအောင် နှင့် ဆရာမဒေါ်စိုးစိုးဆွေတို့မှ အနီးကပ် စောင့်ကြပ်လျက်ရှိကြောင်း လုံခြုံရေးအား မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နိုင်ဝင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

မမြတ်သန်းစိုးမှာ ၄င်းကိုယ်တိုင်ရေးသားဖြေဆိုခဲ့ပြီး သူမဖြေဆိုမှုအတွက် သာမန်ဖြေဆိုချိန်ထက် နာရီဝက်ပိုမိုဖြေဆိုခွင့် ပေးခဲ့ရကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)